All News Local News

ဆရာဝန်၃ဦးသေဆုံးသည့် ဖျာပုံယာဉ်တိုက်မှုဖြစ်စဉ်မှ ဆယ်ဘီးကား ယာဉ်မောင်း ထွက်ပြေးနေ

ဆရာဝန်၃ဦးသေဆုံးသည့် ဖျာပုံယာဉ်တိုက်မှုဖြစ်စဉ်မှ ဆယ်ဘီးကား ယာဉ်မောင်း ထွက်ပြေးနေ

ရန်ကုန်၊ ဇွန် ၁၁

ဧရာဝတီတိုင်း ဖျာပုံ – ကျိုက်လတ် လမ်းမကြီး ချောင်းတွင်း တံတားအနီးတွင် ဇွန်လ ၁၁ရက် မနက်ပိုင်းက ဓာတ်တိုင်များတင်ဆောင်ကာ ရပ်ထားသည့် ဆယ်ဘီးကားကို ဆရာဝန်များမောင်းနှင်းလာသော ကားကဝင်တိုက်မိရာမှ ကားပေါ်တွင်လိုက်ပါလာသော ဆရာဝန် ၃ဦး နေရာတွင် သေဆုံးခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖျာပုံမြို့နယ်ရဲစခန်းနှင့် အမှတ် ၈၀ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးတို့က ပူးပေါင်းကာ ယာဉ်မရပ်နေရာတွင် ရပ်တန့်ထားသော ဆယ်ဘီးကားမောင်းနှင်သူကို စုံစမ်းလျက်ရှိပြီး လက်ရှိချိန်တွင် တရားခံထွက်ပြေးတိမ်းရှောင်လျက်ရှိသည်ဟု အမှတ်(၈၀)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ခေတ္တတပ်ဖွဲ့စုမှုး ရဲအုပ်ဇာနည်ထွန်းက ဆိုသည်။

“ကျနော်တို့ကားပိုင်ရှင်ကို စုံစမ်းသိရှိရတာက တောင်ဒဂုံကလို့တော့သိရတယ်။ သူ့ကိုဆက်သွယ်ပြီး နေရာအတိအကျသိရအောင် စုံစမ်းတာတွေလုပ်နေတယ်။ တရားခံကတော့ ထွက်ပြေးတိမ်းရှောင်နေတုန်းပဲ”ဟုရဲအုပ် ဇာနည်ထွန်းကဆိုသည်။

ဆရာဝန် ၆ ဦး စီးနှင်လာသော မစ်ဆူ ဘီရှီ ကားသည် ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ဒေါက်တာဝေယံမျိုးထက်၊ ဒေါက်တာအေးမြတ်သူ၊ ဒေါက်တာပန်ဂျာထွယ်တို့ ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ကျန်ဆရာဝန် ၃ ဦးမှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဆယ်ဘီးကားမောင်းနှင်သောယာဉ်မောင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄- က(လူသေစေမှု)၊ ပုဒ်မ၃၃၇ (နာကျင်စေမှု)၊ ပုဒ်မ ၃၃၈ (အပြင်းအထန်ဒဏ်ရာရမှု)၊ ပုဒ်မ ၂ဝ၂ (ပြစ်မှုကျူးလွန်ကြောင်း သတင်းပေးရန် ပျက်ကွက်မှု) တို့ဖြင့် ဖျာပုံမြို့နယ်ရဲစခန်းတွင် အမှတ်(၈၀)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ခေတ္တတပ်ဖွဲ့စုမှုး ရဲအုပ်ဇာနည်ထွန်းက တရားလိုပြုလုပ်ကာ အမှုဖွင့်ထားကြောင်းသိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts