All News China Watch Local News Peace

ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ကိုယ်စားလှယ်တွေ့ဆုံ၊ တရုတ်၏ ညှိနှိုင်းမှု မအောင်မြင်လျှင် မြန်မာ့ငြိမ်းချမ်းရေး ရှေ့မဆက်နိုင်ဟုဆို

ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ကိုယ်စားလှယ်တွေ့ဆုံ၊ တရုတ်၏ ညှိနှိုင်းမှု မအောင်မြင်လျှင် မြန်မာ့ငြိမ်းချမ်းရေး ရှေ့မဆက်နိုင်ဟုဆို

ရန်ကုန်၊ ဇွန် ၂၅

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူး ကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းနှင့် ဇွန်လ ၂၄ ရက်နေ့ တွေ့ဆုံပြီး မြန်မာ့ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်အရေးကိစ္စတို့နှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက် နေမှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည့်ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်က ဆိုသည်။

မြန်မာ့ငြိမ်းချမ်းရေးသည် လတ်တလော ရပ်တန့်နေပြီး တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှု မအောင်မြင်ပါက ငြိမ်းချမ်းရေး ရှေ့မဆက်နိုင်ကြောင်း၊ လက်ရှိတွင် တွေ့ဆုံမှုများရှိသော်လည်း သူ့မူ၊ ကိုယ့်မူ ဆုပ်ကိုင်ထား၍ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှု လိုအပ်နေကြောင်း တိုင်းရင်းသားအရေး ကျွမ်းကျင်သူ စာရေးဆရာ မောင်မောင်စိုးက သုံးသပ်သည်။

“အဓိကကတော့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ အစိုးရနဲ့အကြားမှာ Negotiate လုပ်ဖို့က အရေးကြီးဆုံးပဲ။ သူတို့ စေ့စပ်ညှိနှိုင်းနိုင်ဖို့က အရေးကြီးဆုံးပဲ။ ဒီဟာနဲ့ပတ်သက်ပြီးတော့ တရုတ်က ကြားဝင် ညှိနှိုင်းပေးနေတယ်လို့ ယူဆရတယ်။ တရုတ်ကြားဝင် ညှိနှိုင်းပေးမှု အောင်မြင်နိုင်မှ ငြိမ်းချမ်းရေးက ရှေ့ဆက်နိုင်မယ်။ နို့မို့ဆိုရင်တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ခက်နေဦးမယ် ထင်ပါတယ်။ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ညှာညှာတာတာ သုံးသပ်ရင်တော့ ရပ်နေတယ်လို့ ပြောရမှာပါ။ ဒါပေမယ့် နှစ်ဖက် ညှိနှိုင်းမှုရှိတယ်ဆိုပေမယ့် နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ အဖြေ မထွက်သေးတာဖြစ်တယ်။ ဘက်တိုင်းက သူတို့ တောင်းဆိုချက်တွေနဲ့ ရပ်တည်နေကြတော့ နှစ်ဖက်စလုံး လက်ခံနိုင်တဲ့ အဖြေကို ကြားဝင်ညှိနှိုင်းသူက ဆောင်ရွက်ပေးနိုင်မှ အဖြေထွက်မှာ။ အဲဒီလို အဖြေထွက်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရပ်တန့်နေတာကနေ ရှေ့ဆက်သွားနိုင်မယ်” ဟု စာရေးဆရာ မောင်မောင်စိုးက သုံးသပ်သည်။

လက်ရှိတွင် တရုတ်သည် တိုင်းရင်းသားများက လေးစားပြီး မြန်မာအစိုးရနှင့်လည်းကောင်း မွန်သော ဆက်ဆံရေးရှိကြောင်း၊ ထို့ကြောင့် တရုတ်၏ ကြားဝင်စေ့စပ်မှုသည် မြန်မာ့ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းသူအဖြစ် လုပ်ဆောင်နိုင်သော အားသာချက်ရှိသည်ဟု ၎င်းက ဆိုသည်။

“တရုတ်ကတော့ ကြားဝင် ညှိနှိုင်းသူအဖြစ် နှစ်ဖက်စလုံးက လေးစား လက်ခံနိုင်တဲ့သူဖြစ်မှ ညှိနှိုင်းလို့ရတာကိုး။ လက်ရှိ တရုတ်ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ကလည်း လေးစားမှုရှိတယ်။ မြန်မာအစိုးရနဲ့လည်း အပြန်အလှန် လေးစားမှု ရှိတယ်ဆိုတဲ့ အနေအထားမျိုး ရှိတဲ့အတွက်ကြောင့် မို့လို့ စေ့စပ်ညှိနှိုင်းပေးတဲ့နေရာမှာ အားအသာဆုံးလို့ ပြောရမှာပေါ့” ဟု စာရေးဆရာ မောင်မောင်စိုးက ပြောသည်။

တရုတ်အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းသည် မြန်မာ့ငြိမ်းချမ်းရေးတွင် ထဲထဲဝင်ဝင်ပါဝင်နေသူဖြစ်ပြီး မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲကများ အပေါ် သြဇာကြီးသော စေ့စပ်ညှိနှိုင်းသူတစ်ဦးလည်းဖြစ်သည်။

ဓာတ်ပုံ- နိုင်ငံခြားရေးဝန်ကြီးဌာန

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com