Local News political news

မဟနက တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း နှစ်ပတ်လည်ပွဲ ကျင်းပ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်က သိန်း ၃၀၀ လှူဒါန်း

ရန်ကုန်၊ ဇွန် ၁၇

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာထားသည် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း၏ နှစ်ပတ်လည် တွေ့ဆုံပွဲနှင့် သြဝါဒခံယူပွဲကို အင်းစိန်မြို့နယ်ရှိ အောင်ဆန်းတောရ ကျောင်းတိုက် တွင် ယနေ့ ကျင်းပသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၏ ၄၇ ပါး စုံညီအစည်းအဝေးက အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းသည် တရားမဝင် အဖွဲ့အစည်း ဖြစ်၍ ၄၅ ရက်အတွင်း တစ်နိုင်ငံလုံး ဆိုင်းဘုတ်များ ဖြုတ်ချရန် ညွှန်ကြားခဲ့သည်။ ယင်းညွှန်ကြားချက်ကို မလိုက်နာပါက သံဃာဆိုလျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့်လည်းကောင်း အရေးယူမည်ဖြစ်ပြီး လူပုဂ္ဂိုလ်ဆိုပါက တရားဥပဒေနှင့် အညီ အရေးယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

သို့ရာတွင် ၂၀၁၉ ခုနှစ် ဇွန်လ ၁၆ ရက်နေ့နှင့် ဇွန် ၁၇ ရက်နေ့တွင် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း၏ နှစ်ပတ်လည် တွေ့ဆုံပွဲနှင့် သြဝါခံယူပွဲ ကျင်းပခဲ့ခြင်းရာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏ ညွှန်ကြားချက်ကို မလိုက်နာသည့် သဘောသက်ရောက် ကြောင်း မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယဝံသာဘိဝံသ က မိန့်ကြားသည်။

“ဒါကတော့ ရှင်းပါတယ်။ သံဃမဟာနာယက ညွှန်ကြားချက်ကို မလိုက်နာတဲ့သဘောပါပဲ” ဟု မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင် အရိယဝံသာဘိဝံသက ဆိုသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်ကို မလိုက်နာပါက အရေးယူမည်ဆိုသော သံဃာအဖွဲ့အစည်း ဆိုင်ရာ ဥပဒေ ၂၀ / ၉၀ သည် ၁၉၉၀ ပြည့်နှစ် အောက်တိုဘာလ ၃၁ ရက်နေ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ က ဗိုလ်ချုပ်မှူးကြီးစောမောင် လက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး ပြဋ္ဌာန်းချက် ပုဒ်မ ၁၈ ခုပါဝင်သည်။

ယင်းဥပဒေအရ သံဃာဂိုဏ်း ၉ ဂိုဏ်းမှလွဲ၍ မည်သည့် အဖွဲ့ကိုမှ အသိအမှတ်မပြုဘဲ အဆိုပါဥပဒေအရ သံဃာ့ ဂိုဏ်းသစ်များ ဖွဲ့စည်းခွင့်မပြုကြောင်း၊ သံဃာနာယကအဖွဲ့၏ ကြီးကြပ်မှုမခံသည့် သံဃာ အဖွဲ့အစည်းသစ်များကိုလည်း ဖွဲ့စည်းခွင့်မပြုကြောင်း ၊ ယင်းဥပဒေကို ချိုးဖောက်ပါက အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံးထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ရန်ကုန်တိုင်းသာသနာရေးဦးစီးမှူး ဦးစိန်မောင်ကမူ ၎င်းအနေဖြင့် အခြေအနေအသေးစိတ်ကို မသိရှိ၍ မှတ်ချက် မပြုလိုကြောင်း ပြောသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကမူ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းနှင့်ပတ်သက်၍ မဟန ညွှန်ကြားလွှာ ရှိထားပြီးဖြစ်ကြောင်း၊ လက်ရှိတွင် နှစ်ပတ်လည်တွေ့ဆုံပွဲနှင့် သြဝါခံယူပွဲ ကျင်းပသည်ကို မသိရှိဟု ဆိုသည်။

“ကျနော် ဘာမှ မသိသေးဘူး။ မသိသေးတော့ ဘာသွားပြောမလဲ” ဟု ဦးအောင်ဆန်းဝင်းက ဆိုသည်။

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း နှစ်ပတ်လည်ပွဲတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် က ငွေကျပ် သိန်း ၃၀၀ လှူဒါန်းခဲ့သည့်အပြင် တပ်မတော်က ဆောက်လုပ်လှူဒါန်းထားသည့် မင်းဓမ္မကုန်ုးအနီးရှိ သီရိမင်္ဂလာ မဟာ သာသနာ့ ဗိမာန်တော်တွင် မဟာသမသုတ် ပရိတ်တော် ရွတ်ဖတ် ပူဇော်ပွဲကိုပါ တစ်ပါတည်း ကျင်းပခဲ့သည်။

“မဟနက တရားမဝင်ဘူးလို့ ကြေညာထားတာကို စစ်တပ်က သိန်း ၃၀၀ လှူတယ်ဆိုတော့ ဒါကလည်း အားပေးတာပဲလေ။ ဥပဒေမှာတော့ ဘယ်လိုရှိလဲမသိဘူး။ အားပေးတာကတော့ အသေအချာပဲ” ဟု မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်က မိန့်ကြားသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ (မဘသ)ကို တရားမဝင် အဖွဲ့အစည်းအဖြစ် ၂၀၁၇ ခုနှစ်တွင် ကြေညာပြီးနောက် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းပေါ်ပေါက်လာခြင်းဖြစ်သည်။

Photo – ယနေ့ ကျင်းပသည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း နှစ်ပတ်လည်ပွဲ ။ MPA

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts