All News Local News Peace

မင်းပြားတွင် ရက်ဆက်၍ တိုက်ပွဲဖြစ်နေ၊ အကျအဆုံးအထိခိုက်များရှိ

မင်းပြားတွင် ရက်ဆက်၍ တိုက်ပွဲဖြစ်နေ၊ အကျအဆုံးအထိခိုက်များရှိ

ရန်ကုန်၊ ဇွန် ၁၈

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ၊ ရွှေကျင်ကျေးရွာအနီးတွင် ယနေ့ နံနက် ၈ နာရီခန့်တွင် တပ်မတော်နှင့် ရက္ခိုင်တပ်မတော် ( AA ) တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရက်ဆက်၍ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ ပစ်ခတ်သံတွေက မနက် ၉ နာရီကတည်း ကြားရတာ။ ကျေးရွာသားတွေက အနီးအနား ဗုံးခုံကျင်း ၊ တခြားနီးစပ်ရာကျေးရွာတွေမှ ခိုလှုံနေကြတယ်။ အခု အချိန်အထိ အမြောက်သံတွေတော့ တစ်ချက်ချက် ကြားရတယ် “ ဟု ရွှေကျင်ကျေးရွာသား ဒေသံတစ်ဦးက ပြောသည်။

ဇွန်လ ၁၆ ရက်နေ့ကလည်း ဒိုင်းသားကျေးရွာအနီးတွင် မြန်မာတပ်မတော်နှင့် ရက္ခိုင်တပ်မတော် ( AA ) တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ကျေးရွာသားများ အနီးအနားကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဒိုင်းသားကျေးရွာ နှင့် နှစ်ဖာလုံ ခန့်အကွာတွင် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် မင်းပြားမြို့နယ် ၊ ဒိုင်းသား ၊ ရွှေကျင် ၊ ခွဆုံကျေးရွာတွေက ရွာသားများ ကြောက်လန့်ပြီး အနီးအနားကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း ၊ စာသင်ကျောင်းများတွင် ခိုလှုံနေရကြောင်း ၊လက်နက်ကျည်ကျ ပေါက်ကွဲမှုများ ရှိပြီး ထိခိုက်မှု မရှိကြောင်း ရွှေကျင်ကျေးရွာက ဒေသခံတစ်ဦးက ပြောဆိုသည်။

“ အနီးအနားရွာတွေမှ ကျနော်တို့ ရွှေကျင် ၊ ဒိုင်းသား ၊ ခွဆုံ ကျေးရွာထဲက လူတွေက ထွက်ပြေးတာ ရှိတယ်။ အနီးအနားက ရွာတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်။ ငါးတာ ၊ ဖိုးဆင်တောင် ၊ ပန်းမြောင်း ဘက်မှ တိမ်းရှောင်နေကြတယ်။ အခုချိန် လုံခြံမှုကတော့ အနီးအနား တစ်ဝိုက်မှာ စစ်တပ်ကဝိုင်းထားတယ်။ ကျနော်တို့ ရွှေကျင်ကျေးရွာက ကျေးရွာနေ လူတွေက ဘယ်မှ မသွားရဲဘူး။ မိမိကျေးရွာထဲမှာ ဖြစ်သလို နေထိုင်ကြတယ်။ ရွာမှ လူနည်းနည်းတော့ ရှိတယ်။

” ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ အိမ်ခေါင်မိုးတွေ ကျည်ကျတယ်။ လမ်းတွေ ကျည်ကျတယ်။ ရွာတိုင်းမှတော့ ထိခိုက်မှုတော့ နည်းနည်းရှိတယ်။ ဒါပေမယ့် လူတွေက ဒဏ်ရာရတာတော့ ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ် ဒိုင်းသားကျေးရွာအနီး နှစ်ဖာလုံခန့်အကွာတွင် AA တပ်ဖွဲ့ လျက်တပြတ်ဝင်ရောက်ပြီး ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်ဘက်က အထိအခိုက် အကျအဆုံးများနိုင်ကြောင်း ရက္ခိုင်တပ်မတော် ( AA ) ပြောခွင့်ရသူ ခိုင်သုခက ပြောသည်။

“ ဇွန်လ ၁၆ ရက်နေ့ ၊ မနက် ၈ နာရီ ၅၀ မိနစ်လောက်မှ မင်းပြားမြို့နယ် ၊ ဒိုင်းဘားရွာ အနောက်ဘက်စူးစူး က လယ်ကွင်းထဲမှာ တိုက်ပွဲဖြစ်တာ ရှိတယ်။ အဲဒီမှာ မြန်မာစစ်တပ်ဘက်ကနေ လူ ၁၃၀ လောက်ပါတဲ့ စစ်ကြောင်း ၊ ကျနော်တို့ ရခိုင်တပ်မတော်ကို ချေမှုန်းရေး လုပ်မယ်ဆိုပြီး တက်လာတဲ့လူတွေ ၊ အဲဒီစစ်ကြောင်းကို ကျနော်တို့ရခိုင်တပ်မတော်က လျှက်တပြတ် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲ့ဒီနေရာမှ နာရီဝက်လောက် ပြင်းပြင်းထန်းထန်း တိုက်ပွဲဖြစ်ခဲ့ တာရှိတယ်။ ရန်သူဘက်ကနေ ၁၀ ဦး ၊ ၁၂ ဦး ကျဆုံးပြီး နောက်ထပ် ၁၀ ယောက်ကျော်လောက် ဒဏ်ရာရသွားတာတွေ ရှိတယ်။ တိုက်ပွဲဖြစ်နေတာကို စစ်ကူလိုက်လာတဲ့ နောက်ထပ် စစ်ကြောင်းတစ်ကြောင်း အင်အား ၁၈၀ ကျော်လောက်ပါတဲ့ စစ်တပ်ရဲ့ စစ်ကြောင်း တစ်ကြောင်းကို မလှမ်းမကမ်းနေရာတစ်ခုမှာ ကျနော်တို့ဘက်က ကြားဖြတ်ဟန့်တား တိုက်ဖျက်ခဲ့တာ ရှိတယ်။ အဲဒီမှာ ရန်သူဘက်ကနေ နော်ကထပ် ၅ ယောက်ကျဆုံးပြီးတော့ အများအပြားဒဏ်ရာရသွားတာ ရှိတယ်။ အဲ့ဒီနေရာကနေ တပ်ဆုတ်သွားပြီးတော့ လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်တယ်။ မနေ့က ညနေပိုင်း ညပိုင်းအထိ သူတို့ ကျန်ခဲ့တဲ့ အလောင်းတွေ ကောက်နေတယ်လို့ သိရတယ် “ ဟု AA တပ်မတော် ပြောခွင့်ရသူ ခိုင်သုက ပြောသည်။

တပ်မတော်ဘက်က အခြေအနေနှင့် ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရ သူ ၊ ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းထံ ဆက်သွယ်မေးမြန်းရာ အကျအဆုံးမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“ မနေ့က ကျနော်တို့ မြောက်ဦးအရှေ့ဘက်ခြမ်း ဖြစ်တာ ရှိတယ်။ အဲဒီဘက်ခြမ်းနားမှာ မနက်ပိုင်းထိတွေ့ တိုက်ပွဲဖြစ်ပွားတာ ရှိတယ်။ ကျနော်တို့ကဆီကတော့ ကျဆုံးမှုမရှိဘူး။ AA ဘက်ကတော့ လက်နက်အနည်းငယ် သိမ်းဆည်းရမှုတော့ ရှိတယ် “ ဟု တပ်မတော်ပြောခွင့်ရသူ ၊ ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးသင့် လူဦးရေ ၄ သောင်းကျော်ရှိနေပြီဖြစ်ကြောင်း အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၏ စာရင်းအရ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts