All News Peace

တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖုန်းအင်တာနက် သုံးမရတော့

ရန်ကုန်၊ ဇွန် ၂၂

AA နှင့် တပ်မတော်အကြား တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွင် မိုဘိုင်းလ်ဖုန်း ဒေတာနှင့် အင်တာနက်သုံးမရေတော့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ်ပြောဆိုသည်။

“မင်းပြားကပါ။ ဒီမနက်စပြီး ဖေ့ဘုတ်စ်လည်း ကြည့်မရတော့ဘူး။ အင်တာနက်လိုင်းဖွင့်လည်း မပွင့်ဘူး” ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။

မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှအောင်ကလည်း ယင်းသို့ ဒေသခံ အများအပြား ၎င်းထံဆက်သွယ်၍ အင်တာနက်သုံးမရသည့် ကိစ္စ ပြောဆိုလာကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

မြောက်ဦးဒေသခံတချို့ကလည်း ဖုန်းအင်တာနက် သုံးမရသည့်ကိစ္စ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ် သတင်းပေးပြောဆိုသည်။

ရခိုင်အခြေစိုက် Narinjara သတင်းဌာနကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် ဖုန်းဒေတာနှင့် အင်တာနက် ဖြတ်တောက်ထားကြောင်း သတင်းဖော်ပြသည်။

ရန်ကုန်ခေတ်သစ်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများထံ ဆက်သွယ်၍ အခြေအနေကို မေးမြန်းရန် ကြိုးပမ်းသော်လည်း တစ်စုံတစ်ဦးမှ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။

ရန်ကုန်ခေတ်သစ်အနေဖြင့် အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com