Local News political news

ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကို တပ်မတော် သိန်း ၃၀၀ လှူဒါန်းမှု အပေါ် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်နှင့် ဦးသောဘိတ (အလင်္ကာကြယ်) ပြင်းပြင်းထန်ထန်ဝေဖန်

ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကို တပ်မတော် သိန်း ၃၀၀ လှူဒါန်းမှု အပေါ် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်နှင့် ဦးသောဘိတ (အလင်္ကာကြယ်) ပြင်းပြင်းထန်ထန်ဝေဖန်

ရန်ကုန်၊ ဇွန် ၂၁

မဘသ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိ ဖောင်ဒေးရှင်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဇွန်လ ၁၇ ရက်နေ့က ငွေကျပ် သိန်း ၃၀၀ လှူဒါန်းမှုအပေါ် မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယဝံသာဘိဝံသနှင့် ဦးသောဘိတ(အလင်္ကာကြယ်) တို့က ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ကြသည်။

ဆရာတော် အရှင်အရိယဝံသာဘိဝံသ ( မြဝတီမင်းကြီးကျောင်းတိုက်)

ဘုန်းဘုန်းတို့ သုံးသပ်ချင်တာက ဒီအဖွဲ့အစည်းက ပြည်သူအများစုက ဒီမိုကရေစီလမ်းကြောင်းကို ဖျက်ဆီးနေတဲ့ စစ်အုပ်စုက ငွေကြေးထောက်ပံ့မှုတွေ အများကြီးရရှိနေတဲ့ ၊ ဝိနည်းတော်နဲ့ မညီတဲ့ အုပ်စုလို့ ပြောချင်ပါတယ်။ ဘုန်းကြီးတို့ ဝိနည်းတော်မှာ ဒါနပလ လိုခေါ်တယ်။ မင်းကျွမ်းဝင်ဆိုတာ ရှိတယ်။ မင်း နဲ့ ရောရောထွေထွေနေရင် သိပ်မကောင်းတက်ဘူးပေါ့။ အခု သူက မင်းကျွမ်းဝင်တောင် မဟုတ်ဘူး။ ပြောမကောင်းဘူး။ စစ်တပ်ဆိုတာ သမိုင်းကောင်းတဲ့ စစ်တပ်မှာ မဟုတ်တာ။ သူများနိုင်ငံတွေလို ပြည်သူထဲက ဖြစ်တဲ့ ပြည်သူစစ်တပ်သား ၊ မဟုတ်ဘူး။ နောက်ပြီး သမ္မတ အမိန့် နာခံတဲ့ ပြည်သူ့စစ်တပ်မဟုတ်ဘူး။

အရင်ကတည်းက စစ်တပ်က လက်နက်တစ်ခုတည်းနဲ့ အနိုင်ကျင့် ပြီး တိုင်းပြည်ကို လုပ်ချင်သလို လုပ်လာတဲ့ စစ်တပ် ၊ အခုလည်း ၊ နောက်လည်းပဲ လွှတ်တော်ထဲမှာ ပြည်သူ့ဆန္ဒကို အတင်းနင်းချေ ပြီးတော့ ဝင်ထိုင်နေတဲ့ စစ်တပ် ၊ ပြောရရင် သူခိုးဓါးပြပဲ။ သူခိုးဓါးပြနဲ့ အမြီးစားဖက် ၊ ခေါင်းစားဖက် ဖြစ်နေတဲ့ အုပ်စုလို့ ဘုန်းဘုန်းရှင်းရှင်းလင်းလင်းပဲ ပြောချင်တယ်။

ဗုဒ္ဓဘုရားက လမ်းညွန်ထားတာက ကြည်ညိုသင့်တဲ့လူတွေ ကြည်ညိုအောင် ၊ ကြည်ညိုပြီးတဲ့ လူတွေကို အကြည်အညို တိုးပွားအောင် နေထိုင်ရမယ်လို ပြောထားတာ။ ကိုယ်နေချင်သလို နေလိုမရဘူးလေ။ အဲဒီတော့ မကြည်ညိုသေးတဲ့ လူတွေ ကြည်ညိုအောင် အဓိကတော့ ပြည်သူကပဲ စံဖြစ်တယ်။ ပြည်သူ ကြည်ညိုအောင် ဆိုလိုတာ ဖြစ်တယ်။ ပြည်သူအများ ကြည်ညိုအောင် နေထိုင်ရမယ် ၊ လူအများ မကြည်ညိုရတဲ့အရာတွေ မလုပ်ရဘူး။ ဒါက ပြည်သူမကာဘူး ၊ သံဃာတော်အချင်းချင်း ကြည်ညိုအောင်နေထိုင်ရမယ်လို့ မှာတာ။ အခုက ဗရမ်းဗတာ လုပ်နေရင် ကျနော်တို့ သံဃာတော်တွေကို လက်မခံလာအောင်လုပ်နေတာ။

ဆရာတော် ဦးသောဘိတ ( အလင်္ကာကြယ် )

အရင်တုန်းက အချိန်တော်တော်ကြာထိအောင် ဦးဝီရသူနဲ့ တချိုဟာတွေ မဘသအဖွဲ့တွေကို မိုက်ရိုင်းတယ်လို့ ဦးဇင်းတို့က မြင်ထားတာ။ အဲဒီကြေညာချက်ကို တွေ့ပြီးတဲ့အခါတော့ မဘသ တစ်ဖွဲ့လုံးက မိုက်ရိုင်းပါလှ လို့ ဦးဇင်းက ကောက်ချက်ချလိုက်တာ။

ဒီကြေညာချက်ဟာ အင်မတန်ကို မိုက်ရူးရဲဆန်တဲ့ ကြေညာချက်တစ်ခုလို့ ဦးဇင်းတို့က သုံးသပ်တယ်။ နောက်တစ်ခုက အခြေအမြစ်မဲ့တယ်။ အဓိက အခြေအမြစ်မဲ့တဲ့အတွက် သူတို့ရဲ့ စွပ်စွဲချက်တွေဟာ အင်မတန် ရှက်စရာကောင်းတဲ့ အဖြစ်ကို ရောက်သွားတ ယ်။

ဒါဟာ မဘသဟာ တရားမဝင်အဖွဲ့ ၊ တကယ်တမ်းတော့ မဘသ က တရားမဝင်အဖွဲ့ ၊ ဒီလိုမျိုး အခြေအနေ ရှိတာတောင် မဘသက ဒီလောက်ထိအောင် အတင့်ရဲလွန်းတာ ဘာကြောင့်လဲဆိုတာ အတွေးကို ဦးဇင်းတို့က ကောင်းကောင်းတွေးမိတယ်။

ဘုန်းကြီး ဖြစ်ဖြစ် ၊ ကျောင်းသား ဖြစ်ဖြစ် ၊ ပြည်သူ့လူထုဖြစ်ဖြစ် ဘာသာတစ်ခုနဲ့ တစ်ခုအကြား ၊ တိုင်းရင်းသားလူမျိုး တစ်မျိုးမျိုးအကြားဖြစ်ဖြစ် သွေးကွဲအောင် သွေးထိုးလှုံဆော်မှုတွေ လုပ်ခဲ့တာက ဦးဇင်းတို့ မြန်မာနိုင်ငံသမိုင်းမှာ နိုင်ငံရေးအခက်အခဲ ကြုံလာတိုင်း အာဏာကို မစွန့်လွှတ်နိုင်တဲ့သူတွေ ၊ နိုင်ငံရေးမှ အောက်တန်းကျတဲ့နည်းနဲ့ အာဏာကို ရချင်တဲ့သူတွေက တစ်လျှောက်လုံးလုပ်ခဲ့တဲ့ နည်းတွေပါ ၊ သိပ်ပြီး မအောင်မြင် ခဲ့ဘူးလို့ ပြောလို့ရတယ်။

မဘသ ပေါ်လာတဲ့အခါ သံဃာတော်ကြားမှ ကွဲပြဲမှုတွေ ၊ သံဃာတော်တွေကို အကြောင်းပြုပြီး သူရဲ့ ပြည်သူ့လူထုကွဲပြားမှုတွေ ၊ဘာသာတစ်ခုနဲ့ တစ်ခု သွေးကွဲမှုတွေ အများကြီး ဖြစ်လာတယ်။ ဒါဟာ အလွန်အင်မတန် အန္တရာယ်ပဲ ။ လက်ရှိမြန်မာနိုင်ငံရဲ့ ကွဲပြဲမှုတွေ ထင်သာတဲ့ အဓိက သက်သေကို ပြောပါဆိုရင် မဘသ အဖွဲ့အစည်းပဲ။

သူရဲ့နောက်မှ ရှိတဲ့ဟာက နောက်ကွယ်က လက်မည်းကြီးပေါ့ ၊ ဒါက တစ်ချက်ပေါ့ ။ ၊နောက်တစ်ခုက အလွန်ကောင်းမွန်းလှတဲ့ ဗကသရဲ့သမိုင်း ကို ပျက်ဆီးသွားရအောင် ၊ ဂုဏ်သိက္ခာကို ထိပါးအောင် ဖျက်ဆီးနေကြတဲ့ ကျောင်းသားအုပ်စု တွေရှိတယ်။ အဲဒီကျောင်းသားထုရဲ့ နောက်မှာလည်း လက်မည်းကြီး ရှိမယ်လို ယူဆသုံးသပ်တယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ အနေအထားက အန္တရာယ် ၊ လူထုရဲ့ညီညွတ်မှုပိုင်းဆိုင်ရာကတော့ တော်တော်စိတ်မကောင်းစရာ ဖြစ်စေတယ်။ သို့သော်လည်း လူများစုက အသိအမြင် အတွေ့အကြုံမြင်လာတဲ့အတွက် အတွေ့အကြုံရင့်ကျက်ပြီးတော့ ဆုံးဖြတ်နိုင်စွမ်း ရှိတယ်လို ဦးဇင်းက သုံးသပ်ပါတယ်။

လောကအကျိုးစီးပွားအတွက် မြတ်စွာဘုရားပွင့်လာတယ်။ အဲဒီတော့ ဘုရားရှင်ရဲ့သားတော်သံဃာတော်တွေကလည်း လောကရဲ့ အကျိုးစီးပွားအတွက်ပဲ ပြုမှုလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ငါ့ လူမျိုး ၊ ငါ့ဘာသာအတွက်ဆိုပြီး ရပ်တည်မယ်ဆိုရင် အဲဒီဘုရားသားတော် အမည်ခံယူတဲ့ ပုဂ္ဂိုလ်ဟာ ဘုရားသားတော်မဟုတ်ဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts