All News Peace

တပ်မတော်နှင့် AA တိုက်ပွဲကြောင့် ပလက်ဝရှိ ရွာ ၅ ရွာ မှဒေသခံ ၆၀၀ ကျော်ထွက်ပြေးနေရ

ပလက်ဝ၊ ဇွန် ၁၀ (သတင်းတမန်)

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားနေသော တပ်မတော် နှင့် AA အကြားတိုက်များကြောင့် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ခုမှ ဒေသခံ ၆၀၀ ကျော် ထွက်ပြေးနေရကြောင်း သိရသည်။

ပိန္နဲတပင်၊ သဲမချောင်းဝ၊ ကျောက်ပျဉ်ထောင့်၊ ကြွေသောင်ရွာနှင့် လောင်းတင်ရွာ တို့မှ ဒေသခံ များဖြစ်ပြီး ဇွန် ၉ ရက်နေ့ နောက်ဆုံးရရှိသောစာရင်းအရ ပလက်ဝမြို့ပေါ်သို့ ရောက်ရှိ စစ်ရှောင်နေသူ ၆၃၆ ဦးရှိသည်ဟု စစ်ရှောင်များကို ကူညီနေသူတစ်ဦးဖြစ်သည့် ကိုကျော်ခင်က သတင်းတမန်သို့ပြောပြသည်။

ဇွန် ၈ ရက်နေ့ က ပလက်ဝမြို့နယ် နှင့် ၇ မိုင်ခန့်ကွာဝေးသည့် နေရာတွင် တပ်မတော်နှင့် AAတို့တိုက်ပွဲဖြစ်ပွားရာမှ ဒေသခံကျေးရွာများအနီးလက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒေသခံများထွက်ပြေးခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ဖြစ်စဉ်တွင် ဒေသခံများထိခိုက်မှုတစ်စုံတစ်ရာတော့မရှိကြောင်းသိရသည်။

လက်ရှိတွင် ထွက်ပြေးလာသော စစ်ရှောင်များကို ပလက်ဝမြို့ပေါ်ရှိ NLD ပါတီရုံး၊ ကြံ့ခိုင်ရေးပါတီရုံးနှင့် ဘုရားကျောင်းတို့တွင် နေရာချထားပေးကြောင်းသိရသည်။

၎င်းတို့အတွက် စားဝတ်နေရေးအကူအညီလိုကြောင်း စစ်ရှောင်များကိုကူညီနေသူထံမှသိရသည်။

စစ်ရှောင်များအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ် ၅၀၀ ပေးထားကြောင်း ကိုကျော်ခင်ကဆိုသည်။ ယင်းအပြင် ဘာသာရေးအသင်းအဖွဲ့များကလည်းထောက်ပံ့ထားကြောင်းသိရသည်။

တစ်ရက်လျှင် စစ်ရှောင်တစ်ဦးကို ဆန်နို့ဆီဗူး ၂ ဗူးပေးပြီး တစ်အိမ်ထောင်လျှင်၂၀၀၀ ကျပ်စီပေးကြောင်း သိရသည်။

တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်အတွင်းသို့ ဆန် အတားအဆီးမဲ့တင်သွင်းခြင်းကိုတပ်မတော်က ပိတ်ထားပြီး အရောင်းဆိုင်များအတွက်သာ ခွဲတန်းဖြင့်တင်သွင်းခွင့်ပြုထားကြောင်း၊ယနေ့ အခြေအနေတွင် ဆန်ဈေးမှာ အနည်းဆုံး ၂၈၀၀၀၊ အလတ်စား ၄၂၀၀၀၊ ပေါ်ဆန်းမွှေး ၅ သောင်း ကျပ်စသဖြင့် ဈေးတည်ငြိမ်နေကြောင်း ကိုကျော်ခင်က ပြောသည်။

နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်မှုအရ တပ်မတော်နှင့် AA ၏တိုက်ပွဲကြောင့် ယနေ့ထိ စစ်ရှောင်စခန်း ၁၀၈ ခုရှိနေပြီး စစ်ရှောင် ၃ သောင်းကျော်ရှိနေကြောင်းသိရသည်။

Y(သတင်းတမန်)

Photo Credit- Ram Tinthei
ပုံစာ- တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် ဒေသခံများ ( ဇွန် ၈)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts