Local News political news

NLD အစိုးရ လက်အောက်မှ ရုန်းထွက်ကြရန် အဖမ်းခံနေရသည့် ကရင်နီလူငယ်ခေါင်းဆောင် တိုက်တွန်း

တရားစွဲရုံ၊ အမှုစွဲရုံသာ လုပ်တတ်သည့် NLD အစိုးရ လက်အောက်မှ ရုန်းထွက်ကြရန် အဖမ်းခံနေရသည့် ကရင်နီလူငယ်ခေါင်းဆောင် တိုက်တွန်း

ရန်ကုန်၊ ဇွန် ၂၄

တရားစွဲရုံ၊ အမှုစွဲရုံသာ လုပ်တတ်သည့် NLD အစိုးရလက်အောက်မှ လူထုအနေဖြင့် ရုန်းထွက်ကြရန် လိုအပ်ကြောင်း အမှုရင်ဆိုင်ပြီး အဖမ်းဆီးခံထားရသည့် ကရင်နီလူငယ် ခေါင်းဆောင် ခွန်သောမတ်စ်က ယနေ့ လွိုင်ကော်မြို့နယ် တရားရုံး ရုံးထုတ်တွင် ပြောဆိုလိုက်သည်။

“အခု တရားစွဲထားတဲ့ အမှုနဲ့ပတ်သက်ပြီး မျှတမှု လုံး၀ မရှိဘူး။ NLD အစိုးရ တက်လာပြီး တဲ့နောက်ပိုင်းမှာ ကျနော်တို့ ကရင်နီပြည်နယ်မှာ ဖြစ်တဲ့ ဖြစ်စဉ်တိုင်းမှာ ဒီအစိုးရက လုံး၀ တာဝန်ခံမှု ၊ တာဝန်ယူမှု လုံးဝမရှိဘူး။ ကျနော်တို့ အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဆက်ရင်ဆိုင်မယ်။ တစ်ချိန်ကျရင် ကျနော်တို့ အနိုင်ရမယ်လို့ ယုံကြည်တယ်။ အမှုစွဲရုံ၊ တရားစွဲရုံပဲ လုပ်တတ်တဲ့ အစိုးရအောက်မှာ နေရတဲ့ လူထုတွေအနေနဲ့ ဒီကနေ့စလို့ ရုန်းထွက်ဖို့ လိုပြီလို့ ကျနော်ပြောချင်ပါတယ်” ဟု ခွန်သောမတ်စ်က ပြောသည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ဖြင့် တရားစွဲဆိုခံထားရသော ကရင်နီ လူငယ် ၆ ဦးတို့ကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် လွိုင်ကော်မြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

ယနေ့ ရုံးထုတ်စစ်ဆေးမှုတွင် ကရင်နီလူငယ် ၆ ဦးတို့၏ အမှုအတွက် တရားလိုပြသက်သေ ၈ ဦးကို တင်သွင်းပြီး အမှုကို ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရကြောင်း ကရင်နီလူငယ် ခွန်းဘားနက်က ပြောဆိုသည်။

“ လက်ရှိတော့ တရားလို ၈ ယောက်နဲ့ စစ်ဆေးဖို့ရှိတယ်။ ၈ ယောက်လောက်နဲ့ စစ်ဆေးပြီးရင် အမှုကို စီရက်ချက်ချနိုင်မယ်လို့ တရားသူကြီးကတော့ ပြောတယ်။ ရုံးချိန်းကတော့ လာမည့် ဇူလိုင်လ ၃ ရက်နေ့ ပြန်ချိန်းဆိုထားတယ်။ နောက်ပိုင်း အခြေအနေကတော့ ကျနော်တို့ကတော့ စောင့်ကြည့်နေရမယ် “ ဟု ကရင်နီလူငယ် ခွန်းဘားနက်က ပြောသည်။

ကယားပြည်နယ်အစိုးရ၏ တရားစွဲဆိုခြင်း ခံထားရသည့် ကရင်နီလူငယ် ဒီးဒီး (ခ) စစ်မုန်း ၊ ပါစကွားလယ် ( ခ) မျိုးလှိုင်ဝင်း ၊ ခူးရီးရယ် ၊ ခွန်းသောမတ်စ် နဲ့ ခွန်းဂျွန်ပေါလ် ( ခ) ပျားလေးတို့က ဇွန် ၂၁ ရက်နေ့က လွိုင်ကော်မြို့ ၊ ချိကယ်ကျေးရွာအုပ်စု ၊ ကေ့ထျိုးခန်းမဆောင်တွင် ပြုလုပ်ခဲ့သည့် ၁၄၄ နှစ်မြောက် ကရင်နီ အမျိုးသားနေ့ အခမ်းအနားကို တက်ရောက်လာပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ အဖမ်းခံခဲ့ကြခြင်း ဖြစ်သည်။

ကရင်နီလူငယ် ၆ ဦးထဲက ခူးကြူးဖဲကေး (ခ) ဂူးဂူးအား ဇွန်လ ၂ ရက်နေ့က ဖရူဆိုမြို့ဝင်ဂိတ်တွင် ဖမ်းဆီးခဲ့ပြီး လွိုင်ကော်အကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းထားပြီး ဇွန်လ ၁၇ ရက်နေ့က ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

ကယားပြည်နယ် ဝန်ကြီးချုပ် အယ်ဖောင်းရှိုနှင့် ဝန်ကြီး ဦးမော်မော်တို့ကို နိုင်ငံရေး ရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသား သစ္စာဖောက်များ၊ တိုင်းရင်းသားများ သွေးစည်းချစ်ကြည်ရေး ၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် မတ်လ ၂၅ ရက်နေ့တွင် ကြေညာသည့် ကြေညာချက်တွင် လက်မှတ်ထိုးခဲ့သည့် ကရင်နီလူငယ် ၆ ဦးကို ကယားပြည်နယ်အစိုးရအဖွဲ့က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကာကွယ်ရေးဥပဒေ ပုဒ်မ ၁၀ ဖြင့် မေလ ၁၆ ရက်နေ့တွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com