All News Local News

ရန်ကုန်တွင် H1N1 ဝက်တုပ်ကွေးရောဂါ သံသယဖြင့် အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံး၊ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ကြေညာမည်

ရန်ကုန်တွင် H1N1 ဝက်တုပ်ကွေးရောဂါ သံသယဖြင့် အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံး၊ ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးမှုများ ဆောင်ရွက်ပြီး တရားဝင် ထုတ်ပြန်ကြေညာမည်

ရန်ကုန်၊ ဇွန် ၁၉

ရန်ကုန်တိုင်းတွင် H1N1 ခေါ် ဝက်တုပ်ကွေး Swine Flu သံသယဖြင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားပြီး ကျန်းမာရေးဝန်ကြီးဌာနက လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်နေကာ စစ်ဆေးမှု ရလဒ်များထွက်ပေါ်ပါက တရားဝင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ကျန်းမာရေးဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်ပေးပါလိမ့်မယ်။ Confirmation သိရလို့ရှိရင်လေ။ အခုက စစ်နေတုန်းပါပဲ။ အဖြေတွေအားလုံး ပြည့်စုံသွားရင် သတင်းထုတ်ပြန်ပေးပါလိမ့်မယ်။ H1N1 (ဝက်တုပ်ကွေး) နဲ့ပတ်သက်တာပါ။ ဒီရက်ပိုင်းအတွင်း ၁ ရက်၊ ၂ ရက်အတွင်း ထုတ်ပြန်ပါလိမ့်မယ်ခင်ဗျ” ဟုရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆေးရုံအုပ် ဒေါက်တာနေဝင်းထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

H1N1 ဝက်တုပ်ကွေးရောဂါ သံသယဖြင့် ကွယ်လွန်သွားသော လူနာကို နာရေးကူညီမှု အသင်းက ယနေ့ နံနက်ပိုင်းတွင် ရေဝေးသုဿာန်သို့ ပို့ဆောင် မီးသဂြိုလ်ပေးခဲ့ကြောင်း နာရေးကူညီမှုအသင်းက ထုတ်ပြန်ထားသည်။

နာရေးကူညီမှုအသင်းထံ ဆက်သွယ်မေးမြန်းရာ H1N1 တုပ်ကွေး ရောဂါ သံသယဖြင့် ကွယ်လွန်သွားသူသည် ရန်ကုန်တိုင်းမှ အသက် ၆၀ အရွယ် အမျိုးသားဖြစ်ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောဆို၍ မရကြောင်း ပြောသည်။

H1N1 သည် ကူးစက်တုပ်ကွေးဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး ရာသီတုပ်ကွေးနှင့် ဆင်တူကြောင်း၊ တုပ်ကွေး ဗိုင်းရပ်စ်အသစ်တစ်မျိုးပုံစံဖြင့် ၂၀၀၉ ခုနှစ်တွင်မှ ပေါ်ပေါက်လာခဲ့သည့် ပြင်းထန်သော တုပ်ကွေး ကူးစက်ဗိုင်းရပ်စ်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ သတင်းအချက်အလက်များအရ သိရှိရသည်။

ဓာတ်ပုံ- H1N1 ဝက်တုပ်ကွေးရောဂါ သံသယဖြင့် ကွယ်လွန်သူ အမျိုးသားကို နာရေးကူညီမှုအသင်းက ရေဝေးသုသာန်ပို့ဆောင်သဂြိုဟ်ပေးခဲ့သည်။ Photo Credit – နာရေးကူညီမှုအသင်း

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com