All News interview Peace

“ရခိုင်တပ်မတော်ဟာ ရှိကို ရှိရမယ်ဆိုတဲ့ ရခိုင်တစ်မျိုးသားလုံးရဲ့ ဆန္ဒကို မြန်မာစစ်တပ်ကနေ ငြင်းပယ်နေတဲ့ ကိစ္စကတော့ ရခိုင်ဘက်ကတော့ လုံးဝ လက်မခံနိုင်တဲ့ အနေအထား ဖြစ်တာပေါ့”

“ရခိုင်တပ်မတော်ဟာ ရှိကို ရှိရမယ်ဆိုတဲ့ ရခိုင်တစ်မျိုးသားလုံးရဲ့ ဆန္ဒကို မြန်မာစစ်တပ်ကနေ ငြင်းပယ်နေတဲ့ ကိစ္စကတော့ ရခိုင်ဘက်ကတော့ လုံးဝ လက်မခံနိုင်တဲ့ အနေအထား ဖြစ်တာပေါ့”

ရခိုင်တပ်မတော်ပြောခွင့်ရ ခိုင်သုခနှင့်ဆက်သွယ်မေးမြန်းချက်

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

တပ်မတော်က ရခိုင်တပ်မတော်ကို ရခိုင်ပြည်နယ်တွင်အခြေချခွင့်မပြုဆိုသော သတင်းစကားကို မီဒီယာများမှတစ်ဆင့် ပေးပို့ထားပြီး ယင်းကိစ္စ အပါအဝင် တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး ရခိုင်တပ်မတော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ်မှာ တပ်မတော် နဲ့ ရက္ခိုင်တပ်မတော် ( AA ) တပ်ဖွဲ့တို့ အကြား တိုက်ပွဲ အတော်ပြင်းထန်နေတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေကေို ရှင်းပြပေးပါ။

ဖြေ။ ။ ၂၀၁၉ ၊ ဇွန်လ ၂ ရက်နေ့ မင်းပြားမြို့နယ် ၊ ရွှေတမာရွာ နှင့် အောင်တိုင်ရွာ အကြား ၊ မြန်မာစစ်တပ် တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇ နှင့် ကျနော်တို့ ရက္ခိုင်တပ်မတော် ကွန်မန်ဒိုစစ်ကြောင်းတို့ နေ့လယ် ၂ နာရီကနေ ထိတွေ့ အပြင်းအထန် တိုက်ပွဲ ဖြစ်ခဲ့တာ ရှိတယ်။ အဲဒီမှာ အင်အား ၁၅၀ လောက်ပါတဲ့ ခမ၇ ၄၁၇ စစ်ကြောင်းကို နေ့လယ် ၂ နာရီကနေ စတင်ပြီး ညနေ ၆ နာရီ နီးပါး တန်ပြန်ထိုးစစ်ဆင်ခဲ့တယ်။ အဲဒီမှာ ထွက်ပြေးသွားတဲ့ ရန်သူ ခမရ စစ်ကြောင်းကို ကျနော်တို့ ကွန်မန်ဒိုတပ်တွေက လိုက်လံ ချေမှုန်းခဲ့တာတော့ ဒီ ရန်သူဘက်ကနေ ၄၀ ကျော်ကျဆုံးပြီးတော့ အဲ့ဒီမှာ MG42 တစ်လက် အပါအဝင် လက်နက်ငယ် ( ၁၀ )လက် ၊ အလောင်း (၁၀) ကျော် ၊ ရန်သူရဲ့ စစ်အသုံးအဆောင် ပစ္စည်း အချို့ကို သိမ်းဆည်းခဲ့တာ ရှိတယ်။

ကျနော်တို့ မနေ့က ဖြစ်ခဲ့တဲ့တိုက်ပွဲကို စစ်ကူပေးတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်း ၊ မြောက်ဦးဘက်ကနေ လာတဲ့ စစ်ကူလာတဲ့ စစ်ယာဉ်တန်းကို “ရှောက်ပုံကျွန်း” ၊ “ပေါင်းတုတ်ရွာ” နားက ကားလမ်းမထဲမှာပဲ ကျနော်တို့ဘက်ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲ့မှာလည်း ရန်သူဘက်က နေ ကား နှစ်စီး ထိသွားပြီး သူတို့ ကားရှေ့ဆက်မသွားနိုင်အောင် ကျနော်တို့ ကြားဝင်တိုက်ဖျက်နိုင်ခဲ့တာ ဖြစ်တယ်။

ကျနော်တို့ ရက္ခိုင်တပ်မတော်ဘက်ကနေ မနေ့က တိုက်ပွဲ ဖြစ်စဉ်တစ်လျှောက်မှာ စစ်သည်တော် ၃ ဦး ၊ တိုင်းပြည် နှင့် လူမျိုးအတွက် အသက်စွန့်သွားတာ ရှိတယ်။ နောက်ထပ် ၄ ဦးလည်း ဒဏ်ရာ ရခဲ့တာ ရှိတယ်။

မနေ့က ညမှာ မြန်မာစစ်တပ်ဘက်မှ တိုက်ပွဲဖြစ်တဲ့ နေရာကို အင်အားအလုံးအရင်းနဲ့ စစ်ကူတွေ ပို့ဆောင်နေတာ ရှိတယ်။ နောက် ရေကြောင်းကလည်း စစ်လက်နက်ပစ္စည်းတွေ စစ်သားတွေပို့ဆောင်နေတာ ရှိတယ်။ အဲ့တာကြောင့် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် တွေ ဖြစ်နေတယ်။

မေး။ ။ ရက္ခိုင်တပ်မတော် ( AA )ကို ရခိုင်ပြည်နယ် အခြေချဖို့ ခွင့်မပြုဘူးဆိုပြီး တပ်မတော်ဘက်က ပြောနေတာနဲ့ပတ်သက်လို့။

ဖြေ။ ။ ဒီဟာက လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စကို သူတို့ဘက်ကနေ အဲဒီလိုမျိုး မျက်လုံးမှိတ် ပြီး ဇွတ်အတင်း ငြင်းနေတဲ့ ဥစ္စာကတော့ ဒါ ဘယ်လိုမှ လက်ခံ နိုင်စရာ အကြောင်းမရှိသလို အကောင်းဘက်ကိုလည်း ဦးမတည်နိုင်ပါဘူး။ နောက်တစ်ခု ရှိတာက ဒီလိုမျိုး မျက်လုံးစုံမှိတ်ပြီး အရှိတရားကို လက်မခံဘဲ ငြင်းနေတဲ့ ကိစ္စကတော့ ဒါ တစ်ဖက်ကနေ မြန်မာစစ်တပ်က ငြိမ်းချမ်းရေးကို မလိုချင်ဘူး။ ငြိမ်းချမ်းရေးရအောင် စိတ်ဆန္ဒ မရှိဘူး ဆိုတဲ့ ဖော်ပြနေတယ်လို ကျနော်တို့ အဲဒီလို ပဲ သုံးသပ်တယ်။

တစ်ဖက်မှာလည်း ပြည်သူ့လူထုတွေရဲ့ ဆန္ဒ ၊ ရခိုင်ပြည်မှာ နေပြီးတော့ ရခိုင်တပ်မတော်ဟာ ရှိကို ရှိရမယ်ဆိုတဲ့ ကျနော်တို့ ရခိုင်တစ်မျိုးသားလုံးရဲ့ ဆန္ဒကို မြန်မာစစ်တပ်ကနေ ငြင်းပယ်နေတဲ့ ကိစ္စကတော့ ရခိုင်ဘက်ကတော့ လုံးဝ လက်မခံနိုင်တဲ့ အနေအထား ဖြစ်တာပေါ့။

မေး ။ ။ ဝတပ်ဖွဲ့ နှစ် ၃၀ ပြည့်အခမ်းအနားမှာ စစ်ရေးပြတာနဲ့ပတ်သက်လို့ တပ်မတော်က အစွမ်းကုန်သည်းခံနေရတယ်လို့ ပြောတဲ့အပေါ် ဘယ်လို မြင်လဲ။

ဖြေ။ ။ ဒီအရာကတော့ ဘယ်လို ပြောရမလဲ ၊ မြန်မာစစ်တပ်ကနေ ကျနော်မြင်တာက ခြိမ်းခြောက်တဲ့ ပုံစံမျိုး တွေ့ရတာပေါ့။ ဒါပေမဲ့ တစ်ဖက်မှ သေချာတာတစ်ခုကတော့ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အမြင်ပေါ့ ။ တစ်ဖက်မှ သေချာတာတော့ မြန်မာစစ်တပ် မရှိတဲ့ နေရာဟာ ငြိမ်းချမ်းတဲ့ နေရာပဲ။ ငြိမ်းလည်း ငြိမ်းချမ်းတယ်။ တိုးလည်း တိုးတက်တယ်။ ပြည်သူ့လူထုတွေလည်း စိတ်ချမ်းသာတယ်။ မြန်မာစစ်တပ် နေရာကတော့ ဘယ်နေရာမှ ငြိမ်းချမ်းတာလည်း မရှိသလို ပြည်သူလူထုတွေကလည်း ကျီးလန့်စာစား နေရတယ်ဆိုတာ မြန်မာပြည်တစ်ပြည်လုံးမှာ ရှိတဲ့ လူတွေ အကုန်သိတဲ့ ကိစ္စပဲ။

မေး။ ။ လက်ရှိ ငြိမ်းချမ်းရေးအလားအလာက ဘယ်လိုဖြစ်လာမလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီးတော့ အမြဲတမ်း အဆင်သင့် ရှိတယ်။ ဒါပေမဲ့ တစ်ဖက်မှာ မြန်မာ စစ်တပ်ဘက်ကနေ သူတို့ လိုရာကိုပဲ စွဲပြီးတော့ အဲ့လိုမျိုး ငြိမ်းချမ်းရေးပျက်စီးအောင် သူတို့ ဘက်က လုပ်ဆောင်နေတဲ့ ဥစ္စာကတော့ အကောင်းဘက်ကို ဦးမတည်ဘူးဆိုတာ ပြောလို့ရတယ်။

ငြိမ်းချမ်းရေးအလားအလာဆိုတာကတော့ မြန်မာစစ်တပ်ရဲ့ Mindset ပြောင်းလဲတယ်။ မပြောင်းလဲဘူးဆိုတာ အပေါ် အများကြီး မူတည်တယ်။ သူတို့ ကိုင်စွဲထားတဲ့ မူအတိုင်း ဆက်ပြီး ကိုင်စွဲထားမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးအလားအလာကတော့ ရှေ့ဆက်ဖို့တော့ အလားအလာ မမြင်ဘူး လို့ ပြောလိုရတဲ့ အနေအထား ရှိတာပေါ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts