All News Local News

မင်းပြားရှိ AA ယာယီစစ်စခန်းကို တပ်မတော်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်

မင်းပြားရှိ AA ယာယီစစ်စခန်းကို တပ်မတော်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂၁

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ် ၊ ရွှေကျင်ကျေးရွာ ၊ အရှေ့ဘက်တောင်တန်းအကြားတွင် ဇွန်လ ၂၁ ရက်နေ့ ၊ နံနက် ၉ နာရီခန့်မှစတင်၍ တပ်မတော်နှင့် ရက္ခိုင်တပ်မတော် ( AA ) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်က လေကြောင်းသုံး တိုက်ခိုက်မှုများ ရှိကြောင်း သိရှိရသည်။

“ ဒီကနေ့ ကျနော်တို့ ရွှေကျင်ကျေးရွာအနီး တောင်ကုန်းပေါ်မှာ တိုက်ပွဲဖြစ်ပွားတာ ရှိတယ်။ တိုက်ပွဲအခြေအနေက တောင်ကုန်းအပေါ်မှာ ဖြစ်တာ။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ ကြားရတယ်။ ရဟတ်ယာဉ် ၂ စီး တောင်ကုန်းပေါ်ကနေ ပစ်တာတွေ ရှိတယ်။ ကျနော်တို့ ကြားသိရတာက နှစ်ဖက်တိုက်ပွဲဖြစ်တယ်လို ယူဆရတယ်။ တိတိကျကျတော့မသိရဘူး” ဟု ရွှေကျင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းက ပြောသည်။

လတ်တလော တိုက်ခိုက်မှုများကြောင့် ဒေသခံအများစု ဗုံးခိုကျင်းမှာ ခိုလှုံပြီး ကြောက်လန့်နေ ကြကြောင်း သိရှိရသည်။

“ကျနော်တို့ ရွှေကျင်ကျေးရွာသားတွေက တိုက်ပွဲဖြစ်သံကြားတော့ ဘေးလွတ်ရာထွက်ပြေးကြတာ ရှိတယ်။ ရွာထဲကကျန်တဲ့လူတွေကလည်း ရွာထဲမှာ အိမ်အောက်က ဗုံးခိုကျင်းတွေ ပုန်းနေတာလည်း ရှိတယ်။ ဒဏ်ရာရတာတော့ မရှိပါဘူး ။ ဒီကနေတိုက်ပွဲမှတော့ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တာ ၊ ကျနော်တို့ကတော့ လုံခြုံမှု ဘာမှ မရှိဘူး ။ အပြင်လည်း မထွက်ရဲ ၊ ဘာမှ မစိုက်ပျိုးရ ၊ ရွာထဲကလူတွေကလည်း ဗုံးခိုကျင်းထဲနေနေရ ၊ အပြင်သို့ထွက်ပြေးတဲ့လူတွေကလည်း နီးစပ်ရာကျေးရွာတွေမှ ပြေးသွားတဲ့လူတွေ အများကြီး ရှိတယ် “ ဟု ရွှေကျင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းက ပြောသည်။

တပ်မတော်ဘက်ကမူ AA တပ်ဖွဲ့ ၏ ယာယီခံစစ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

“ AA ယာယီစခန်းကို တိုက်ခိုက်တာပါ ။တိုက်ပွဲဖြစ်တာ မှန်ပါတယ်။ လောလောဆယ်တော့ အခြေအနေက စီစဉ်နေတုန်းပဲ ရှိနေတယ် “ ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး AA တပ်ဖွဲ့၏ ပြောခွင့်ရသူ ခိုင်သုခကို ဖုန်းဆက်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။

လက်ရှိတွင် ရွှေကျင်ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခြင်းကြောင့် ဒေသခံကျေးရွာသားများသည် မင်းဖူး ၊ ပွဲရကံဆိပ် ၊ ပန်းမြောင်းကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ- တပ်မတော် စစ်ရဟတ်ယာဉ်တစ်စီး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com