All News Local News Peace

ဘူးသီးတောင်မြို့နယ်တွင် တပ်ပြေးတစ်ဦးက အရပ်သားတစ်ဦးအားပစ်သတ်

ဘူးသီးတောင်မြို့နယ်တွင် တပ်ပြေးတစ်ဦးက အရပ်သားတစ်ဦးအားပစ်သတ်

ရန်ကုန်၊ဇွန် ၂၄

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းရှိ ခထီးလှကျေးရွာတွင် တပ်မတော်က ထွက်ပြေးလာသည့် တပ်ပြေးတစ်ဦး၏ ပစ်ခတ်မှု ဖြစ်ပွားကြောင်း ရွာသား တစ်ဦးသေဆုံးခဲ့ကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC)က သိရသည်။

အဆိုပါ ဖြစ်စဉ်သည် REC ၏ ဘူးသီတောင်းမြို့နယ်အတွင်းက မြေပြင်အခြေပြု စောင့်ကြည့်ရေး အဖွဲ့ဝင်များ၏ သတင်းပေးပို့ချက်အရ သိရခြင်းဖြစ်သည်ဟု REC၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကဆိုသည်။

ယင်းပစ်ခတ်မှုဖြစ်စဉ်မှာ ဇွန်လ (၂၃) ရက်နေ့ ညနေပိုင်းတွင် တပ်ပြေးတစ်ဦးက ဘူးသီးတောင်မြို့နယ် ခထီးလှကျေးရွာရှိ မိသားစုဈေးဆိုင်သို့ ရောက်ရှိလာပြီး ငွေကြေးတောင်းခံရာမှ အချင်းများကာ ဦးသာစံအောင်အား သေနတ်ဖြင့် ပစ်ခတ်ပြီး ငွေ(၇) သိန်း ယူဆောင်သွားခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ဦးသာစံအောင်သည် ညာဘက်ရင်အုံတွင် ကျည်ဆံဖောက်ဝင်ကာ နေရာတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်း ရွာသားများကပြောဆိုသည်ဟု RECကသိရသည်။

“တပ်ပြေးတွေကြောင့် ဒေသခံတွေထိခိုက်တာရှိပြီး တပ်မတော်ကို အထင်လွဲမှားတာတွေလည်းရှိတော့ ခဏခဏ ကြုံနေရတော့ တပ်မတော်အနေနဲ့ သေချာကိုင်တွယ်ဖြေရှင်းသင့်တယ်” ဟု ကိုဇော်ဇော်ထွန်းကဆိုသည်။

ထိုသို့ လူသတ်မှုဖြစ်စဉ်ဖြစ်ပွား ပြီးနောက် တပ်ပြေးဆိုသူက လက်နက်၊ ယူနီဖောင်းတို့ကို ဆိုင်အနီးထားခဲ့ကာ ထွက်ပြေးသွားကြောင်း ရွာသားများကပြောဆိုသည်ဟု RECကသိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသူကို ယနေ့ ဇွန်လ (၂၄) နေ့လည်တွင် သြင်္ဂိုလ်ကြောင်း သိရှိရသည်။

Photo Credit – Narinjara

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts