Local News Peace political news

နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ သာသနာနှင့် သံဃာကိုစောင့်ရှောက်ရန် တာဝန်မသိဖြစ်နေ၊ ဒုဥက္ကဋ္ဌဆရာတော် အနီအသိုင်းအဝိုင်း ဂျင်းထည့်ခံနေရဟု ထွက်ပြေးနေသည့် ဦးဝီရသူပြော

ရန်ကုန်၊ ဇွန် ၁၀

နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့သည် သာသနာနှင့် သံဃာကို စောင့်ရှောက်ရန် တာဝန်ရှိသော်လည်း တာဝန်မသိဖြစ်နေပြီး ဒုတိယဥက္ကဋ္ဌ ဆရာတော်သည် အနီအသိုင်းအဝိုုး၏ ဂျင်းထည့်ခြင်းကိုခံနေရကြောင်း ထွက်ပြေးနေရသည့် ဦးဝီရသူက ပြောဆိုလိုက်သည်။

ဇွန်လ ၈ ရက်နေ့ နေ့စွဲဖြင့် ရုရှ လူမှုကွန်ရက် VK တွင် တင်ထားသည့် ဗီဒီယိုဖိုင်တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မကြာသေးမီက နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဦးအဂ္ဂဓမ္မက ဦးဝီရသူကြောင့် သံဃာ သင်းကွဲမှုမရှိဘဲ ဒေဝဒတ်ကဲ့သို့ ပကာသနိရကံ ဆောင်သင့်ကြောင်း မီဒီယာများသို့ ထုတ်ဖော်မိန့်ကြားခဲ့သည်။ ယင်းမိန့်ကြားမှုကို ဦးဝီရသူက ပြန်လည်၍ ဖြေရှင်းလိုက်ပြီး သံဃနာယက ဆရာတော်နှင့် မည်သူက ထောက်ခံမှု ရှိ၊ မရှိ မဲပုံးထောင်လိုကြောင်း ဦးဝီရသူက စိန်ခေါ် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

” ဝီရသူရယ်လို့ ဖြစ်ပေါ်လာကတည်းက သံဃာထု ထောက်ခံမှု အပြည့်အဝရပါတယ်။ ဒီနေ့လည်း သံဃာထုထောက်ခံမှု အပြည့်အဝရပါတယ်။ ထိပ်တိုက်ရင်မဆိုင်ချင်တဲ့ ပုဂ္ဂိုလ်တွေ နိုင်ငံရေး အရောင်အသွေးပါတဲ့ ပုဂ္ဂိုလ်တွေ လောက်ပဲ တပည့်တော်ကို မထောက်ခံတာပါ။ အမျိုးသားရေး အမှန်အကန်လုပ်နေတာ ဝီရသူ တစ်ပါးပဲ ကျန်တော့တာ။ ဝီရသူ ကျဆုံးလို့မဖြစ်ဘူးဆိုပြီး လာပြီး အားပေးပါတယ်။ ဒါတွေ ပြောရရင်တော့ အချိန်ကြာမှာပါ ဘုရား။ အရှင်ဘုရား ကိုယ့်ကိုယ် ယုံကြည်တယ်ဆိုရင် အရှင်ဘုရားက လက်ရှိ ရာထူး ရထားတဲ့သူဆိုတော့ တပည့်တော်နဲ့ အရှင်ဘုရား မဲပုံးထောင်ကြည့်ရအောင်၊ အရှင်ဘုရားရှုံးရင် အဲဒီ မီဒီယာကနေတစ်ဆင့် အတိအလင်းပြန်လည် တောင်းပန်ရမယ်။ ပြီးရင် မဟန ဒုတိယဥက္ကဋ္ဌ ရာထူး အဖွဲ့ဝင်ကနေ နုတ်ထွက်ရမယ်။ ဝီရသူရှုံးရင် အမျိုးသားရေး လုပ်ငန်းတွေ ထာဝရ စွန့်လွှတ်လိုက်မယ်။ အရှင်ဘုရား စိန်ခေါ်ရဲလား” ဟု ဦးဝီရသူက မိန့်ကြားသည်။

ဦးဝီရသူက ၎င်းသည် ဒေဝဒတ်မဟုတ်ကြောင်း၊ ဘုရားအာဏာနှင့် ဘုရားနေရာကို မလုကြောင်း၊ နိုင်ငံတော်သံဃာမဟာနာယက ဒုတိယဥက္ကဋ္ဌ ဆရာတော်သည် ဝီရသူ ခြေဖျားမီရဲ့လား ဟု မေးခွန်းထုတ်သည်။

“ဒေဝဒတ်လို ပကာသနိရကံလုပ်ရမယ်လို့ပြောတယ်။ တပည့်တော်က ဒေဝဒတ်လို ဘုရားအာဏာ လုပ်နေလို့လား။ ဘုရားနေရာ လုနေလို့လား။ သံဃာ သင်းကွဲအောင် ခွဲနေလို့လား။ တစ်စင်ထောင်နေလို့လား။ ဂိုဏ်းခွဲနေလို့လား။ ဘာဖြစ်လို့ အဲဒီလို ဘုန်းကြီးက ပကာသနိရကံ ပြုစေချင်တာလဲ။ သီ၀ ဝိပတိ၊ အာကသဝိပတိ တပည့်တော်က ဘာတွေ များ ဖောက်ပြန်နေလို့လဲ။ ဘုန်းကြီးနဲ့တောင် တပည့်တော် ယှဉ်ရဲပါတယ်။ ဝီရသူ ဘယ်လိုနေထိုင်လဲ။ ဝီရသူ ဘယ်လို ကျင့်ကြံလဲ။ ဝီရသူ ဘယ်လို အားထုတ်လဲဆိုတာ မစိုးရိမ်တိုက်သစ်မှာရှိတဲ့ သံဃာတော်တိုင်းသိပါတယ်။ စာသင်သားတွေတောင် အသိအမှတ်ပြုပါတယ်ဘုရား။ သန်းခေါင်သန်းလွဲမှာတောင် ဝီရသူ ဘယ်လိုကျင့်ကြံအားထုတ်ဆိုတာ သိကြပါတယ်။ ဘုန်းကြီးကရော ပရိယတ္တိ၊ ပဋိပတ္တိအတွက် ၊ ပရဟိတအတွက် ဘုန်းကြီး ဘာတွေ လုပ်ပြီးပြီလဲ။ ဝီရသူ ခြေဖျားတောင် မီလို့လား” ဟု ဦးဝီရသူက ဆိုသည်။

နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့သည် သာသနာနှင့်သံဃာကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်မသိဖြစ်နေသည့်အပြင် အနီအသိုင်းအဝိုင်း၏ ဂျင်းထည့်ခြင်းခံနေရသည်ဟုလည်း ဆိုသည်။

“မဟနဖြစ်နေပြီးတော့ သံဃာတော်တွေကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်၊ သာသနာတော်ကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန် ရှိပါတယ်။ ဘုန်းကြီးတို့ တာဝန်ရှိတဲ့သူတွေက တာဝန်မသိဘူးဆိုရင် တာဝန်မရှိတဲ့သူတွေက ပိုဆိုးသွားမှာပေါ့။ အဲဒီတော့ သာသနာတော်ကြီးက ခိုကိုးရာမဲ့ အကာအကွယ်မဲ့ဖြစ်သွားပေါ့။ ဘုန်းကြီးတို့က ကာကွယ်စောင့်ရှောက်ရမှာလေ။ ဘုန်းကြီးနားက အနီအသိုင်းအဝိုင်း ဂျင်းထည့် ကျွမ်းတဲ့ အနီအသိုင်းအဝိုင်း ကြောင့် ဘုန်းကြီး(ဒုတိယဥက္ကဋ္ဌ ဆရာတော်) နားမယောင်နဲ့။ ဘုန်းကြီးလည်း ဂျင်းဝင်နေပြီ ထင်ပါတယ်။ မကြာခဏ သတင်းမှားတွေ ပြောပြောနေလို့ပါ” ဟု ဦးဝီရသူက ဆိုသည်။

ဦးဝီရသူသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် အမှုဖွင့်ခံထားရပြီး အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

ဓာတ်ပုံ- နိုင်ငံတော်သံဃာနယကအစည်းအဝေး မြင်ကွင်း။

Photo Credit – သံဃနာယကအဖွဲ့

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts