Features Local News political news

စစ်တပ်ရဲ့ လှူဒါန်းမှု နဲ့ ဦးဝီရသူကို အကြောင်းပြုလို့ မဘသ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းလှုပ်ရှားမှု တကျော့ပြန် ခေါင်းထောင်လာမလား

စစ်တပ်ရဲ့ လှူဒါန်းမှု နဲ့ ဦးဝီရသူကို အကြောင်းပြုလို့ မဘသ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းလှုပ်ရှားမှု တကျော့ပြန် ခေါင်းထောင်လာမလား

By သာလွန်ဇောင်းထက်/ ရန်ကုန်ခေတ်သစ်

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးက တရားမဝင် အဖွဲ့အစည်းအဖြစ်ကြေညာထားတဲ့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းရဲ့ နှစ်ပတ်လည် တွေ့ဆုံပွဲနဲ့ သြဝါဒခံယူပွဲကို အင်းစိန်မြို့နယ် အောင်ဆန်း တောရကျောင်းတိုက်မှာ ဇွန်လ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တွေမှာ ကျင်းပခဲ့ပြီး ဒီပွဲကို တပ်မတော်က တရားဝင် သိန်း ၃၀၀ လှူဒါန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံကိုယ်တိုင် ဒီနှစ်ပတ်လည် တွေ့ဆုံပွဲကို တက်ရောက်ပြီး သိန်း ၃၀၀ လှူဒါန်းခဲ့တဲ့အပြင် တပ်မတော်က ဆောက်လုပ်ထားတဲ့ သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်မှာလည်း မဟာသမသုတ် ပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခဲ့ပါသေးတယ်။

မဘသ အဖွဲ့က နေ အသွင်ပြောင်းထားတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း ကို ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ နိုင်ငံတော်သံဃမဟာနာယအဖွဲ့က တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့အပြင် အဖွဲ့အစည်း ဆက်လက် တည်ရှိမယ်ဆိုရင် သံဃာ အဖွဲ့အစည်း ဥပဒေ ၂၀ / ၉၀ အရေးယူမယ်လို့ လည်း ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ လူဖြစ်ရင် ဥပဒေနှင့်အညီ အရေးယူမှာဖြစ်ပြီး သံဃာဖြစ်ရင်တော့ သံဃာအဖွဲ့အစည်းဥပဒေနဲ့ အရေးယူမယ်လို့လည်း ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

ဦးဝီရသူ အကြောင်းပြု၍

ပုံမှန်အားဖြင့်တော့ ၂၀၁၈ ခုနှစ် ဇူလိုင်လ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကို တရားမဝင် အဖွဲ့အစည်း အဖြစ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးက ကြေညာပြီးတဲ့နောက်မှာတော့ အဲဒီဖောင်ဒေးရှင်းရဲ့ ပုံရိပ်တွေ အတော်ကို ငြိမ်သက်သွားခဲ့ပါတယ်။

၂၀၁၉ ခုနှစ် မေလအတွင်း တောင်ဒဂုံဖြစ်စဉ်၊ ဦးဝီရသူကို ပုဒ်မ ၁၂၄ (က) နဲ့ အရေးယူမှုတွေ ဖြစ်ပေါ်လာပြီးတဲ့နောက်မှာမှ အဲဒီအဖွဲ့ကြီးရဲ့ နှစ်ပတ်လည် တွေ့ဆုံမှုခေါ်ယူမှုတွေ လုပ်ဆောင်လာတဲ့အပြင် အချက် ၇ ချက်ပါ ကြေညာချက်ကို ပါ ထုတ်ပြန်လိုက်ပါတယ်။ အဓိကအားဖြင့်တော့ ဦးဝီရသူ အစိုးရဘက်က တရားစွဲဆိုမှုပေါ် မူတည်ပြီးတော့ အုံကြွလာတဲ့သဘောလို့ လည်းဆိုနိုင်ပါတယ်။

အဲဒီကြေညာချက်က ထူးခြားတဲ့အပြင် လက်ရှိ NLD အစိုးရ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက် အားလုံးကို ကန့်ကွက်ရှုတ်ချတဲ့အပြင် လက်ရှိ တိုင်းပြည်နဲ့ လူမျိုး ဘာသာ သာသနာကို ပျက်စီးအောင် လုပ်ရပ်တွေနဲ့ လုပ်ရပ်တွေမှာ ပါဝင်သူတွေအားလုံး ဆန္ဒမဲ မပေးခြင်း အပြင် တရားနဲ့အညီ ရတဲ့ နည်းနဲ့ တွန်းလှန်ဖယ်ရှားကြလို့လည်း ရဟန်း၊ ရှင်လူ ပြည်သူအားလုံးကို တိုက်တွန်း တယ်လို့ ဖော်ပြထားပါတယ်။

မဘသအမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအနေနဲ့ NLD အစိုးရကို မဲမပေးဖို့နဲ့ တွန်းလှန်ဖယ်ရှားကြဖို့ တိုက်တွန်းချက်ဟာ နောက်ဆုံး ကြေညာချက်သဘောဆောင်သလို ဒီအတိုင်းဖြစ်လာဖို့လည်း ဆက်လက်ပြီး လုပ်ဆောင်သွားမယ့် အခြေအနေတွေလည်း မြင်တွေ့ရပါတယ်။

ဒါ့အပြင် သံဃာတွေ မဲပေးခွင့်ရဖို့ကိုလည်း ဒီညီလာခံမှာ ဆွေးနွေးလာတာ တွေ့မြင်ရပါတယ်။ ဒီတောင်းဆိုမှုတွေက ရှေ့ဆက်ပြီး သွားမယ့် အလားအလာလည်းရှိနေပါတယ်။

စစ်တပ်၏ လှူဒါန်းမှု

မဘသ အမျိုးသားရေး လှုပ်ရှားမှုတွေရဲ့ နောက်ကွယ်မှာ စစ်တပ်ရှိတယ်ဆိုပြီး နိုင်ငံရေး အသိုင်းအဝိုင်းဘက်က ဝေန်မှုတွေရှိခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိတော့ သက်သေ သာဓက မပြနိုင်သေးပါဘူး။ သို့ပေမယ့် သိသာမြင်သာတဲ့ လှူဒါန်းမှုတွေကတော့တွေ အမြဲလိုလို ရှိနေခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မန္တလေးမစိုးရိမ်တိုက်သစ်ကို သွားရောက်ပြီး ဆွမ်းလှူဒါန်းတာတွေ၊ ဦးဝီရသူ အပါအဝင် သံဃာတွေကို လှူဒါန်းမှုတွေ လုပ်ဆောင်ခဲ့တဲ့အပြင် မစိုးရိမ်တိုက်သစ်ကို ငွေကျပ် သိန်း ၂၀၀ ကျော် လှူဒါန်းခဲ့ပါသေးတယ်။

အခုနောက်ဆုံး ထင်သာမြင်သာရှိလာတာကတော့ မဘသ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို ငွေကျပ် သိန်း ၃၀၀ လှူဒါန်းမှုပဲဖြစ်ပါတယ်။ မဘသ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို စစ်တပ်က လှူဒါန်းမှုတွေရှိတာမို့ အမျိုးသားရေး မဘသ လှုပ်ရှားမှုအတွက် စစ်တပ်က ထောက်ပံ့လှူဒါန်းထားတယ်ဆိုတာတော့ ဘယ်လိုမှ မငြင်းနိုင်တော့ပါဘူး။

မဘသအမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းရဲ့ ဆင့်ကဲ ဖြစ်ပေါ်လာမှုကို ကြည့်ရအောင်ပါ။

မဘသ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း

၂၀၁၇ မေလ ၂၃ ရက်နေ့မှာ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို တရားမဝင် အဖွဲ့အစည်းအဖြစ် နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ က ကြေညာဆုံးဖြတ်ပြီး ဆိုင်းဘုတ်တွေအားလုံးကို ဖြုတ်ချခိုင်းခဲ့ပါတယ်။ နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ (မဟန) ရဲ့ ၄၇ ပါး စုံညီ အထူးအစည်းအဝေးက ဒီလို ဆုံးဖြတ်တာဖြစ်လို့ နေရာတစ်ချို့ကလွဲရင် တစ်နိုင်ငံလုံးမှာ မဘသ ဆိုင်းဘုတ်တွေ ဖြုတ်ချလိုက်ရပါတယ်။

ဒါပေမယ့်လည်း မဘသ အနေနဲ့မဟုတ်တော့ဘဲ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းဆိုတဲ့ အမည်နဲ့ အသွင်ပြောင်းပြီး မဘသ လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ မဟနရဲ့ ၄၇ ပါး စုံညီအစည်းအဝေးကပဲ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းဟာ တရားမဝင် အဖွဲ့အစည်း ဖြစ်လို့ ၄၅ ရက်အတွင်း တစ်နိုင်ငံလုံး ဆိုင်းဘုတ်တွေ ထပ်မံဖြုတ်ချဖို့ ညွှန်ကြားလိုက်ပါတယ်။

ဒီညွှန်ကြားချက်ကို မလိုက်နာဘူးဆိုရင်တော့ သံဃာဆိုရင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ နဲ့အရေးယူမှာဖြစ်ပြီး လူပုဂ္ဂိုလ်ဆိုရင်တော့ တရားဥပဒေနဲ့အညီ အရေးယူမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်ကို လက်မခံဘဲ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအနေနဲ့ အများဆုံးဖြတ်ချက်နဲ့ပဲ ဆက်လက် ရပ်တည်၊ မရပ်တည် ဆုံးဖြတ်မယ်လို့ အဲဒီဖောင်ဒေးရှင်းဘက်က ထုတ်ပြန်ပါတယ်။ ဒါပေမယ့်လည်း ဓမ္မစက်၊ အာဏာစက်တွေ သုံးပြီး ညွှန်ကြားလာတာမို့ မဘသအသွင်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဆက်လက်ရပ်တည်နိုင်မယ့် အခွင့်အရေးက နည်းပါးလာနေပြီး နိဂုံးချုပ်ဖို့က သေချာသလောက်ဖြစ်နေပါပြီ။

မဘသ နိဒါန်း

၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့ ရခိုင်ပြည်နယ်၊ ကျောက်နီမှော် ကျေးရွာမှ အသက် ၂၆ နှစ်အရွယ် မသီတာထွေး မုဒိမ်းကျင့်သတ်ဖြတ်ခံလိုက်ရပြီး သတ်ဖြတ်သူတွေဟာ လူမျိုးခြား၊ ဘာသာခြားဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ စတင်ပျံ့နှံ့ခဲ့ပါတယ်။ ဒီသတင်းတွေနဲ့အတူ လက်စားချေ လက်တုံ့ပြန်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ၊ ဇွန်လ ၃ ရက်နေ့ တောင်ကုတ်မြို့မှာ လိုင်းကားစီးနင်းလာတဲ့ မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံလိုက်ရပါတယ်။ ဒီသတ်ဖြတ်မှု ဖြစ်စဉ်နှစ်ခုက မြန်မာတစ်နိုင်ငံလုံးကို ခြိမ်းခြောက်နေတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စဉ်တွေရဲ့ အစဖြစ်သလို မဘသ အဖွဲ့ကြီး ပေါ်ထွန်းလာမယ့် နိဒါန်းလည်းဖြစ်ပါတယ်။ မွတ်စလင် ဆန့်ကျင်ရေး ဆိုတဲ့ အန္တရာယ်ရှိတဲ့ အစွန်းရောက် ဝါဒ ခေါင်းထောင်လာစေတဲ့ ဖြစ်စဉ် နှစ်ခု ဆိုရင်လည်း မမှားနိုင်ပါဘူး။

အဲဒီဖြစ်စဉ်နှစ်ခုဖြစ်ပေါ်ပြီးတဲ့နောက် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်အတွင်း နှစ်ဖက် လူ့အဖွဲ့အစည်းတွေကြားမှာ အဓိကရုဏ်းတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ ဇွန်လ ၈ ရက်နေ့ မောင်တောမြို့နယ်မှာ အသတ်ခံလိုက်ရတဲ့ မွတ်စလင် ၁၀ ဦး ကိစ္စ ကန့်ကွက်ဆန္ဒပြကြပြီး ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်း ဖြိုခွဲလို့ သေကျေမှုတွေရှိခဲ့ပါတယ်။ အဲဒီနောက်တော့ ရခိုင်တွေနဲ့ မွတ်စလင်တွေအကြား အဓိကရုဏ်းတွေ ဖြစ်ပွားပြီး အရေးပေါ် အခြေအနေကြေညာလိုက်ရပါတယ်။ ၈၈ ဦး သေဆုံးပြီး အိမ်ခြေပေါင်း ၂၅၂၈ လုံးပျက်စီးကာ လူဦးရေ ၉ သောင်း ထွက်ပြေးခဲ့ရပါတယ်။

နှစ်ပေါင်းများစွာကတည်းက ရခိုင်နဲ့ မွတ်စလင်တွေကြားက မပြေလည်မှုတွေက မှုခင်းဖြစ်စဉ်တစ်ခုကို လူမျိုးရေး ဘာသာရေး ခွဲခြားလှုံ့ဆော်မှုတွေကြောင့် မီးဟုန်းဟုန်းစတင် တောက်လောင်ခဲ့ရတယ် ဆိုရင် မမှားပါဘူး။ ဒီဖြစ်စဉ်မှာ အဓိကအားဖြင့် အဲဒီအချိန်က အစိုးရထိပ်တန်း ခေါင်းဆောင်ပိုင်းဝန်ကြီးအဆင့်နဲ့ ညွှန်ကြားရေးမှူးအဆင့် က လှုံ့ဆော်မှု၊ လူမှုကွန်ရက်ကနေ ဓာတ်ပုံတွေ ဖြန့်ဝေမှုဟာလည်း အဓိကရုဏ်းဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

အဲဒီအချိန်က ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမတ်နေရာ ၄၅ နေရာလုံး အနိုင်ရပြီး အောင်ပွဲခံနေချိန်ဖြစ်တဲ့အပြင် ၂၀၁၀ မဲလိမ် မဲခိုးမှုတွေနဲ့ တက်လာတဲ့ အာဏာရှိသူတွေတို့အဖို့ နိုင်ငံရေးအရ ဘယ်လို ပြည်သူ ထောက်ခံမှု ရမလဲ ဆိုတာကို ပြင်ဆင်တွေးတောနေရချိန်လည်းဖြစ်ပါတယ်။

ဒီလို အဓိကရုဏ်းတွေကြောင့် မဘသ လို့ ခေါ်တဲ့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့ ဖြစ်လာမယ့် အခြေအနေတစ်ခုကို တွန်းပို့ခဲ့သလို ပြည်သူထောက်ခံမှု မရှိတဲ့သူတွေအနေနဲ့ နောင် ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိဖို့ နိုင်ငံရေးအမြတ်ထုတ်တဲ့ နည်းလမ်းအဖြစ် ဘာသာရေးနဲ့ လူမျိုးရေး ကို အသုံးချဖို့ အကွက်ရသွားစေတာပါပဲ။

မဘသအစ ၉၆၉ က

ရခိုင်အဓိကရုဏ်းဖြစ်စဉ်ပြီးတဲ့နောက်ပိုင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဖြစ်ပေါ်လာပြီး အဲဒီအထဲမှာ ၉၆၉ လှုပ်ရှားမှုလို့ခေါ်တဲ့ အမျိုးသားရေး လှုပ်ရှားမှု အရှိန်တက်လာပါတယ်။ ဒီလို လှုပ်ရှားမှုတွေထဲမှာ နာမည်ကျော် ဘုန်းကြီးတစ်ပါး ပေါ်ထွက်လာပြီး သူကတော့ ဦးဝီရသူပါပဲ။

၉၆၉ ဆိုတာ ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာ့ ဂုဏ်တော် ၉ ပါးကို ရည်ရွယ်တာဖြစ်ပြီး အဲဒီ ၉၆၉ အဖွဲ့ကို မော်လမြိုင်မြို့မှာ သံဃာ ၅ ပါးနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ၉၆၉ အဖွဲ့ဟာ ၁၉၉၉ ခုနှစ်လောက်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး ၂၀၁၂ နောက်ပိုင်းမှာတော့ အမျိုးသားရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက လှုပ်ရှားမှုသင်္ကေတအဖြစ် စွဲယူသုံးစွဲလာတာဖြစ်ပါတယ်။

၉၆၉လှုပ်ရှားမှုနဲ့အတူ “ငါတို့အရိုး စည်းရိုးထိုး၍ ကာသင့်ပါလ ျှင် ကာရမည်” ဆိုတဲ့ ဆောင်ပုဒ်ဟာလည်း ကျယ်ပြန့်လာပါတယ်။ ၉၆၉ လှုပ်ရှားမှုဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျံ့နှံ့ခဲ့ပြီး မွတ်စလင်တွေရဲ့ ဘာသာရေး အမှတ်တံဆိပ်ဖြစ်တဲ့ ၇၈၆ ကို တန်ပြန်တဲ့ လှုပ်ရှားမှု ပုံစံဖြစ်လာပါတယ်။ ဘာသာရေးပဋိပက္ခ ဖြစ်ပွားစေဖို့ လှုံ့ဆော်မှုတွေမှာ ၉၆၉ တံဆိပ်တွေဟာ ကျယ်ကျယ်ပြန့်ပြန့်မြင်လာရပါတယ်။

၂၀၁၈ ခုနှစ်အတွင်းမှာ တပ်မတော်က Mytel ဆက်သွယ်ရေး ကုမ္မဏီအမည်နဲ့ မိုဘိုင်းလ် Sim Card ထုတ်ဝေရာမှာလည်း ၉၆၉ နဲ့စတဲ့ နံပါတ်ကို သုံးခဲ့တာကလည်း ထူးခြားချက်တစ်ခု ပြည်တွင်းပြည်ပ အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

မိထ္တီလာ အဓိကရုဏ်း

၂၀၁၃ ခုနှစ် မတ်လမှာတော့ မန္တလေးတိုင်း မိထ္တီလာမှာ ရွှေဆိုင်တစ်ခုအတွင်းမှာ ဖြစ်ပွားတဲ့ ရန်ဖြစ်မှုက အစပြုလို့ မိတ္တီလာမှာ အဓိကရုဏ်းအကြီးအကျယ်ဖြစ်ခဲ့ပါတယ်။ ဒီအဓိကရုဏ်းမှာတော့ အဓိက ဆက်နွယ်တာ ဘာသာရေးလှုံ့ဆော်မှုတွေဖြစ်ပြီး အကြမ်းဖက်မှုတွေဟာ ရဲတွေ ရှေ့မှာ တင်ဖြစ်ပျက်ခဲ့ပါတယ်။ ရဲတွေဟာ တားဆီးနိုင်ခဲ့ခြင်းမရှိသလို တုတ်၊ ဓားကိုင်ဆောင်ထားသူတွေကို နေရာအနှံ့မှာ တွေ့မြင်ခဲ့ရပါတယ်။ မိထ္တီလာ အဓိကရုဏ်းမှာ ၄၂ ဦးသေဆုံးပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားက “မီးမွှေးတဲ့ ဝါဒဖြန့်မှုများ” ကြောင့် အဓိက ရုဏ်း ဖြစ်ရတာဖြစ်ပြီး “ရက်စက်လွန်းတဲ့ ပရိသေသပ်မှု” လို့ အကြမ်းဖက်မှုတွေကို ခေါ်ဆိုသုံးနှုန်းသွားခဲ့ပါတယ်။

အဓိကရုဏ်းများ

၂၀၁၃ ခုနှစ် သြဂုတ်လမှာ ကန့်ဘလူ၊ ၂၀၁၄ ဇန်နဝါရီလမှာ ရခိုင်ပြည်နယ်၊ ၂၀၁၄ ဇွန်လမှာ မန္တလေးတိုင်း၊ ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်တွေမှာတော့ အဓိကရုဏ်းတွေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားစေခဲ့ပါတယ်။ ဒီဖြစ်ပွားတွေရဲ့ နောက်ကွယ်မှာ အစွန်းရောက် အမျိုးသားရေး ဝါဒီတွေရှိနေတယ်ဆိုပြီး နိုင်ငံတကာနဲ့ ကမ္ဘာက စွပ်စွဲမှုတွေအမြဲလိုလိုရှိခဲ့ပါတယ်။

မဘသ ဖွဲ့စည်းခြင်း

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ( မဘသ) ကို ၂၀၁၄ ခုနှစ် ဇွန်လအတွင်းမှာ ရန်ကုန်မြို့မှာ ဖွဲ့စည်းလိုက်ပါတယ်။ ၉၆၉ လှုပ်ရှားမှု စတင်နဲ့ နာမည်ကျော်ကြားလာတဲ့ အရှင်ဝီရသူက မဘသမှာ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်ပြီး မဘသ အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ဘဒ္ဒန္တတိလောကာဘိဝံသ၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ၊ ရွာမပရိယတ္တိစာသင်တိုက်က တာဝန်ယူခဲ့ပါတယ်။

ဦးဝီရသူနှင့် မဘသ

မဘသဆိုလိုက်ရင် နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပကပါ ဦးဝီရသူကို ပြေးမြင်ကြပြီး ဦးဝီရသူဟာ မဘသရဲ့ ဦးဆောင်သူအဖြစ် မြင်လာကြပါတယ်။ အရှင်ဝီရသူက ” အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့” တရားဟောပြောမှုနဲ့ နာမည်ကျော်ကြားလာပြီး တရားဟောပြောမှုတွေမှာ မွတ်စလင်ဆန့်ကျင်ရေးကို ဦးတည်ပြောဆိုတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်ကို မွတ်စလင် နောက်လိုက်တွေ အဖြစ် မကြာခဏ စွပ်စွဲပြောဆိုခဲ့ပါတယ်။ အရှင်ဝီရသူ ကိုယ်တိုင် ဦးဆောင်ပြီး အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး၊ အခြေခံဥပဒေ ပုဒ်မ ၄၃၆ မပြင်ဆင်ရေး ဆိုတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကိုလည်း မြင်လာရပါတယ်။ မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးလှုပ်ရှားမှုတွေဟာလည်း တစ်နိုင်ငံလုံး အရှိန်တက်လာခဲ့ပြန်ပါတယ်။

၂၀၁၃ ခုနှစ် မိထ္တီလာအဓိကရုဏ်း အစပျိုးချိန် ဦးဝီရသူ မိထ္တီလာသွားရောက်ပြီးကာမှ အဓိကရုဏ်းတွေ အရှိန်မြှင့်လာခဲ့ပေမယ့်လည်း အဲဒီအချိန် သမ္မတဦးသိန်းစိန်အစိုးရက တစ်စုံတစ်ရာ အရေးယူမှု မရှိခဲ့ပါဘူး။

အရှင်ဦးဝီရသူဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့မှာ သီရီလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှာ ကျင်းပခဲ့တဲ့ Bodu Bala Sena(BBS) ခေါ် ဗုဒ္ဓဘာသာအင်အားစုအဖွဲ့ ညီလာခံကို တက်ရောက်ခဲ့ပြီး သီရလင်္ကာပုံစံ နိုင်ငံရေးအခြေအနေ ဖန်တီးဖို့လည်း စိတ်အားထက်သန်ခဲ့ပါတယ်။ သီရိလင်္ကာမှာ ဘုန်းတော်ကြီးတွေက နိုင်ငံရေးမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခွင့်ရရှိနေတာပါ။

ကမ္ဘာကျော် TIME မဂ္ဂဇင်းက အရှင်ဝီရသူကို မြန်မာ့ဘင်လာဒင် ဆိုတဲ့ အမည်ပေး ခေါ်ဝေါ် သတ်မှတ်ခဲ့ပါတယ်။

မဘသရဲ့နိုင်ငံရေး ခြေလှမ်းများ

စတင်ဖွဲ့စည်းချိန်ကစလို့ မဘသ အဖွဲ့ အဓိက လူမှုရေး၊ သာသနာရေးလှုပ်ရှားမှုတွေနဲ့အတူ မွတ်စလင်ဆန့်ကျင်ရေး တွေ ရှိခဲ့သလို အခြားဘက်မှာ နိုင်ငံရေးအရ လှုပ်ရှားမှုတွေရှိခဲ့ပါတယ်။ အထူးသဖြင့်တော့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုတွေ၊ ဆန္ဒပြပွဲတွေ၊ ချီတက်ပွဲတွေ ခြိမ့်ခြိမ့်သဲကျင်းပခဲ့တာပါ။ ဒီခြေလှမ်းတွေကြောင့် နောက်ဆုံးမှာ သမ္မတဦးသိန်းစိန်အစိုးရနဲ့ ကြံံ့ခိုင်ရေးပါတီက ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှာလည်းကောင်း၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှာလည်းကောင်း၊ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကို၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့မှာလည်းကောင်း၊ လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ၂၀၁၅ ခုနှစ် မေလ ၁၉ ရက်နေ့မှာလည်းကောင်း မျိုးစောင့်ဥပဒေ ၄ ခုကို တရားဝင်ပြဋ္ဌာန်းပေးလိုက်ပါတယ်။

နိုင်ငံတကာနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေဘက်က ဒီမျိုးစောင့်ဥပဒေကို အကြီးအကျယ်ကန့်ကွက်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။

မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ ၂၀၁၅ ရွေးကောက်ပွဲ

သမ္မတဦးသိန်းအစိုးရနဲ့ ကြံ့ခိုင်ရေးပါတီဘက်က အမျိုးသားရေးလှုပ်ရှားမှုနဲ့ မဘသ အဖွဲ့ ကို အသိအမှတ်ပြုပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့တာကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရနိုင်တယ်ဆိုတဲ့ တွက်ဆမှုတွေရှိခဲ့ပါတယ်။ ကြံ့ခိုင်ရေးပါတီကိုယ်တိုင်ကလည်း ဒီလိုပဲ တွက်ဆမှုတွေရှိခဲ့ပေမယ့်လည်း လက်တွေ့မှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၈၀ ရာခိုင်နှုန်းနီးပါး နဲ့အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ၂၀၁၃ လောက်ကတည်းက အစပျိုးခဲ့တဲ့ အမျိုးသားရေး လှုပ်ရှားမှုကြောင့် NLD အနိုင်မရဘူးဆိုတဲ့ ယူဆချက်တွေအားလုံးကို ရိုက်ချိုးပစ်လိုက်နိုင်ခဲ့ပါတယ်။

သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ ၂၀/၉၀

၁၉၉၀ ပြည့်နှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ က ဗိုလ်ချုပ်မှူးကြီးစောမောင် လက်မှတ်ရေးထိုးပြီး သံဃာ အဖွဲ့အစည်းဆိုင်ရာ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေမှာ ပြဋ္ဌာန်းချက် ပုဒ်မ ၁၈ ခုပါဝင်ပြီး သံဃာဂိုဏ်း ၉ ဂိုဏ်းကလွဲလို့ ဘယ်အဖွဲ့ကို အသိအမှတ်မပြုပါဘူး။ အဲဒီဥပဒေအရ သံဃာ့ ဂိုဏ်းသစ်တွေ ဖွဲ့စည်းခွင့်မပြုသလို သံဃာနာယကအဖွဲ့ရဲ့ ကြီးကြပ်မှုမခံတဲ့ သံဃာ အဖွဲ့အစည်းသစ်တွေ ဖွဲ့စည်းခွင့်မပြုဘူးလို့ တားမြစ်ထားတာပါ။ အဲဒီဥပဒေကို ချိုးဖောက်ရင်တော့အနည်းဆုံး ထောင်ဒဏ် ၆ လကနေ အများဆုံးထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ မဘသအဖွဲ့နဲ့ မဘသ အသွင်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို ၄၅ ရက်အတွက် မဖျက်သိမ်းရင် သံဃာဆိုရင် သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ နဲ့အရေးယူမယ်လို့ မဟနက တရားဝင် အသိပေးညွှန်ကြားထားပါတယ်။

မဘသ နိဂုံး (သို့မဟုတ်) နောက်ဆုံးခံတပ်မှ ရှင်သန်လာခြင်း

NLD ပါတီ အနိုင်ရရှိပြီးချိန်မှာတော့ အမျိုးသားရေးလှုပ်ရှားမှုတွေကို ပြည်သူတွေက မထောက်ခံဘူးဆိုတာ ထင်ရှားပေါ်လွင်ခဲ့ပြီး အရှိန်လေ ျှာ့ သွားပါတယ်။ ၂၀၁၇ မှာတော့ မဘသ ဖျက်သိမ်းဖို့ မဟနက ညွှန်ကြားခဲ့ပြီး မဘသကို ပရဟိတဖောင်ဒေးရှင်းအဖြစ် အသွင်ပြောင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၈ ခုနှစ်မှာ ထပ်မံပြီး ဖျက်သိမ်းဖို့ မဟနက ညွှန်ကြားခဲ့တာမို့ သိပ်မကြာခင်မှာ မဘသ အဖွဲ့ဟာ နိဂုံးချုပ်တော့မှာပါ။ နိုင်ငံရေးရည်ရွယ်ချက်တွေပါတဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေဟာ လူထုထောက်ခံမှုမရှိရင် မအောင်မြင်နိုင်ဘူးဆိုတာ သိသာပေမယ့်လည်း အခုအချိန်အထိတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေအပေါ် ကြီးမားတဲ့ ခြိမ်းခြောက်မှုကတော့ ရှိနေဆဲပါပဲ။

အမျိုးသားရေးလှုပ်ရှားမှုတွေကို နောက်ကွယ်ကနေ ငွေအင်အား၊ လူအင်အား ကြီးကြီးမားမားထောက်ပံ့မှုတွေကလည်း ရှိနေဆဲပါပဲ။ မဘသအဖွဲ့ ဆိုတဲ့ နာမည်နဲ့ နိဂုံးချုပ်သွားပေမယ့်လည်း ယုံကြည် သက်ဝင်လှုပ်ရှားနေသူ ရှိနေဆဲမို့ အချိန်မရွေး ပြန်လည် နိုးထနိုင်သလို ဒီမိုကရေစီအင်အားစု အားနည်းချိန် ရွေးကောက်ပွဲတွေမှာ အနိုင်ရပြီး ပြန်လည် ခေါင်းထောင်လာမယ့် အခြေအနေတွေကတော့ ရှိနေပါတယ်။

၂၀၂၀ သည် ပစ်မှတ်လား

၂၀၂၀ ရွေးကောက်ပွဲ ကာလ မတိုင်မီမှာ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းက လက်ရှိ အစိုးရကို မဲမပေးဖို့နဲ့ တွန်းလှန်ဖယ်ရှားကြဖို့ တိုက်တွန်းလိုက်တာမို့ ဒါဟာ ၂၀၂၀ ကို ပစ်မှတ်ထားနေတာ အသေအချာပါပဲ။

နိဂုံးချုပ်နေပြီဖြစ်တဲ့ မဘသဟာ ဦးဝီရသူ ကို အကြောင်းပြုလို့ လှုပ်ရှားမှုတွေနဲ့ ပြန်လည် အားကောင်းလာမယ့် အခြေအနေရှိတဲ့အပြင် စစ်တပ်ရဲ့ထောက်ပံ့ လှူဒါန်းမှုတွေကြောင့် အမျိုးသားရေး လှုပ်ရှားမှုတွေဟာ ပြန်လည် အားကောင်းလာမယ့် အခြေအနေတွေ မြင်နေရတာကတော့ အသေအချာပါပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com