All News Local News Peace

ရခိုင်စစ်ဘေးရှောင်ဒုက္ခသည် ၅ သောင်းကျော်အတွက် အမိုးအကာနှင့် ကျန်းမာရေး အကူအညီလိုအပ်နေ၊ စစ်ရှောင်ကလေးငယ်များ ကျောင်းမတက်နိုင်

ရခိုင်စစ်ဘေးရှောင်ဒုက္ခသည် ၅ သောင်းကျော်အတွက် အမိုးအကာနှင့် ကျန်းမာရေး အကူအညီလိုအပ်နေ၊ စစ်ရှောင်ကလေးငယ်များ ကျောင်းမတက်နိုင်

ရန်ကုန်၊ ဇွန် ၂၅

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း ၆၀ ကျော်တွင် ခိုလှုံနေရသည့် ဒုက္ခသည် ဦးရေ ၅ သောင်းကျော်အတွက် လုံခြုံသည့် အမိုးအကာ ၊ တဲအိမ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများ အရေးပေါ်ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်များ နှင့် ဒုက္ခသည်စခန်းများတွင် ကူညီဆောင်ရွက်နေသူများက ပြောဆိုသည်။

ရခိုင်ပြည်နယ်လွှတ်တော် ဒသမအကြိမ် ပုံမှန်အစည်းအဝေးတွင် ရခိုင်ပြည်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များအတွက် အစိုးရကနေ တရားဝင်ဒုက္ခသည်စခန်းများ တည်ဆောက်ပေးပြီး လုံခြုံသည့်အမိုးအကာ ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဖန်တီးပေးရန် အဆိုတင်သွင်းထားသော်လည်း ယနေအထိ အကောင်အထည်ဖော်လုပ်ဆောင်ခြင်း မရှိသေးကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“ ကျနော်တို့က မိုးမကျခင် မိမိနေရပ်ကို ပြန်နိုင်ဖို့ ၊ တကယ်လို့ ပြန်ဖို့ အခွင့်မသာသေးရင် တရားဝင်ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ပြီးတော့ လုံ့ခြုံတဲ့ အမိုးအကာ ၊ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရှိတဲ့ နေရပ်တစ်ခုအဖြစ် ဖန်တီးပေးဖို့ ၊ ရေစီးရေလာကောင်းအောင် သောက်ရေသုံးရေ လုံလောက်အောင် လုပ်ပေးဖို့ ကျနော်တို့ ဒသမအကြိမ် ပြည်နယ်လွှတ်တော်မှ အဆိုတစ်ခု တင်သွင်းခဲ့တယ်။ အဲ့ဒီအဆိုကို ကန့်ကွက်သူ မရှိဘဲ အတည်ပြု ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအဆိုနဲ့ ပတ်သက်ပြီး အစိုးရက အတည်ပြုတဲ့နေမှာ ပြောသွားတာ ရှိတယ်။ တစ်မြို့နယ်မှာ ဒုက္ခသည်စခန်း ၂ ခု ဖွင့်ပေးမယ်။ အဲ့တာကို တာဝန်ယူပြီး တည်ဆောက်ပေးမယ်လို့ ကတိခံသွားတာ ရှိတယ်။ ဒါပေမဲ့ ဒီနေ့အထိ အကောင်အထည်မဖော်သေးဘူး “ ဟု မြောက်ဦးမြို့နယ် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်အတွက် စစ်ရှောင်စခန်း တည်ဆောက်ရန်အတွက် အစိုးရကနေ တင်ဒါခေါ်ယူပြီး လုပ်ဆောင်ခြင်းများ ရှိနေကြာင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

“ အစိုးရဘက်ကတော့ တင်ဒါတွေတော့ ခေါ်နေပါတယ်။ လုပ်ငန်းတွေ အပ်ထားပြီ ။ လုပ်နေကြပါတယ်။ တစ်မြို့နယ်မှာ ၂ ခု လောက်ဆောက်ဖြစ်မယ်။ အခုတော့ ဆောက်နေကြပြီ ။ ပြီးတော့ မပြီးသေးဘူူး။ လုပ်ငန်းကတော့ အခုတော့ လုပ်လက်စ ပဲ ရှိသေးတယ်။ ဒါက စီမံခန့်ခွဲတဲ့အပိုင်းဖြစ်တော့ အစိုးရကနေ လုပ်ဆောင်နေတယ်။ တင်ဒါခေါ်တယ်။ တင်ဒါအောင်တဲ့သူကို လုပ်ပိုင်ခွင့်ပေးလိုက်တယ်။ သူတို့က သတ်မှတ်တဲ့အချိန်ကာလမှ လုပ်ငန်းကို ပြီးအောင်လုပ်ရမယ်။ လုပ်ငန်းပြီးရင် အဲ့နေရာမှာ ဒုက္ခသည်တွေကို ထားမယ်။ ဘယ်လို့နေရာသတ်မှတ်ထားတယ်ဆိုတာက ရခိုင်ပြည်နယ်အစိုးရက သူတို့ဘာသာလုပ်ဆောင်တာပါ။ ကျနော်တို့ကို ဘယ်နေရာမှာ လုပ်တာ ကောင်းမယ်ဆိုတာ ဆွေးနွေးခဲ့တာ မရှိဘူး” ဟု ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

စစ်ဘေးရှောင်စခန်းရှိ ကျောင်းနေရွယ်ကလေးများအတွက် နီးစပ်ရာ စာသင်ကျောင်းများတွင် ကျောင်းတက်နိုင်ရန် လည်း စာသင်ခန်း မလုံလောက်ခြင်း နှင့် စခန်းအတွင်း ယာယီကျောင်းဆောင်တွေ ဆောက်လုပ်ပေးပြီး စာသင်ကြားပေးရန် လိုအပ်နေကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“ နီးစပ်ရာကျောင်းတွေမှ တက်နိုင်တယ်ဆိုပေမဲ့ တချို့ကျောင်းတွေက စာသင်ခန်း မလုံလောက်ဘူး။ မလုံလောက်တော့ အခက်အခဲ ရှိတယ်။ ပြည်နယ်အစိုးရက လိုအပ်ရင်လိုအပ်သလို ဒုက္ခသည်စခန်းတွေမှ ယာယီကျောင်းဆောင်တွေ ဆောက်ပေးမယ်လို့ ပြောပေမဲ့ ဒီနေ့ထက် အထိ အကောင်အထည်မဖော်သေးဘူး။ မြို့နယ်တစ်မြို့နယ်မှ ဒုက္ခသည် စခန်း ၂ ခု ဖွင့်လှစ်ပေးမယ်။ ဒါတွေကို အစိုးရက တာဝန်ယူက ဆောက်လုပ်ပေးမယ်လို့ သူတို့က ပြောပေမဲ့ ယနေအထိ အကောင်အထည်ဖော် ဆောက်လုပ်တာ မတွေ့ရသေးဘူး။ ဒုက္ခသည်တွေအနေနဲ့ တော်တော်လေးအခက်အခဲ ရှိတယ်။ စားဖို့သောက်ဖို့ နေဖို့ ထိုင်ဖို့က အစ ၊ သူတို့ သားသမီးတွေရဲ့ ကျောင်းနေရေးတွေဟာ အခက်အခဲတွေ ရှိနေတယ် “ ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ၊ ပြင်လှကျေးရွာ ရှိ စစ်ဘေးရှောင်စခန်းအတွင်း အိမ်ထောင်စု ၅၅ စု ၊ ဒုက္ခသည်ဦးရေ ၄၀၀ ကျော်ခန့် ရှိနေပြီး လက်ရှိတွင် ဒုက္ခသည်များအတွက် စားဝတ်နေရေး ၊ အမိုးအကာ၊ အဝတ်အထည် ၊ ကျန်းမာရေးစောင့်ရှောက်ပေးရန် လိုအပ်နေကြောင်း စခန်းအတွင်းရှိ တာဝန်ခံတစ်ဦးက ပြောဆိုသည်။

“ အရေးပေါ်လိုအပ်တာက ယာယီတဲအိမ် ၊ စားနပ်ရိက္ခာတွေ လိုအပ်တယ်။ နောက်ပြီး ကျောင်းနေရွယ်ကလေးတွေအတွက် အခုထိ စာအုပ်တွေ မရသေးဘူး။ ကျောင်းလည်း မတက်နိုင်ဘူး။ အိမ်တဲဆောက်ဖို့အတွက် တလပတ်တွေလည်း မရှိဘူး။ အရေးကြီးတာက ကျောင်းနေရွယ် ကလေးတွေက အခုထိ စာမသင်ရသေးဘူး” ဟု ပြင်လှစစ်ဘေးရှောင်စခန်းက တာဝန်ရှိသူက ပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com