interview political news

“ဘာသာရေးကို NLD က နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးမချဘူး”

“ဘာသာရေးကို NLD က နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးမချဘူး”

By သာလွန်ဇောင်းထက်/ ရန်ကုန်ခေတ်သစ်

NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်နှင့်တွေ့ဆုံခြင်း

လက်ရှိ နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်ကို တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ နေပြည်တော်မှာ CEC အစည်းအဝေးလုပ်ပြီးတဲ့ အချိန်ကစပြီးတော့ နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မယ်လို့ ဆရာကိုယ်တိုင် မီဒီယာတွေကိုပြောခဲ့တာရှိပါတယ်။ အဲ့တော့ အခုကရွေးကောက်ပွဲဝင်ဖို့အတွက် စပြီးတော့ပြင်ဆင်ပြီလားဆရာ။

ဖြေ ။ ။ ဒါကတော့ မီဒီယာရဲ့မေးခွန်းကို ကျွန်တော်ဖြေတာပဲဖြစ်ပါတယ်။ နိုင်ငံတော်သမ္မနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ ရွေးကောက်ပွဲဝင်မလား၊ ဝင်ပါမယ်လို့ဖြေပါတယ်။ အဓိကဘာလဲဆိုတော့ ကျွန်တော်တို့အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌ ၁ ဟာ အစီစဉ်အတိုင်းကတော့ ဝင်ဖို့ရှိပါတယ်။ ဒါကိုကျွန်တော်တို့ဖြေလိုက်တာပါ ဒီအခါမှာ ရွေးကောက်ပွဲဝင်မယ့်အကြောင်းသတင်းထုတ်ပြန်ပါဆိုတဲ့ ညွှန်ကြားချက်မျိုးအရ ကျွန်တော်တို့ ပြောတာမဟုတ်ပါဘူး။ မေးခွန်းတစ်ခုကို ဖြစ်ရိုးဖြစ်စဉ်ကိစ္စကို လုပ်ရိုးလုပ်စဉ်ကိစ္စကို ကျွန်တော်တို့ပြောတာပဲဖြစ်ပါတယ်။

မေး။ ။ သမ္မတနဲ့အတိုင်ပင်ခံ ရွေးကောက်ပွဲဝင်ဖို့ ရှိတဲ့အကြောင်းအရင်းကဘာကြောင့်လဲဆရာ။

ဖြေ။ ။ ဒါကတော့ ကျွန်တော်တို့ လုပ်ရိုးလုပ်စဉ်လို့ ကျွန်တော်ပြောခဲ့ပါပြီ။ အစဉ်အဆက်ကလည်းဝင်ခဲ့တယ်။ ဒါကိုပုံမှန်အားဖြင့်ကတော့ လုပ်ရိုးလုပ်စဉ်အရတော့ ဝင်ဖို့ရှိတယ်လို့ပြောတာပါ။ အခုအခြေအနေပြောင်းတဲ့အတွက် သူတို့မှာလည်း ပုဂ္ဂလိကဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ နီးတဲ့အခါမှာ အဖွဲ့ချုပ်အတွက် သူတို့ရဲ့ ပုဂ္ဂလိကဆုံးဖြတ်ချက်အရ ဒါသူတို့ကြိုက်တာဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။

မေး။ ။ ဆိုလိုတာက ပါတီစည်းလုံးရေးတွေကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့အတွက်ဝင်တယ်ဆိုတဲ့ အခြားဘက်ကဝေဖန်မှုတွေကလဲရှိပါတယ်။ အဲ့ဒီရည်ရွယ်ချက်များလား။

ဖြေ။ ။ ဒါကတော့ သူတို့မှ သိနိုင်မှာပဲ ကျွန်တော်ကလုပ်ရိုးလုပ်စဉ်ကိုပြောတာပဲဆိုတော့လေ အသေးစိတ်ကြတော့ ကျွန်တော်တို့ပြောလို့မရပါဘူး။

မေး။ ။ပြည်သူ့ပါတီနဲ့ NLD ပါတီ တွေ့ဆုံမှု ဘာထူးလဲ။

ဖြေ။ ။ ကျွန်တော်တို့က ဒီမိုကရေစီကို ယုံကြည်တဲ့ပါတီအားလုံးနဲ့ ကျွန်တော်တို့ကတွေ့ဆုံဖို့ နဂိုထဲကအစီစဉ်ရှိပါတယ်။ အရင်ကလဲ ကချင်ဒီမိုကရက်တစ်ပါတီနဲ့လဲတွေ့ဆုံခဲ့ဖူးတယ် ၊ ဦမြအေးတို့အဖွဲ့နဲ့လဲတွေ့ဆုံခဲ့တာတွေရှိပါတယ်။ အဲ့လိုတွေ့ဆုံဖို့ပြောလာပြီဆိုရင် အားလုံးကိုကျွန်တော်တို့က လက်ခံတွေ့ဆုံတယ်။ သူ့သဘောထားကိုယ့်သဘောထား မေးတာမြန်းတာတွေရှိပါတယ်။ သို့သော် အများသိနေကြသလို မဟာမိတ်သဘောမျိုးဆိုတာကတော့ မဟာမိတ်လုပ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အခြေခံ ယူဆချက် သဘောထား တွေပါ အသေးစိတ်ပြန်ပြီးတော့ ဆွေးနွေးရပါဦးမယ်။ ဘယ်ကိုသွားမယ် ဘာကိုယုံကြည်တယ် ဒါကို ဆုံးဖြတ်ပြီးတဲ့အခါကြမှ ကျွန်တော်တို့ မဟာမိတ်ဆိုတာလုပ်လို့ရပါမယ်။ အဲ့တော့ အခုကတော့ မဟာမိတ်ပုံစံမဟုတ်ပါဘူး ဒီမိုကရေစီပါတီ အချင်းချင်းရင်းနှီးတဲ့ဆက်ဆံရေး ထူထောင်တာပဲဖြစ်ပါတယ်။

မေး။ ။ ဆိုတော့ဘာဆုံးဖြတ်ချက်မှ မချခဲ့ဘူး ရိုးရိုးတွေ့ဆုံမှုတစ်ခုပဲလို့ပြောလို့ရတာပေါ့နော်။

ဖြေ။ ။ ဟုတ်ကဲ့ ဦးမင်းဇေယျာပြောသလို ဒါဟာပဏာမ မိတ်ဆက်တွေ့ဆုံခြင်းပဲဖြစ်ပါတယ်။

မေး။ ။ ငြိမ်းချမ်းရေး အလားအလာ ဘယ်လိုသုံးသပ်လို့ရလဲ။

ဖြေ။ ။ အခု ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးခင်းကလဲ နည်းနည်းလေး အရှိန်အဟုန်မြင့်လာတယ်။ ဒီလိုအချိန်မှာ ကျွန်တော်တို့ အင်မတန်ငွေကုန်ကြေးကျများတဲ့ ငြိမ်းချမ်းရေးညီလာခံတွေဟာ အကျိုးအမြတ်ဘယ်လောက်ရှိနိုင်မလဲအပေါ်မှုတည်ပြီးတော့ သူတို့အစီစဉ်အတိုင်းမလုပ်ဘဲနဲ့ ရွေ့ဆိုင်းတာပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးက ကျွန်တော်တို့မျှော်လင့်သလောက်တော့တိုးတက်မှုမရှိဘူး။

မေး။ ။ တပ်မတော်ရဲ့ မူ ၆ ချက်ကြောင့် တပ်မတော်သဘောထားတင်းမာလို့ ငြိမ်းချမ်းရေးဟာ အဟန့်အတားဖြစ်နေတယ်လို့ပြောနေတာတွေရှိတယ်။ ဒါကို အန်ကယ်တို့ ပါတီအနေနဲ့ကြတော့ရော ဘယ်လိုရှုမြင်လဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ တိုင်းရင်းသားတွေနဲ့ ဖြစ်တဲ့ပွဲ ဒီလက်နက်ကိုင်တိုက်ပွဲတွေရှိမယ် ၊ အဲ့ဒီမှာ ပြည်ထောင်စုမပြိုကွဲရေး တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒါတွေပေါ်မှာအခြေခံမယ်ဆိုရင်တော့ ညှိုနှိုင်းဆွေးနွေးမှု အပေးအယူလုပ်မှုနဲ့ပဲသွားတာကို ကျွန်တော်တို့မူကတော့ ဒါပဲရှိပါတယ်။ သို့သော်ဒီပြောဆိုနေတဲ့ အချက်တွေမှာ ထဲထဲဝင်ဝင် သူတို့ချင်းပြောခဲ့တာတွေကို ကျွန်တော်တို့ မသိရပါဘူး။ အဲ့နေရာမှာတော့ ဘယ်သူ့ဘက်ကမှရပ်ပြီး မပြောလိုပါဘူး ကျွန်တော်တို့ကတော့ ဖြစ်နိုင်သလောက် တိုင်းရင်းသားချင်းဖြစ်တဲ့အတွက် အားလုံးလက်ခံနိုင်မယ့်မူကို ရရှိအောင် ညှိုနှိုင်းဆွေးနွေးစေချင်တာကတော့ ကျွန်တော်တို့ ပါတီရဲ့မူပဲဖြစ်ပါတယ်။

မေး။ ။ ၂၀၂၀ အတွက် အခုချိန်မှာ ပါတီကစပြီးတော့ ပြင်နေတာတွေရှိပြီလား။

ဖြေ။ ။ ၂၀၂၀ အတွက်ပြင်တယ်ဆိုရာမှာ ကျွန်တော်တို့က အောင်နိုင်ရေးဆိုပြီးပြင်တာထက် ကိုယ့်တပ်ကိုကိုယ် လုံအောင် စည်းရိုးကာတဲ့သဘောမျိုးတော့ရှိပါလိမ့်မယ်။ ကျွန်တော်တို့အဖွဲ့ထဲမှာ ရာထူးယူထားပြီး အလုပ်မလုပ်တဲ့သူတွေရှိတယ် ပါတီနဲ့ကင်းကွာသွားတဲ့လူတွေရှိတယ် ဒီလိုလူတွေကို တကယ်အလုပ်လုပ်မယ့်လူတွေနဲ့ပြင်ဆင်ပြီးဖွဲ့တာပါ။ နောက်ပြီးအဓိကကျွန်တော်တို့ဖြစ်စေချင်တာကတော့ ကျွန်တော်တို့ပါတီအတွက်တောင်မဟုတ်ဘူး နိုင်ငံသားအားလုံးမှတ်ပုံတင်ရရှိရေး သန်ခေါင်စာရင်းရရှိရေး ဒီနောက်မှတဆင့်မဲပေးပိုင်ခွင့်ရှိသူနေရာမှာပါဝင်ရေး ဒီဟာသည် ကျွန်တော်တို့ ဘယ်ပါတီဝင်ပဲဖြစ်ဖြစ် နိုင်ငံသားမှန်သမျှဒီအခွင့်အရေး ရဖို့ဆိုပြီးတော့ ကျွန်တော်တို့ရည်ရွယ်ပြီးလုပ်နေပါတယ်။ အဲ့ဒါဟာအောင်နိုင်ရေးလို့လဲပြောလို့မရသလို ပါတီစည်းရုံးရေးသက်သက်လဲမဟုတ်ပါဘူး။

မေး ။ ။ ရွေးကောက်ပွဲကော်မရှင်က လွတ်လပ်ပြီး မျှတမှု မရှိမှာစိုးရိမ်နေကြတဲ့အပေါ်…။

ဖြေ။ ။ ကျွန်တော်တို့ရဲ့မူက ကျွန်တော်တို့ ထပ်ခါထပ်ခါပြောပါတယ်။ ရွေးကောက်ပွဲမှာမှ မဟုတ်ပါဘူး ဘယ်လိုနိုင်ငံရေးလှုပ်ရှားမှုမျိုးမှာပဲဖြစ်ဖြစ် မတရားသောနည်းအားဖြင့်အနိုင်ယူမယ့်အစား တရားသောနည်းနဲ့ရှုံးနိမ့်တာကို ပိုပြီးတော့လက်ခံပါတယ်လို့ ကျွန်တော်တို့ပြောခဲ့ပါတယ်။ ဒီရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်ရင် ယခင်အစိုးရလက်ထက်တုန်းက အရင်းနှီးဆုံးပါတီဝင်တစ်ဦးကို ရက်ပိုင်းအတွင်းမှာပဲ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့တာရှိပါတယ်။ ကျွန်တော်တို့က အရင်လူတွေကိုပြန်ပြီးတော့ ခန့်အပ်တာများပါတယ်။ ဒီအပြောင်းအလဲတွေရှိတာကိုလည်း ကျွန်တော်တို့ကိုယ်တိုင်လည်း စိုးရိမ်စိတ်ရှိပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဟာ ဘက်လိုက်ခဲ့တယ် မဲမသမာမှုတွေကို ဒီရောက်စွာအရေးယူနိုင်မှုနည်းခဲ့တယ်။ ဒါတွေဟာ ကျွန်တေ်ာတို့အောက်ခြေကတက်လာတဲံ အစီရင်ခံစာတွေအရ ကျွန်တော်တို့သိရပါတယ်။ အဲ့ဒီလိုမသမာမှုမဖြစ်ရုံလေးဘဲ ပြည်သူလူထုရဲ့တင်ပြချက်အရ ထိမ်းသိမ်းရုံလောက်ပဲလုပ်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ကော်မရှင်ကို ဘက်မလိုက်တဲ့ ဘယ်ပါတီကိုမှစ္စာမခံတဲ့ ရွေးကောက်ပွဲကော်မရှင်ဖြစ်အောင် ကျွန်တော်တို့ကြိုးစားနေပါတယ်လို့ပြောချင်ပါတယ်။

မေး။ ။ ဆိုတော့ အခုလက်ရှိကော်မရှင်က လွတ်လပ်တယ်လို့ဆရာတို့မြင်လား။

ဖြေ။ ။ ကျွန်တော်တို့မြင်ပါတယ်။

မေး။ ။ ဘက်လိုက်မှုမရှိဘူးလို့ ဆိုလိုတာပေါ့။

ဖြေ။ ။ ဟုတ်ကဲ့ပါခင်ဗျ။

မေး။ ။ ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်ပါတီတွေက အမြဲတမ်းပဲ ပူးပေါင်းပြီးတော့ ကြေငြာချက်တွေထုတ်ထုတ်ပြီးတော့ လုပ်နေတာက တကယ်တော့ လက်ရှိအာဏာရပါတီ လက်ရှိအာဏာရနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးအရ တိုက်ခိုက်နေတဲ့သဘောလား။

ဖြေ။ ။ ကျွန်တော်တို့ အဲ့လိုတော့ မစွပ်စွဲလိုပါဘူး။ ဒါဟာသူတို့ရဲ့သဘောထားပါပဲ ဒါပေမယ့် သူတို့ရဲ့တင်ပြတဲ့အချက်တွေကတော့ နိုင်ငံရေးအခြေအနေက ပကတိအခြေအနေထက်ပိုမိုပြီးဆိုးဝါးနေတယ် အဖက်ဆယ်လို့မရအောင် အဖက်ဖက်က ယိုယွင်းနေတယ်ဆိုတဲ့သဘောမျိုးကို သူတို့ဖော်ပြထားတာမျိုးတွေ့ရပါတယ်။ ဒီဟာမျိုးမဟုတ်ဘူးလို့ကျွန်တော်တို့ ငြင်းဆိုချင်ပါတယ်။ ကျွန်တော်တို့ဟာအင်မတန်ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ဘက်ပေါင်းစုံက ရင်ဆိုင်နေရပါတယ်။ ဒီလိုစိန်ခေါ်မှုတွေဖြစ်လာမယ်ဆိုတာလည်း ကြိုတင်မျှော်မြင်တဲ့အတွက် ဥပမာ ရခိုင်ပြည်မြောက်ပိုင်းအရေးခင်းဆိုလဲ ကိုဖီအာနန်ကော်မရှင်ကိုကြိုတင်ပြီးဖွဲ့စည်းခဲ့တာပါ။ သို့သော်စိန်ခေါ်မှုကြီးမားလွန်းတဲ့အတွက် ဒီစိန်ခေါ်မှုတွေရဲ့ ရိုက်ခက်မှု ထိခိုက်မှု ဒဏ်ကိုတော့ ကျွန်တော်တို့ခံနေရတာ အမှန်ပါပဲ။

မေး။ ။ ဒါဆိုသူတို့ပြောသလောက်တော့ အခြေနေဆိုးဝါးတယ်ဆိုတာ မဟုတ်ဘူးပေါ့။

ဖြေ။ ။ မဟုတ်ဘူးလို့ကျွန်တော်တို့ငြင်းဆိုပါတယ်။

မေး ။ ဒီလိုမျိုးဆိုးဝါးတဲ့အခြေအနေမဟုတ်တာတောင် ဆိုးဝါးတယ်ဆိုပြီးတော့ ကြေငြာချက်တွေခဏခဏထုတ်ပြီးတော့ လမ်းကြောင်းနေတဲ့သဘောက ဒီဟာကသူတို့သဘောထားပေမယ့် ဆရာတို့အပေါ်မှာရော ထိခိုက်မှုမရှိနိုင်ဘူးလား။

ဖြေ။ ။ ကျွန်တော်တို့မှာတော့ထိခိုက်မှုရှိပါတယ်။ ဒါတော့ကျွန်တော်တို့ဝန်ခံပါတယ်။

မေး။ ။ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ သာသနာကိုပျက်စီးအောင်လုပ်တဲ့သူတွေကို မဲမပေးဖို့ဆိုပြီးတော့ ရဟန်းရှင်လူ တွန်းလှန်ဖယ်ရှားကြစို့ ဆိုတဲ့ ကြေငြာချက်တစ်ရပ်တက်လာပါတယ် ။ ဆိုတော့ဒီဟာကလက်ရှိအာဏာရနေတဲ့ ပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ်မှာ ဘယ်လောက်ထိ သက်ရောက်မှုရှိလဲဆရာ။

ဖြေ။ ။ ကျွန်တော်တို့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကလဲ ဒီလိုမျိုးကြေငြာချက်မျိုးထွက်ခဲ့ဖူးပါတယ်။ ဒါကတော့ သူတို့ဟာစိတ်ရင်းစေတနာနဲ့ပဲ ထွက်သလား သို့လော သူတို့မှာသတင်းအမှားတွေပဲရရှိနေသလား ဒါကျွန်တော်တို့လဲမသိပါဘူး။ ကျွန်တော်တို့ကတော့ ဘာသာသာသနာကိုဘယ်တုန်းကမှထိခိုက်အောင် မလုပ်သလို သန့်စင်တဲ့ဗုဒ္ဓသာသနာထွန်းကားရေးအတွက် အရိုးသားဆုံးလုပ်နေပါတယ်။ အတိအကျပြောရဲတာကတော့ ဘာသာရေးကို NLD က နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးမချဘူးဆိုတာကတော့ ကျွန်တော်တို့ တိတိကျကျပြောခဲ့ချင်ပါတယ်။

မေး။ ။ တေပ်မတော်အနေနဲ့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကို သိန်း ၃၀၀ သွားလှူတယ်ပေါ့နော် ၊ ဒီလိုမျိုးလုပ်နေတဲ့အပေါ်မှာရော အန်ကယ်တို့အနေနဲ့ ပါတီအနေနဲ့ဘယ်လိုမြင်ရလဲ အန်ကယ်။ ဒီဟာက အန်ကယ်တို့ကိုရည်ရွယ်ပြီးလုပ်နေသလားလို့ပေါ့နော်။

ဖြေ။ ။ ကျွန်တော်တို့ဒီအတွက်မှတ်ချက်မပေးပါဘူး။ ပြည်သူတွေသိပါတယ်။

မေး။ ။ ဘာသာရေးနဲ့နိုင်ငံရေးမရောထွေးရဘူးဆိုတာက နိုင်ငံရေးပါတီ ဥပဒေတွေမှာ ပြဌာန်းထားပါတယ်။ တခြားဥပဒေပုဒ်မတွေမှာလည်း ပြဌာန်းထားပြီးသားပါ။ တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံရေးနဲ့ ဘာသာရေးမရောထွေးဖို့အတွက် ပါတီအနေနဲ့ဘာတွေလုပ်နိုင်မလဲ။

ဒေါက်တာမျိုးညွန့် ။ ကျွန်တော်တို့က အလုပ်တခုလုပ်တဲ့အခါမှာ မှန်တာတင်ကြည့်လို့မရဘူး သူကနေပြီး နောက်ဆက်တွဲရိုက်ခတ်မှာ ဆိုတဲ့ အချက်တွေကိုပါကြည့်ရပါတယ်။ အဲ့လိုရိုက်ခက်လာမယ့်အချက်တွေ ဒီမှာရိုးရိုးသားသား မိမိခံစားချက်နဲ့တုံပြန်လာတာတွေရှိမယ်။ နောက်ဒီလုပ်ဆောင်မှုအပေါ်မူတည်ပြီးတော့ အကျိုးအမြတ်တစ်ခုရအောင်လို့ရည်ရွယ်ပြီးတော့ စုစည်းပြီးတော့ အုပ်စုလိုက်တုံ့ပြန်တာတွေလဲရှိနိုင်ပါတယ်။

အဲ့ဒါတွေကို ကျွန်တော်တို့ဘယ်လောက်ထိန်းသိမ်းနိုင်မလဲ အဲ့လိုဖြစ်လာခဲ့ရင်တိုင်းပြည်မှာ နစ်နာနိုင်မလား ဒါတွေကိုပါကျွန်တော်တို့ကြည့်ပြီးတော့မှ ကျွန်တော်တို့လုပ်ရပ်တွေအပေါ်မှာလုပ်နေတာဖြစ်ပါတယ်။ ဒီလိုထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်တာဟာ ကျွန်တော်တို့ပါတီ အကျိုးအတွက်မဟုတ်ပါဘူး နိုင်ငံရဲ့ရေရှည်တည်တံ့တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နိုင်ငံရဲ့ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေး ၊ နိုင်ငံသားအချင်းချင်းကြားမှာ စည်းလုံးညီညွတ်မှုမပြိုကွဲရေး အဲ့လိုရည်ရွယ်ချက်တွေနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်နေတာပါလို့ပြောချင်ပါတယ်။

မေး။ ။ လောလောဆယ် အန်ကယ်ခုနကပြောသွားသလို ဒီလိုအုပ်စုကြီး ကြီးကြီးမားမားတစ်ခုကတော့ရှိနေတယ်ပေါ့နော် ၊ ဒါတိုင်းပြည်ကိုနစ်နာအောင် လုပ်နေတဲ့ အုပ်စုကြီး ကြီးကြီးမားမားရှိနေတယ်ဆိုတဲ့သဘောပေ့ါနော်။

ဖြေ။ ။ အုပ်စုလိုက်လုပ်နေတဲ့ အကျိုးအမြတ်တစ်ခုအတွက်လုပ်နေတာတွေရှိပါတယ်။ ဖြစ်ပေါ်လာတဲ့ အချက်အလက်တိုင်းအပေါ်မှာမူတည်ပြီးတော့ ဒါကလဲ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ဒီအချက်ပေါ်မှာ သတိပေးထားပြီးသားဖြစ်ပါတယ်။

မေး။ ။ နိုင်ငံရေးနဲ့ ဘာသာရေးရောထွေးပြီးတော့ မတည်မငြိမ်မှုဖြစ်အောင် လုပ်တဲ့ဟာတွေကို တားဆီးနိုင်ဖို့ အန်ကယ်တို့ပါတီအနေနဲ့ လုပ်ဆောင်ထားတာရှိပါသလား။

ဖြေ။ ။ ပါတီအနေနဲ့ကြတော့ ဒီဟာက မလုပ်ဆောင်နိုင်ဘူးခင်ဗျ။ ဘာလို့လဲဆိုတော့ အဓိကကတော့ အုပ်ချုပ်ရေး တရားဥပဒေစိုးမိုးရေးနဲ့ဆိုင်တာကို။ ဒီဟာတွေမှာ ကျွန်တော်တို့ပါလိုက်ပြန်ရင် ကျွန်တော်တို့ဟာနည်းနည်း ကိုယ့်လုပ်ပိုင်ခွင့်ဘောင်ကျော်တာဖြစ်ပါလိမ့်မယ်။ သို့သော်ကျွန်တော်တို့က လိုအပ်ခဲ့တဲ့ အခါမှာ အရေးကြီးတယ်ထင်တဲ့အခါမှာ ကျွန်တော်တို့က စောင့်ကြည့်တဲ့အဖွဲ့သဘောမျိုးတော့ ကျွန်တော်တို့လုပ်ပါတယ်။ ကျွန်တော်တို့ပါတီဝင်တွေက ကျွန်တော်တို့ပါတီကိုလိုလားတဲ့ဘာသာရေးဆိုင်ရာ အကြီးအကဲတွေ ကျွန်တော်တို့ပါတီကို ဆန့်ကျင်တဲ့ အကြီးအကဲတွေကအစ ထိတွေ့ဆက်ဆံပြီးတော့ သူတို့ရဲ့သဘောထားတွေ ဖြစ်လာနိုင်မယ့် လှုပ်ရှားမှုတွေ တုံံ့ပြန်မှုတွေကို အမြဲတမ်းသတိထားပြီးတော့ အစီရင်ခံဖို့ တကယ်လို့ဖြစ်ပေါ်လာမယ့် အလားအလာရှိရင်လည်း အုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်းပြီးတော့ ဒီဟာတွေကို အမြန်ဆုံးညီညီညွတ်ညွတ်ထိန်းသိမ်းနိုင်ဖို့ ဒီလိုဆောင်ရွက်တဲ့အခါမှာလည်း ဖြစ်နိုင်ရင် ဘာသာပေါင်းစုံ ညီညီညွတ်ညွတ်ပူးပေါင်းပါဝင်ဖို့ ဒါတွေတော့ကျွန်တော်တို့ ညွှန်ကြားထားတာတွေရှိပါတယ်။

မေး။ ။ ဘာသာပေါင်းစုံဆုတောင်းပွဲတွေပြန်လုပ်ရမယ့် အခြေအနေရှိလား။

ဖြေ။ ။ ဒါကတော့ ကျွန်တော်တို့ရဲ့ စိတ်ရင်းစေတနာကိုဖော်ထုတ်တဲ့အနေနဲ့ ဒါတွေကတော့ အခါအားလျော်စွာလုပ်သွားမှာပါ။ သို့သော်သူ့မှာတော့ ကျွန်တော်တို့လက်တွေ့အားဖြင့် အကျိုးသက်ရောက်မှုကြတော့နည်းပါတယ်။ ခုနကလိုဖြစ်ပေါ်လာမယ့်အခြေအနေတွေကို အကဲခတ်ပြီးတော့ အကြောင်းအရာအလိုက် တုံ့ပြန်ချင်တာ ဒါကျွန်တော်တို့ လိုအပ်ချက်ပဲဖြစ်ပါတယ်။

မေး။ ။ ဆိုတော့အန်ကယ် အားလုံးကလည်း ခန့်မှန်းနေကြတယ် ၂၀၂၀ နီးတဲ့အချိန်မှာ ဒီလိုမျိုးတိုင်းပြည်ကိုမတည်မငြိမ်ဖြစ်အောင် လုပ်နိုင်တဲ့အလားအလာရှိတယ် ဆိုတဲ့အပေါ်မှာ ဘာမှတ်ချက်ပြုချင်လဲ။

ဖြေ။ ။ သမ္မတကြီးကိုယ်တိုင်ဒါကိုသတိပေးထားပြီးသားဖြစ်ပါတယ်။ ဒီလိုဖြစ်နိုင်တယ်ဆိုတာ ပြည်သူတွေကလည်း သိနေပါတယ်။ ပြည်သူတွေကို အင်မတန်ကိုလေးစားပါတယ်။ သူတို့ဟာနိုင်ငံရေးရေချိန်မြင့်တယ် ဘာကဖြင့်စေတနာဖြင့်လုပ်တယ် ဘာကဖြင့်ရည်ရွယ်ချက်တစ်ခုနဲ့လုပ်တယ်ဆိုတာ သူတို့ကောင်းကောင်းဆုံးဖြတ်နိုင်ပါတယ်။ အဲ့တော့ ကျွန်တော်တို့ဟာပြည်သူနဲ့ အမြဲထိတွေ့နေခြင်းအားဖြင့် ပြည်သူတွေရဲ့ တုံ့ပြန်မှုတွေကို ကျွန်တော်တို့သိနေပြီးတော့ ကျွန်တော်တို့ ဘာလုပ်သင့်လဲဆိုတာကို အချိန်နဲ့တဖြေးညီလုပ်သွားနိုင်မှာဖြစ်ပါတယ်။

မေး။ ။ သံဃာတွေမဲပေးခွင့် ဆိုတဲ့ဟာမျိုးအပေါ်မှာအန်ကယ့်အနေနဲ့ ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

ဖြေ။ ။ ဒါကတော့သူတို့တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ဒါပေးဖို့ခွင့်ပြုနိုင်မပြုနိုင်ကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ဆိုင်တော့ ကျွန်တော်တို့ ဒါကတော့အလေးအနက် စဉ်းစားရမှာဖြစ်ပါတယ်။ အများသဘောတူရင်တော့ သူတို့ကိုမဲပေးခွင့် ခွင့်ပြုတဲ့နိုင်ငံတွေလည်းရှိပါတယ်။ အဲ့တော့ ကျွန်တော်တို့ဒါကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ဒါတွေကိုထည့်သွင်းပြီးလုပ်လို့ရပါတယ်။

မေး။ ။ ဆိုတော့အန်ကယ့်အနေနဲ့ ပုဂ္ဂလိကအနေနဲ့ သံဃာတော်တွေဟာ မဲပေးသင့်တယ်လို့ထင်ပါသလား။

ဖြေ။ ။ ကျွန်တော်တို့ကတော့ အခုလက်ရှိအခြေအနေအရတော့ ထေရဝါရသာသနာနဲ့ရပ်တည်ချက်အရရော သာသနာရေးနဲ့နိုင်ငံရေးကတော့ ကင်းရှင်းတာကောင်းမယ်လို့ ကျွန်တော်တို့ထင်ပါတယ်။

မေး။ ။ ဘာသာရေးနဲ့နိုင်ငံရေးရောထွေးရင်တော့ တကယ်ဘာတွေဖြစ်လာနိုင်လဲ ။

ဖြေ။ ။ ဒါကအများကြီးရှိပါတယ်။ ဘာသာရေးနဲ့နိုင်ငံရေးရောထွေးခဲ့တဲ့အတွက် ကျွန်တော်တို့ ကမ္ဘာ့သမိုင်းမှာ မြန်မာ့သမိုင်းမှာ ကောင်းတဲ့အလားအလာလို့ကိုပြစရာမရှိသလောက်ပါပဲ။ အင်မတန်ကြီးမားတဲ့ စစ်ပွဲကြီးတွေ ပဋိပက္ခကြီးတွေပဲ ဖြစ်ကြတာများပါတယ်။ ဘာသာရေးအမျိုးသားရေးဟာ လူတွေရဲ့စိတ်ကို အင်မတန်ကိုထိခိုက်လွယ်တဲ့ ကိစ္စဖြစ်ပါတယ်။ အဲ့တော့ဒါကိုအသုံးချပြီးတော့ မိမိရဲ့အကျိုးအတွက် အလွယ်တကူအသုံးချသွားနိုင်ပါတယ် အဲ့တော့ ဒါမျိုးကိုမဖြစ်စေချင်ပါဘူး။

မေး။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အောက်စက်တော်ရာကိုသွားဖူးတဲ့ကိစ္စကို ဒါမလုပ်သင့်ဘူဆိုပြီး ဝေဖန်နေတဲ့ အပေါ် မှတ်ချက်ပေးချင်ပါသလဲ။

ဖြေ။ ။ ဒါကတော့ ဖူးခွင့်ပေးခြင်းမပေးခြင်းဟာ ဒါသက်ဆိုင်ရာ ဂေါပကအဖွဲ့ရဲ့သဘောထားကအဓိကပါပဲခင်ဗျ။ တကယ်တော့ဘာသာရေးအရ အဓိကဆရာတော်ကြီးတွေကိုယ်တိုင်ကိုယ်က အမျိုးသမီး အမျိုးသားကိုခွဲခြားဆက်ဆံတာကို ကျွန်တော်တို့ ထေရဝါရဗုဒ္ဓဘာသာမှာ ခွင့်ပြုထားခြင်းမရှိဘူးလို့ မိန့်ကြားခဲ့တာတွေလည်း ကျွန်တော်တို့နားကြားဖူးပါတယ်။ အဲ့တော့ဒါတွေက ကျွန်တော်တို့ အကျေအလည်ဆွေးနွေးပြီးတော့ အားလုံးဆုံးဖြတ်ပြီးတော့မှ လုပ်ရမယ့်ကိစ္စပါ။ ခွင့်ပြုနိုင်တဲ့ပုဂ္ဂိုလ်ကခွင့်ပြုတဲ့အတွက် လုပ်ခဲ့တာဖြစ်ပါတယ်။ သဘောရိုးနဲ့လုပ်ရင်တော့ ကျွန်တော်တို့ဘာမှ အပြစ်မရှိဘူးလို့ပဲယုံကြည်ပါတယ်။

မေး။ ။ ဦးဝီရသူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ း အာဏာရှင်စနစ်ကိုသွားနေတယ်ပြောတယ်။ အဲဒီအပေါ်မှာရော ဘယ်လို မှတ်ချက်ပြုချင်လဲ။

ဖြေ။ ။ ဒါကတော့သူ့ရဲ့သဘောထားပါပဲ။ ကျွန်တော်တို့ကအာဏာရှင်စနစ်ကိုသွားနေလား ပြည်သူလူထုကို အခြေပြုတဲ့ ဒီမိုကရေစီစနစ်ကိုသွားနေလား ဆိုတာကျွန်တော်တို့ အလုပ်နဲ့သက်သေပြနေတဲ့အတွက် နှုတ်နဲ့ထုတ်မပြောတော့ပါဘူး။

ဓာတ်ပုံ- Getty Image။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts