All News Local News Peace

ကျောက်တော်မြို့မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၄၅ ဦးစုပေါင်း နုတ်ထွက်မှု မြို့နယ်အုပ်ချုပ်ရေးမှူး လက်မခံဟုဆို

ကျောက်တော်မြို့မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၄၅ ဦးစုပေါင်း နုတ်ထွက်မှု မြို့နယ်အုပ်ချုပ်ရေးမှူး လက်မခံဟုဆို

ရန်ကုန်၊ ဇွန် ၅

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ကျေးရွာ တာဝန်ခံ စုစုပေါင်း ၂ ဦးကို စစ်တပ်က ဖမ်းဆီးခံထားသည့် ကိစ္စ နှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ်မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၄၅ ဦး စုပေါင်း နုတ်ထွက်စာတင်သွင်းလိုက်သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက လက်မခံကြောင်း သိရှိရသည်။

ကျောက်တော်မြို့နယ် ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၅ ဦး သည် ဇွန်လ ၄ ရက်နေ့ ညနေပိုင်းတွင် မြို့နယ် အုပ်ချုပ်ရေးမှူး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးသို့ သူတို့ ၏ တံဆိပ်တုံးများနှင့် နှုတ်ထွက်စာကို စုပေါင်းလက်မှတ်ရေးထိုးကာ သွားရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့နယ် ၊ အလယ်ကျွန်းကျေးရွာ အုပ်စု ၊ ရွှေပြည်ကျေးရွာ တာဝန်ခံ ဦးသိန်းစိုးအောင်နှင့် မင်းသားတောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်တို့ ကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိတွင် အကြမ်းဖက်ဥပဒေ နှင့် အမှုဖွင့်ထားသည့်အတွက် ၎င်းတို့၏ လုံခြုံမှုအားနည်းလာခြင်းအပေါ် စိုးရိမ်ပူပန်များ ရှိလာခြင်းကြောင့် ယခုကဲ့သို့ နှုတ်ထွက်စာ တင်ခြင်း ဖြစ်ကြောင်း မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင် က ပြောဆိုသည်။

“ ကျနော်တို့ မြို့သစ်အုပ်ချုပ်ရေးမှူး ၄၅ ယောက်က မနေ့က နှုတ်ထွက်စာ တင်ပါတယ်။ နှုတ်ထွက်ရတဲ့အကြောင်းအရင်းက တပ်မတော်က သူတို့ ဖမ်းချင်သလို ဖမ်းပြီးတော့ သူတို့ တပ်ထဲမှာ တချို့ဆိုရင် တစ်ပတ် ၊ ၃ ရက် ထားပြီးမှ ရဲစခန်းကို ပို့တော့ ကျနော်တို့အတွက် ဘာမှ မလုံခြုံဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးက တစ်ဆင့် သူတို့ စစ်ဆေးဖို့ ခေါ်ရမယ်လေ။ မြို့နယ်အုပ်ချုပ်ရေးမှူးကို အကြောင်းမကြောင်းဘဲ ဖမ်းချင်သလို ဖမ်းတယ်။ ဒါကြောင့် ကျနော်တို့က မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဆင့် မေးဖို့ တောင်းဆိုထားတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကလည်း ဘာမှ တာဝန်မခံပါဘူး။ ကျနော်တို့ကို နှုတ်မထွက်ဖို့ အတင်းပြောတာပေါ့ ။ သူတို့ကတော့ တံဆိပ်တွေ ထားဖို့ လက်မခံပါဘူး ။ ဒါပေမဲ့ ကျနော်တို့ကတော့ လုံးဝ မလုပ်တော့ဘူး။ တံဆိပ်တွေ ဒီတိုင်း စားပွဲမှာပဲ အတင်း ထားခဲ့တာ “ ဟု ကျောက်တော်မြို့နယ် ၊ မြို့သစ် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင် က ပြောသည်။

စုပေါင်းနုတ်ထွက်လွှာတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး (သို့ ) တာဝန်ခံ တစ်ဦးဦးကို မေးမြန်းစစ်ဆေးရန် ပေါ်ပေါက်ပါက တပ်မတော်အနေဖြင့် တိုက်ရိုက်ခေါ်ဆောင်ခြင်းမပြုဘဲ မြို့နယ်အုပ်ချုပ်ရေးမှူး၏ မေးမြန်း စစ်ဆေးချက်ကို အခြေခံပြီး လိုအပ်ပါက ဆက်လက်စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စုံစမ်းစစ်ဆေးပေးပါရန် နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ နှင့် ပြည်နယ်လွှတ်တော်မှ တစ်ဆင့် သင့်တော်သလို ဆောင်ရွက်ဖွဲ့စည်းပေးရန် ဖော်ပြ တောင်းဆိုထားသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့က မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ လပတ်အစည်းအဝေးပြုလုပ်နေစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးတချို့တို့ကို ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့သည့်အတွက် မြောက်ဦး မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀၀ ကျော် တစ်ပြိုက်နက်တည်း နှုတ်ထွက်စာ တင်ခဲ့ကြသေည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com