All News Local News

ရခိုင် မြို့နယ် ၈ ခုတွင် အင်တာနက်သုံးစွဲခွင့် ပိတ်ပင်ထားမှု ပြန်လည်သုံးစွဲ ခွင့်ပြုရန် အရေးကြီးအဆိုတင်

ရခိုင် မြို့နယ် ၈ ခုတွင် အင်တာနက်သုံးစွဲခွင့် ပိတ်ပင်ထားမှု ပြန်လည်သုံးစွဲ ခွင့်ပြုရန် အရေးကြီးအဆိုတင်

ရန်ကုန်၊ ဇွန် ၂၄

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ ခုတွင် ယာယီပိတ်လိုက်သော အင်တာနက်လိုင်းများ ကို အမြန်ဆုံးပြန်လည် သုံးစွဲခွင့်ပြုရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အရေးကြီးအဆိုတစ်ရပ်ကိုယနေ့ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့သည်။

မင်းပြားမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင် က “ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်(၈)မြို့နယ်တွင် ယာယီဖြတ်တောက်ထားသော အင်တာနက်လိုင်းများအား အမြန်ဆုံးပြန်လည်သုံးစွဲခွင့်ပြုရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရအားတိုက်ကြောင်း” ဟူ ၍ အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ အင်တာနက်လိုင်းများပိတ်လိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်ခံရမှုများကို အားပေးရာရောက်ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာဒေသများကို အင်တာနက်လိုင်းပိတ်လိုက်ခြင်းသည် ဒေသခံများကို ဒုက္ခတွင်းထဲသို့တန်းပို့လိုက်ခြင်းဖြစ်နေကြောင်း အဆိုပါတင်သွင်းသူက ပြောသည်။

အင်တာနက်လိုင်းများပိတ်လိုက်ခြင်းကြောင့် စစ်ဘေးရှောင်များအပါအဝင် ကျေးလက်နေပြည်သူများအတွက် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် အကျိုးအကြောင်းများအတွက် အလွန်စိုးရိမ်မိကြောင်းလည်း ၎င်းကဆိုခဲ့သည်။

အရေးကြီးအဆိုကို အခြားသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်သဘောထားရယူကာ ဆက်လက်ဆွေးနွေးသွားရန်ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ ခုအပါအဝင် ချင်းပြည်နယ်အတွင်းက ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်းဖြတ်တောက်ထားခြင်းဖြစ်သည်။

ယင်းသို့ဖြတ်တောက်ထားမှုနှင့်ပတ်သက်၍ အစိုးရဘက်က တစ်စုံတစ်ရာထုတ်ပြောခြင်းမရှိသေးပေ။

ရခိုင်ပြည်နယ်လွှတ်တော်တွင် အရေးပေါ်အစည်းအဝေးကိုကျင်းပနေခြင်းဖြစ်သည်။

(သတင်းတမန်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com