All News interview Local News

ဒေါ်အောင်ဆန်းစုကြည်ထံ မြေသိမ်းမှု တင်ပြလို့ တရားစွဲခံရတဲ့ မစိန်စိန်စိုးရဲ့ နောက်ဆုံး အခြေအနေ

ဒေါ်အောင်ဆန်းစုကြည်ထံ မြေသိမ်းမှု တင်ပြလို့ တရားစွဲခံရတဲ့ မစိန်စိန်စိုးရဲ့ နောက်ဆုံး အခြေအနေ

By နန့်အိသူ/ ရန်ကုန်ခေတ်သစ်

ဧရာဝတီတိုင်း ၊ မအူပင်မြို့နယ် ၊ ပလက်တို ကျေးရွာ ဒေသခံ တောင်သူ မစိန်စိန်စိုး (ခေါ် ) မဇီးကွက်နှင့် ဆက်သွယ်မေးမြန်းချက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မအူပင်မြို့သို့ ရောက်ရှိစဉ် မြေသိမ်းမှု ဖြစ်စဉ်အကြောင်း တင်ပြခဲ့သည့် ပလက်တိုကျေးရွာေ ဒသခံ မစိန်စိန်စိုး(ခေါ်) မဇီးကွက်မှ တရားစွဲဆိုမှု ရင်ဆိုင်နေရပြီး မစိန်စိန်စိုးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်း ခရီးစဉ်တွင် မအူပင် လူထုတွေ့ဆုံပွဲမှာ ဒေသခံတောင်သူ လယ်သမားတွေရဲ့ အခက်အခဲ ဘာတွေ တင်ပြခဲ့လဲ။

ဖြေ။ ။ ကျမတို့က ဒီတွေ့ဆုံပွဲမှာ ဝင်ခွင့်တောင်းတယ်။ ဝင်ခွင့်တောင်းတော့ အမေစုနဲ့ ပါလာတဲ့သူတွေက ကျမတို့ကို လာဆင်းခေါ်တယ်။ ဝင်တွေ့တယ်။ ဝင်တွေ့တော့ အစီအစဉ်ကြေညာတဲ့သူကို ဒီကိစ္စပြောဖို့ အခွင့်ပေးတယ်။ အမေစုကို ကျမတို့ဒေသတွေမှ ဖြစ်နေတဲ့ အခက်အခဲတွေ ၊ အကြောင်းအရင်းအကုန်ုလုံး တင်ပြတယ်။ အခက်အခဲတွေက ကျမတို့လယ်ယာမြေတွေ အသိမ်းခံရတဲ့ ဖြစ်စဉ် ၊ တရားစွဲဆိုခံထားရတဲ့ ဖြစ်စဉ်တွေ ၊ တိုင်းအစိုးရက လာဖြေရှင်းဖို့ မပေးတဲ့ကိစ္စကို အဓိက ဖြေရှင်းပေးဖို့ ကျမ အမေစုကို ပြောကြားခဲ့တယ်။

မေး ။ ။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဒီဖြစ်စဉ်အပေါ် ဘယ်လို ပြန်လည်ပြောဆိုတာရှိလဲ။

ဖြေ။ ။ အမေစုက ဒီကိစ္စကို သေသေချာချာ တိုင်းဒေသကြီး အစိုးရက သေချာကွင်းဆင်းပြီး လေ့လာဖို့ စိစစ်ဖို့ မှာထားခဲ့တယ်။ သူ့ကို တိုင်စာတွေထည့်ပေးဖို့ ပြောတော့ ကျမတို့ကတိုင်စာတွေ ထည့်ပေးလိုက်တယ်။

မေး ။ ။ အခု မြေသိမ်းမှု တင်ပြလို့ တရားစွဲဆိုခံရထားတဲ့ အခြေအနေကော ဘယ်အချိန်မှာ စသိလာရသလဲ။

ဖြေ။ ။ ပထမ တရားစွဲဆိုခံထားရတာက ၂၀၁၈ ၊ ၁ လပိုင်း ပထမတစ်ချီ ၊ တရားစွဲဆိုခံထားရတယ်။ နောက်တစ်ခု ၆ လပိုင်း ၁၄ ရက်နေ့မှာ မလက်တိုရဲစခန်း က ရဲမှူးက ကျမဆီ လာပြီး ဒေါက်တာ မြင့်စိန်က အမေစုကို တက်ပြောထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူရဲ့ဂုဏ်သိက္ခာ ညှိနွမ်းခြင်းကြောင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားထပ်စွဲတယ်။ အမေစု လာပြီး ၂ လကျော်ကြာမှ ကျမတို့ အမှု တစ်ခါ ထပ်ဖွင့်တယ် ။ အခု ၆ လပိုင်း ၁၄ ရက်မှာ မလက်တိုရဲစခန်းမှာ အမှုဖွင့်တယ်။

မေး။ ။ အဲဒီတော့ ဘာဆက်လုပ်မလဲ။

ဖြေ။ ။ ကျမက အမှန်တရား ပြောတဲ့ကိစ္စကို ဆက်လက်ပြီး အမှုရင်ဆိုင်သွားမယ်လို ဆုံးဖြတ်ချက်ချထားတယ်။ အမေစု လာတဲ့ခရီးစဉ်မှာ မှန်မှန်ကန်ကန် ကျမကပြောတာ။ ဘယ်သူ့ ဂုဏ်သိက္ခာ ညှိနွမ်းအောင် ရည်ရွယ်ပြီး ပြောတာမဟုတ်ဘူးလေ။ ကျမတို့ ဒေသရဲ့ ဖြစ်စဉ်တွေ ၊ လယ်သမားတွေရဲ့ ခံစားချက်တွေကို အမေစုကို တင်ပြတယ်။ မှန်မှန်ကန်ကန်တင်ပြတဲ့အတွက် တရားစွဲဆိုခံထားရတဲ့အတွက် ကျမတော့ ရင်ဆိုင်သွားမှာ။

မေး ။ ။ မအူပင်မြို့နယ်တွင် လက်ရှိ တောင်သူလယ်သမားတွေက ဘယ်လိုမြေယာပြဿာနာတွေ ကြုံတွေနေရလဲ။

ဖြေ။ ။ ကျမတို့ မအူပင်မြို့နယ် ၊ မလက်တိုကျေးရွာအုပ်စုရှိ မြေဧက ၃၃၀၀ ကို ၊ မြေသိမ်းစဉ်ကာလ ၊ ၁၉၉၉ ခုနှစ်က အော့ချက်ဒ်ကုမ္ပဏီပိုင်ရှင် ဒေါက်တာမြင့်စိန်က သိမ်းတာ။ ၂၀၀၄ မှ သံဘောင်ပတ်တယ်။ ၂၀၀၄ ကနေ ၂၀၁၃ အထိ တောရိုင်းမြေအဖြစ် ပစ်ထားတယ်။ ပစ်ထားတဲ့အတွက် ကျမတို့ ဒေသခံလယ်ယာမြေတောင်သူတွေက လယ်ယာမြေဖော်ထုတ်ဖို့အတွက် ဆက်လက်ပြီး ထွန်ယက်လုပ်ခဲ့တယ်။ ဆက်လက်လုပ်တဲ့အချိန်မှ ၂၀၁၃ ကနေ ၂၀၁၉ ၊ ယနေအချိန်အထိ စပါးစိုက်ပျိုးရေးလုပ်ငန်းကို ဆက်လက်လုပ်နေပါတယ်။

မေး ။ ။ မလက်တိုရဲစခန်းဘက်ကနေ ဒီတရားစွဲဆိုခံထားရတဲ့ အမှုအပေါ် ဘယ်လိုကိုင်တွယ်နေလဲ။

ဖြေ။ ။ အခု ဇွန်လ ၁၈ ရက်နေ့မှာ ကျမဆီ စစ်ချက်လာယူသွားတယ်။ အမှုရင်ဆိုင်ဖို့ ကိစ္စတော့ ဘာမှတော့ မပြောသေးဘူး။ ဒေါက်တာမြင့်စိန်က ရဲမှူးဆီမှာ အမှုဖွင့်ထားတယ်။ အမှုဖွင့်ထားတာကြောင့် ရဲမှူးကတော့ ကျမဆီ စစ်ချက်လာယူတယ်။

ပထမတစ်ခါ လယ်သမား ကိုငြိမ်းမောင် နိုင် ၁၀ ပုဒ်မ လည်း ဒီလိုပဲ ။ မကြာပါဘူး။ ရဲစခန်းက တရားရုံးတင်ပြီး အာမခံပေးမယ်ပြောပြီး တရားစွဲပြီးတော့ ဖမ်းထည့်သွားတာပဲ။ ကျမအမှုတော့ အဲ့လိုတော့ ဘာမှ မပြောသေးဘူး။ ဘာမှတော့ မကြားသေးဘူး။ စစ်ချက်ပဲ လာယူသွားတယ်။ ကျမတို့ ဒီမှာ( နိုင် ၁၀ ပုဒ်မ )ဖြစ်စဉ်က စစ်ချက်လာယူတယ်။ မကြာဘူး တရားရုံးပေါ် တင်လိုက်တယ်။ တရားရုံးက အာမခံပေးမယ်ဆိုပြီးတော့ ခေါ်တယ်။ ကိုငြိမ်းမောင်ကိစ္စတုန်းက ဆိုရင် ၊ တရားရုံးက အာမခံပေးမယ်။ လာလျှောက်ခိုင်းတယ်။ ကျမတို့ အာမခံ ရမယ်ဆိုပြီး လယ်သမား ကိုငြိမ်းမောင်က သွားလျှောက်တယ်။ နောက်တော့ အာမခံမပေးဘဲ တစ်ခါတည်း ဆွဲဖမ်းလိုက်တယ်။ အဲ့လိုမျိုး ရှိတယ်။ ပထမတစ်ယောက်က အဲ့လိုအမှုနဲ့ ခံလိုက်ရတယ်။

မေး ။ ။ ရဲစခန်းက စစ်ချက်ယူတယ်ဆိုတော့ …။

ဖြေ။ ။ ရာအိမ်မှူးအိမ်မှာ စစ်ချက်လာယူတာ။ တရားရင်ဆိုင်ဖို့ လာပြောတာ။ ဇွန်လ ၁၄ ရက်မှာ အမှုဖွင့်တာ။ အဲ့နေ့မှာ ရဲမှူးကိုယ်တိုင် လာပြောပြတာ။ အမေစုကို တက်ပြောတဲ့ ကိစ္စနှင့် ပတ်သက်ပြီး ဒေါက်တာမြင့်စိန်က သူရဲ့ ကိုယ်ရေးကိုယ်တာကို စွက်ဖက်တယ် ၊ သူဂုဏ်သိက္ခာ ညှိနွမ်းတယ်ဆိုပြီး တရားစွဲဆိုတာ။ ရဲမှူးက အဲ့လို ဖတ်ပြပြီး ကျမကို အမှုဖွင့်ထားကြောင်း ပြောပြတာ။

မေး ။ ။ မြေယာအသိမ်းခံရတဲ့ ကိစ္စ အခြားလယ်သမားတွေရော အမှု ရင်ဆိုင်နေရတာလား။

ဖြေ။ ။ ဧက ၅၅၀ ကန်အတွင်း မြေသိမ်းခံလယ်သမားများနှင့် မြေယာမဲ့များ ပူးပေါင်းပြီး လယ်ယာမြေ ဖော်ထုတ် စိုက်ပျိုးခဲ့ရာတွင် ၂၀၁၇ ခုနှစ်တွင် ဒေါက်တာမြင့်စိန်က တရားစွဲဆိုထားတယ်။ တရားစွဲဆိုခံထားရတဲ့အမှုက မြေလွတ်မြေလပ်မြေရိုင်းဥပဒေ ၊ ရေချိုငါးလုပ်ငန်းဥပဒေ ၊ အဲ့မှာ ကျမက ၂ မှုနဲ့ တရား ရင်ဆိုင်ရတယ်။ အခုလက်ရှိ အထိ တရားရင်ဆိုင်နေရတုန်းပဲ ၊ ဒေါက်တာ မြင့်စိန်ရဲ့ မန်နေဂျာ က စွဲဆိုတာ။ အော့ချက်ဒ်ကုမ္ပဏီ ကိစ္စ နှင့် ပတ်သက်ပြီးတော့ ၊ အဲ့မြေယာကိစ္စမှလည်း ကျမက တွဲလုပ်တယ်ဆိုပြီးတော့ ကျုးကျော် တဲ့လူဆိုပြီး ထပ်ပြီး စွဲဆိုထားတာ။ အဲ့လိုနေရာမှ ကျမက ဘာမှ မလုပ်ဘူး။ ကျမဘာသာ အိမ်မှာအေးဆေးနေတာ ၊ သူတို့ဘာသာ တရားစွဲဆိုတာပဲ ။ အဲ့အမှုမှာ မြေလွတ်၊ မြေလပ် ၊ မြေရိုင်း ဥပဒေ ပုဒ်မ ၂၆ ၊ ၂၇ ၊ ၂၈ ၊ နောက်တစ်ခုက ရေချို ငါးလုပ်ငန်း ဥပဒေ ၄၄ ( ခ) ပုဒ်မ က တစ်ခု ၊ လက်ရှိတရားရုံးမှာ ရင်ဆိုင်နေရတုန်း ၊ အဲ့အမှုတွေက ဘာမှ မပြောတက်သေးဘူး။ တရားရင်ဆိုင်တုန်းပဲ ရှိသေးတာ ဘာမှ ပြောလို့မရသေးဘူး။ တရားရုံးမှာ ပထမက အမှု ၂ ခု ၊ အခု နောက်တစ်ခု စုစုပေါင်း ၃ ခု ၊ တရားစွဲဆိုခံထားရတာ။

မေး ။ ။ အခုလို တရားစွဲဆိုခံထားရတဲ့အခြေအနေအပေါ် ဘာများ ပြောပြချင်တာ ရှိလဲ။

ဖြေ ။ ။ အမေစု လာတဲ့ ခရီးစဉ် ၊ လူထု တွေ့ဆုံပွဲမှာ လူထုတွေရဲ့ ရင်ထဲက စကားတွေ ၊ လူထုတွေ ဒေသတွေမှ ဖြစ်ပေါ်နေတဲ့ စကားလုံး အဲ့တာကို အမေစုက သိချင်တဲ့အတွက် ကျမတို့က ပြောပြတာ။ အမေစု လာတဲ့အတွက် ပြောပြတာကို တရားစွဲဆိုခံရတဲ့အပေါ် နောက် ဒီဒေသ တွေမှ ဖြစ်တဲ့ လူတွေ အခက်အခဲတွေကို နောက်ထပ် မတင်ပြနိုင်အောင် ၊ မတင်ပြရဲအောင် ၊ ဟန့်တားနှောင့်ယှက်ပုံစံမျိုးနဲ့ တူတယ်။ အဲ့လိုပဲ ကျမက သုံးသပ်မိတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts