All News Crime Peace

မင်းပြားမြို့နယ်၊ စပါးထောင်းကျေးရွာတွင် အလောင်းများနှင့် လက်နက်ကြီးကျည်များ ရှင်းလင်းရေး ကိစ္စ သက်ဆိုင်ရာ အကြောင်းမပြန်သေး

ရန်ကုန်၊ ဇွန် ၁၅

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထောင်းကျေးရွာအနီးတွင် အလောင်းများနှင့် မပေါက်ကွဲသေးဘဲ ကျန်ရှိနေသည့် လက်နက်ကြီးကျည်များ ရှင်းလင်းရေး ကိစ္စ သက်ဆိုင်ရာသို့ တင်ပြထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း မင်းပြားလူငယ်ကွန်ရက်မှ ကိုညီညီအောင်က ပြောသည်။

မကြာသေးမီက မင်းပြားမြို့နယ်၊ စပါးထောင်ကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားပြီး လက်နက်ကြီးကျည်ကျရောက်၍ ဒေသခံများ သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုအခါ တိုက်ပွဲများ ငြိမ်သက်သွား၍ ဒေသခံ ရွာသားများ မိမိတို့ အိမ်များသို့ ပြန်နေကြပြီဖြစ်သော်လည်း စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲရှိနေကြောင်း၊ ရွာအနီး ပတ်ဝန်းကျင်တွင် အလောင်းများနှင့် လက်နက်ကြီးကျည်များ ရှိနေကြောင်း ကိုညီညီအောင်က ပြောသည်။

“အလောင်းနဲ့ လက်နက်ကြီးကျည်ရှိနေတာ သတင်းစာရှင်းလင်းပွဲ ကျနော်တို့ သွားလုပ်တယ်။ စပါးထောင်ရွာနဲ့ ပေ ၃၀၀၀ လောက်အကွာမှာ အလောင်းတွေ မြုပ်ထားတဲ့ ကျင်း ၄ ခု တွေ့တယ်။ အဲဒါ လက်တွေ ထွက်၊ ဗိုက်တွေ ထွက်နေတာ တွေ့ရတယ်။ အဲဒါတွေကို သက်ဆိုင်ရာ ရှင်းပေးဖို့ တင်ပြထားတယ်။ ရွာသားတွေကလည်း သွားမရှင်းရဲဘူး။ နောက်ပြီး မပေါက်ကွဲသေးဘဲ ရှိနေတဲ့ လက်နက်ကြီးကျည်တွေလည်းရှိနေတယ်။ အဲဒါတွေကိုလည်း ရှင်းလင်းဖို့ တင်ပြထားတယ်။ အခုထက်ထိတော့ သက်ဆိုင်ရာဘက်က ဘာမှ အကြောင်းမပြန်သေးဘူး” ဟု ကိုညီညီအောင်က ဆိုသည်။

အလောင်းများမှာ မည်သူများဖြစ်သည်၊ အရေအတွက် မည်မျှရှိသည်ကို မသိရှိနိုင်သော်လည်း အလောင်းများ မြုပ်နှံထားသည့်ဘေးတွင် တပ်မတော်သား စစ်ယူနီဖောင်းတချို့ တွေ့ရှိသည်ဟုလည်း ဒေသခံ ရွာသားများ က ဆိုသည်။

ကျေးရွာသားများမှာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမည်ကို စိုးရိမ်နေသည့်အပြင် ဝမ်းစာ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် လည်း အဆင်မပြေသေးဘဲ ဒုက္ခများ ကြုံတွေ့နေရေကြောင်း ဒေသခံများ၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- မြေပေါ်တွင် တွေ့မြင်နေရသော အလောင်းများနှင့် လက်နက်ကြီးကျည်တချို့။

photo credit – မင်းပြားလူငယ်ကွန်ရက်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com