All News interview

ကိုကျော်ဇင်ဝင်းသေဆုံးမှုနဲ့ မြန်မာ့လူ့အဖွဲ့အစည်းက LGBTတွေကို နှိမ့်ချ ဆက်ဆံနေဆဲလား

ကိုကျော်ဇင်ဝင်းသေဆုံးမှုနဲ့ မြန်မာ့လူ့အဖွဲ့အစည်းက LGBTတွေကို နှိမ့်ချ ဆက်ဆံနေဆဲလား

By နန့်အိသူ/ ရန်ကုန်ခေတ်သစ်

လိင်စိတ်ကွဲပြားမှုအပေါ် အခြေခံ၍ လုပ်ငန်းခွင်တွင် နှိမ့်ချဆက်ဆံမှုကြောင့် အသက် ၂၆ နှစ်အရွယ် ကိုကျော်ဇင်ဝင်းသည် မိမိကိုယ်ကို ဆေးသောက်၍ အဆုံးစီရင်သွားခဲ့ရာ မြန်မာ့လူမှု အသိုင်းအဝိုင်း သည် LGBT များအပေါ် ခွဲခြားဆက်ဆံမှုများ ဆက်လက်တည်ရှိနေဆဲကို သက်သေပြနေသည်။ LGBT များကို ခွဲခြားဆက်ဆံရုံမျှမက နှိမ့်ချ လှောင်ပြောင်ခြင်း ကဲ့သို့ ဆိုးရွားသည့် လုပ်ရပ်များလည်း ရှိနေရာ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

ဒေးဗစ်အေးမြတ် (ခေါ် ) ရာရာ ( LGBT အရေး လှုပ်ရှားဆောင်ရွက်သူ )

ကျမတို့ အခု LGBT အသိုင်းအဝိုင်း နဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံမှုတွေက အခုတွေ့မြင်ရတဲ့အတိုင်းပဲ။ ဒီအဖြစ်အပျက်ဆိုရင် လုပ်ငန်းခွင်မှာ ရှိတဲ့ ခွဲခြားဆက်ဆံမှုကြောင့် ဖြစ်သွားတယ်။ သိပ်မကြာခင်ကလည်း အဖြစ်အပျက်တစ်ခု ရှိခဲ့သေးတယ်။ အဲ့တာကလည်း မိသားစုကနေ LGBT ဖြစ်သွားတာအကြောင်း သိရှိသွားတာ မူတည်ပြီး ဒီလိုအခြေအနေမျိုး ရောက်သွားတယ်ပေါ့ ။ ဆိုတော့ ကျမတို့ပတ်ဝန်းကျင်မှာလည်း အဲ့လိုပါပဲ။ ဘာလဲဆိုတော့ ကိုယ်ရဲ့ ဖြစ်တည်မှုကို ဖော်ပြဖို့ ကြောက်နေရတယ်။ တစ်ခုခုဖြစ်သွားရင် စိုးရိမ်စိတ်တွေ ဖြစ်နေတယ်။ လုပ်ငန်းခွင်မှာ ကြောက်ရတယ်။ မိသားစုဝင်ထဲမှာလည်း လူသိသွားရင် ဒုက္ခပဲ ဆိုပြီး ကြောက်ရတယ်။ ဒါတွေက ကျမတို့ တွေ့ကြုံနေရတာ သေးသေးမွှားမွှားပဲ ရှိပါသေးတယ်။

LGBT ဖြစ်လား ၊ မဖြစ်လား အဲလိုကြောင့်မို့ နွဲ့နေတယ်ဆိုပြီး ကျောင်းမှာဆိုရင် သူငယ်ချင်းတွေကြားထဲမှ စတာ နောက်တာတွေက ဟိုငယ်ငယ်ကတည်းက တွေ့ကြုံလာရတာပဲ။ ကျမတို့ အရွယ်ရောက်လာတဲ့အခါ ဥပမာ- ကျမတို့လို မိန်းမပုံ ဝတ်စားတဲ့သူတွေဆိုရင် ဥပမာ- အပြင်တွေဘာတွေထွက်ရင် အများသူကာ စနောက်တာ ကြုံရတယ်။ ဆေးရုံဆေးခန်းသွားလို့ ရှိရင် တစ်ခါတည်း ဒါက မိန်းမလျှာ ၊ အခြောက်တွေ ၊ HIV ဖြန့်ဖြုးတဲ့သူတွေ အဲဒီလိုများ တန်းသိတဲ့အခါ အမြင်တွေက ဘယ်လိုပြောမလဲ ၊ ကျမတို့မှာ ဒါတွေက နေစဉ်ကြုံရတဲ့ အကြောင်းအရင်းတွေလို ပြောလို့ရတယ်။
အမှန်တော့ တကယ်တမ်းကျတော့ ဒါ တွေက ကျမတို့ကို ခွဲခြားဆက်ဆံမှု ပြုတာ။ နောက်တစ်ခုက ခွဲခြားဆက်ဆံတယ်ပြောတဲ့ နေရာမှာ ကျမတို့ နိုင်ငံရဲ့ အခြေအနေ လည်း နှစ်ပေါင်းမြောက်မြားစွာ လူ့အခွင့်အရေး နှင့် ဝေးနေတဲ့အခြေအနေမျိုး ရှိတယ်။ အများသူကာ ဒီကိစ္စကြီးနဲ့ ပတ်သက်ပြီး ထိခြင်းလည်း မရှိဘူး ။အဲ့တာကြောင့်မို့ အခြေအနေတွေပိုဆိုးကုန်တယ်လို ထင်ပါတယ်။

ကျမတို့ကတော့ လူထဲက လူတွေပဲလေ။ နေ့စဉ်နေ့တိုင်း အလုပ်သွားမယ်။ သူငယ်ချင်းတွေနဲ့ တွေ့ကြုံမယ်။ နောက်ပြီးတော့ ကျမတို့လည်း ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တာပဲ။ ကျမတို့ ချစ်တဲ့သူနဲ့ လက်တွဲချင်တယ်။ လူရှေ့သူရှေ့မှာ မရှက်ဘဲ လျှောက်သွားချင်တယ်။ ဒါက ကျန်တဲ့လူတွေ လုပ်နေတဲ့ အလုပ်တွေပဲလေ။ ဥပမာ – အမျိုးသား ၊ အမျိုးသမီးတွေ ကန်ဘောင်မှာ ကြည့်မလား ၊ ပန်းခြံတွေထဲမှာ ဖက်လား ရှိနေကြတာပဲလေ။ ကျမတို့လည်း အဲ့လိုမျိုး ကိုယ်ချစ်တဲ့သူကို လက်တွဲပြီး သွားချင်တယ်။

ကျမတို့ လုပ်နေတဲ့ အလုပ်တွေကလည်း ပတ်ဝန်းကျင်မှာ တွဲသွားတွဲလာ အမြင်မတော်တဲ့ အလုပ်တွေ ကျမတို့ မလုပ်ပါဘူး။ နောက်ပြီး တစ်ခု ရှိတာက ဥပမာ- ကျမတို့က တစ်ယောက်နဲ့ တစ်ယောက် လက်ထပ်ချင်တယ်ဆိုရင် လုပ်လိုက်မယ်ဆိုရင် အများသူတာ မြင်တာက ဘာလဲဆိုတော့ ကျမတို့က အိပ်ရာပေါ်က ကိစ္စတွေကို ဦးတည်ပြီး အတူတူနေချင်တယ်လို့ ထင်ကြတယ်။ တကယ်ကမ်းကျတော့ ကျမတို့က အဲ့လိုမဟုတ်ပါဘူး။ ကျမတို့ဟာ လူသားတွေ ဖြစ်တယ်။ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်။ မြန်မာနိုင်ငံသားမှာ သူများတွေ မိသားစု တည်ထောင်ခွင့် ရတယ်ဆိုရင် ကျမတို့အနေနဲ့ မိသားစု တည်ထောင်ခွင့် ရသင့်တာပေါ့။ ေ
နာက်ပြီးတော့ ဥပဒေရဲ့ အကာအကွယ်လည်း ကျမတို့ ရသင့်တယ်။ ဒီလို အဖြစ်အမျိုး ဖြစ်လာတယ်ဆိုတာက ကျမတို့ကို ဖိနှိပ်မှုကြောင့်သာ ဖြစ်လာတာ ဖြစ်တယ်။ အဲဒါကြောင့်မို့ ကျမပြောပြချင်တာက ကျမတို့ တပြေးညီ ဆက်ဆံခံရမယ်။ ကျမတို့အပေါ်လည်း လူတွေလို့ပဲ မြင်မယ်ဆိုရင် ဒီလိုကိစ္စတွေ အများကြီး လျော့နည်းသွားမှာ ဖြစ်ပါတယ်။ နောက်ဆုံး ပပျောက်သွားရင်တောင် ပပျောက်သွားမှာပါ။

ကိုတင်ကိုကို ( LGBT Rights Network -Advocacy Team Focal )

ဒါကတော့ လုပ်ငန်းခွင် အတွင်း မှ တိုက်ခိုက်မှုလို့ ပြောလို့ရတာပေါ့။ လုပ်ငန်းခွင်အတွင်းမှာ မိမိအထက်အောက် ဝန်ထမ်းအပေါ် မှ အထက်လူကြီး တစ်ယောက်ရဲ့ မစဉ်းစား မသုံးသပ်ဘဲ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုအပေါ် ငါ့အောက်က ဝန်ထမ်းဖြစ်တယ်ဆိုပြီး ပြောဆို ဆုံးမ ပြောလိုက်တဲ့ အထက်အောက် ၊ လူကြီး ရာထူး အခြေခံပြီး လုပ်လိုက်တဲ့ ပြောမယ်ဆိုရင် ကိစ္စ တစ်ခုလို ကျနော်တို့က မြင်တယ်။

အထက်အောက်လူကြီးက ဝန်ထမ်းအပေါ် ဒီလူရဲ့ ဖြစ်တည်မှုကို နားလည်မှု မပေးဘဲ လှောင်ပြောင်တယ်။ ငါ ပြောလို့ရတယ် ၊ ငါ လုပ်လို့ရတယ် ပုံစံမျိုး ကျနော်တို့က မြင်တယ်။

LGBT ဖြစ်တည်မှုအပေါ် လုပ်ငန်းခွင်ထဲမှာ တိုက်ခိုက်တာတွေ ရှိတယ်။ အဲ့လိုမျိုး မလုပ်ဖို့ ကျနော်တို့အနေနဲ့ တောင်းဆိုမှုတွေ လုပ်သွားဖို့ ရှိတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေက ကျနော်တို့ ပြောလို့မရတာတွေ ရှိတယ်။ ကျနော်တို့အတွင်းထဲမှာ တိုင်ပင်ထားတာတွေ ရှိတယ်။

LGBT နှင့် ပတ်သက်ပြီး ကျနော်တို့ လုပ်ရမယ့် အလုပ်တွေ အများကြီး လိုသေးတယ်ဆိုတာ ပြောချင်တယ်။ ဘာတွေ လုပ်ရမယ်ဆိုတာက LGBT ရဲ့ ဖြစ်တည်မှု အကြောင်း လူထုအနေနဲ့ သိဖို့လိုတယ်။ LGBT တွေကို သက်ဆိုင်ရာကနေ ခွဲခြားမှုတွေ မလုပ်ရအောင် အသိပညာပေးတဲ့ လုပ်ငန်းတွေ လုပ်ရဦးမယ်။

ဘယ်လောက်ပဲ အသိပညာပေးတာ လုပ်လုပ် ၊ အခုလို ဖြစ်သွားတဲ့နေရာဆိုရင် ဘွဲ့ရ ၊ ပညာတက် အသိုင်းအဝိုင်း တစ်ခုနေရာကနေ ထိုးနှက်လိုက်တဲ့ စကားလုံး ပေါ့ ၊ ပြောချင်တာက ပညာတတ်ခြင်း ၊ မတတ်ခြင်းဆိုတာထက် လူကို လူသားလို့ မမြင်သေးတဲ့ အသိုင်းအဝိုင်းထဲမှ ဒီ LGBT ဖြစ်တည်မှုအတိုင်း နေလာရတာ ရှိတယ်။

လူတွေအနေနဲ့ လူကို လူလို့ မြင်ဖို့ ကျနော်တို့ ပြောချင်တယ်။ နောက်တစ်ခုက LGBT ဖြစ်ခြင်း ၊ LGBT မဖြစ်ခြင်း ၊ အသားအရည် ခွဲခြားမှုတွေ မလုပ်ဖို့ ၊ ဘာသာရေးတွေ ခွဲခြားမှုတွေ မလုပ်ဖို့ ၊ မုန်းတီးမှုတွေ အခြေခံတဲ့ စကားလုံး အသုံး အနှုန်းမသုံးမိဖို့အတွက် လူတိုင်းလူတိုင်းက လုပ်ဆောင်ဖို့ လိုအပ်တယ်။ အများကြီးလိုနေသေးတယ်။ အဲ့လိုမျိုးတွေ မလုပ်မိဖို့ အသိတရားတွေရှိဖို့ လိုအပ်တယ်။ အဲ့လိုအသိတရားရှိဖို့အတွက် ဒါကတော့ ပညာတတ်ခြင်း ၊ မတတ်ခြင်း နဲ့ မဆိုင်ပါဘူး။ လူတစ်ယောက်ရဲ့ အတွင်းထဲမှာ ရှိနေတဲ့ ပင်ကိုစိတ် ၊ အမုန်းတရားကို အခြေခံတဲ့ ပင်ကိုစိတ် ၊ ငါနဲ့ မတူလို့ မုန်းတီးမှုကို သွားမယ်ပင်ကိုစိတ် တွေကို ကျနော်တို့ လျော့ချဖို့ ၊ အမုန်းတရားကို လျော့ချတဲ့စိတ် အများကြီးလုပ်ဆောင်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။

ဒေါ်ကက်သလင်းသိန်း ( အင်ကြင်းမေ ဟိန္ဒူအမျိုးသမီးကွန်ရက် )

လူတစ်ယောက်က လူဖြစ်ခြင်း ရပ်တည်တဲ့အခါ ယောင်္ကျား ၊ မိန်းမ အနေနဲ့ မွေးဖွားလာတယ်။ ဒါပေမဲ့ သူတို့မှာ ယောင်္ကျား ၊ မိန်းမ ခံယူချက်က သူတို့ရဲ့ လိင်စိတ်အပေါ် မူတည်ပြီး ပြောင်းလဲချင်သွားတာ။ ဘယ်သူမှ လုပ်ယူလို့မရဘူး။ ဘယ်သူကမှ အတင်းအကျပ်တိုက်တွန်းပြီး ဒါကို ဒီလို ပြောင်းပါ ။ မိန်းကလေးက ယောင်္ကျားစိတ်ပြောင်းပါ ။ ယောင်္ကျားလေးက မိန်းကလေးစိတ်ပြောင်းပါ ၊ အခုမှ ဖြစ်နေတာ မဟုတ်ဘူး။ အရင်ကတည်းက ဖြစ်နေတာ ။

ဒါပေမဲ့ အရင်တုန်းက Facebook မပေါ်တာကြောင့် လူသိပ်မသိဘူး။ အခုတော့ Facebook ကြောင့် လူသိတယ်။ ဒါက မတရားအနိုင်ကျင့်တာ။ လူတစ်ယောက်ရဲ့ ဖြစ်တည်မှု ၊ ရပ်တည်မှုအပေါ်မှာ ပြောင်းလဲရအောင် အနိုင်ကျင့်တာရယ် ၊ ဒါကို ဖြစ်နေတယ်ဆိုပြီးတော့ အတင်းအဓမ္မကြီး ပြောခိုင်းတယ်ဆိုတာက အရှက်ခွဲ တာပေါ့။ လူတစ်ဦးတစ်ယောက်မှ ရှိနေတဲ့ သူရဲ့ ဂုဏ်သိက္ခာ ၊ လူတိုင်းက ဂုဏ်သိက္ခာ ရှိပြီးသား ၊ ယောင်္ကျားပဲ ဖြစ်ဖြစ် ၊ မိန်းမပဲ ဖြစ်ဖြစ် ၊ Gay ပဲ ဖြစ်ဖြစ် ၊ Lesbian ပဲ ဖြစ်ဖြစ် ။ ဒီဂုဏ်သိက္ခာ နဲ့ ပတ်သက်ပြီး အနိုင်ကျင့်တာ။ ဂုဏ်သိက္ခာ မရှိအောင် အနိုင်ကျင့်တာ ။ ဂုဏ်သိက္ခာမဲ့အောင် လုပ်တာ။ အဲ့တာကို လုံးဝမဖြစ်သင့်ဘူးလို့ ပြောချင်ပါတယ်။

လူ့အခွင့်အရေးအရ အခွင့်အရေးတစ်ခုမှာ လူသားတွေရဲ့ လူ့အခွင့်အရေး ကို ရိုက်ချိုးလိုက်တယ်လို့ ခံစားရတယ်။ တကယ်သက်ဆိုင်တဲ့ ဥပဒေပိုင်းသမားတွေ၊ လူ့အခွင့်အရေး သမားတွေက တောင်းဆိုရမယ်။ သူတို့တောင်းဆိုမှုအပေါ် ကျမတို့က ပါဝင်ပေးလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ LGBT တွေက အခုဘယ်လိုပဲပြောပြော တအားကြီး များပြားလာတယ်။ ဒီလို Case တွေက ဒီတစ်လထဲကြားရတာ ၃ ခုလောက်ရှိနေတယ်ဆိုတော့ ဒါကလူ့အရင်းအမြစ် ဆုံးရှုံးတယ်။ နိုင်ငံတော်မှာလည်း တကယ်ကို အားသားချက်ကနေ ကိုယ်တွေကဘယ်လို ကာကွယ်စောင့်ရှောက်ပေးပြီးတော့ သူတို့ကို မြှင့်တင်လာအောင် လုပ်ရမှာလဲဆိုတာကို စဉ်းစားရမှာလေ။ သူတို့ဖြစ်တည်မှုကို ရပ်တန့်ခိုင်းဖို့ မရဘူးလေ။ အဲ့တာကြောင့် ကျမက ဥပဒေသမားမဟုတ်ဘူး။ အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ ပါဝင်ပေးစေချင်တယ်။ ဘယ်လိုနည်းနဲ့ ပါဝင်ပေးချင်တယ်ဆိုတာက တရားမျှတမှုဘက်ကနေ ပါဝင်ပေးစေချင်တယ်။

မခင်လေး (Triangle Women’s Support Group- Director )

ပထမဦးဆုံးအနေနဲ့ ဒါက လုပ်ငန်းခွင်မှာ ( Harassment ) လို ပြောရမှာပေါ့ ၊ ထိပါးစော်ကားမှုလည်း ပါတယ်။ နောက် ခွဲခြားဆက်ဆံမှုလည်း ပါတယ်။ ခွဲခြားဆက်ဆံမှု မှာ LGBT လို ခေါ်တဲ့ လိင်ဆက်ခံယူမှု ကွဲပြားတဲ့သူတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုမှာလည်း ဒါဟာ ပြစ်မှုမြောက်တဲ့ ဟာမျိုး ဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့် ကျမတို့က ခွဲခြားဆက်ဆံတယ်ဆိုရင် ဒါကပုံစံတစ်မျိုး ၊ ခွဲခြားဆက်ဆံခံရတဲ့သူဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အရမ်း ဖြစ်ပြီးတော့ ကိုယ်ကို သေကြောင်းကြံ ( Suicide ) အထိ ဖြစ်သွားတဲ့အတွက် ဒါက လူသေမှုအထိ ဖြစ်သွားတဲ့အတွက် အင်မတန် ပြစ်မှုက ကြီးသွားပြီလို့ ကျမတို့ထင်တယ် ။ ဒါကြောင့်မို့ လုပ်ငန်းခွင်ထဲမှာ အရင်တုန်းကဆိုရင် အမျိုးသမီးတွေအတွက်ပဲ ဖြစ်ဖြစ် ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုအတွက် မူဝါဒတွေ ရှိသင့်တယ်။
ဒါကို ကာကွယ်ပေးမယ့် မူဝါဒ တွေ ရှိသင့်တယ်။ နောက်တစ်ခုက လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ကာကွယ်ပေးမယ့်မူဝါဒအပြင် ခွဲခြားဆက်ဆံရမှုတွေကိုလည်း မလုပ်ပါဘူး ဆိုတဲ့ မူဝါဒတွေကို လုပ်ငန်းခွင်တွေမှ ရှိဖို့ သင့်တယ်လို ထင်တယ်။ အဲ့လိုမျိုး ဖြစ်ခဲ့တယ်ဆိုရင် ဘယ်လိုမူဝါဒတွေ ထားပြီးတော့ ၊ ဘယ်လိုအရေးယူမှုတွေ လုပ်မယ်ဆိုတာတော့ လုပ်ငန်းခွင်မှာ သတ်မှတ်ရမယ်လို့ ထင်တယ်။

ဒီဟာနဲ့ ပတ်သက်ပြီး ( ဒစ်စကွင်တင်း ) Law လို့ခေါ်တဲ့ ကွဲပြားခြားနားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ဥပဒေ ရေးဆွဲဖို့အတွက် ကျမတို့ ကြိုးစားဆောင်ရွက်ဖူးတာ ရှိတယ်။ အခုတော့ ဘယ်အခြေအနေရောက်နေတယ်ဆိုတော့ မသိသေးဘူး။ ကွဲပြားခြားနားမှုဆိုတာက လိင်စိတ်ကွဲတာပဲ ဖြစ်ဖြစ် ၊ ဘာသာ ၊ အသားအရောင် ၊ လူမျိုး၊ ဆင်းရဲ ၊ချမ်းသာ ၊ သန့်စွမ်းမှု ၊ မသန့်စွမ်းမှု အဲ့တာတွေအပေါ် ခွဲခြားဆက်ဆံမှုတွေကို တိကျတဲ့ သတ်မှတ်ချက်တွေနဲ့ ပြင်းထန်တဲ့ ပြစ်မှုပြစ်ဒဏ် ၊ အခြား သောအရေးယူမှု လုပ်ဖို့အတွက်က တိတိကျကျ ပြဋ္ဌာန်းပေးဖို့ လိုနေပြီလို့ မြင်ပါတယ်။

ဦးချစ်ကိုကို ( မြန်မာနိုင်ငံ အမျိုးသားချင်း ချစ်ခင်စုံမက်သူများကွန်ရက် ( Myanmar MSM Network ) ( အတွင်းရေးမှူး) )

ဒီကလေးက သူသည် တကယ်ပညာတက်လေး တစ်ယောက် ၊ မိဘကို ပြုစုလုပ်ကျွေးနေတဲ့တစ်ယောက် ၊ အဲ့ကလေးတစ်ယောက်ကို သူတို့ရဲ့ viber Group ကနေ ဝုန်းထားတာ ၊ ဘာမဟုတ် ညာမဟုတ်တာလို့ ကျနော် သုံးလိုက်မယ် ။ သန့်ရှင်းရေးအစ အဲ့လို ကျနော်တို့ အသုံးအနှုန်းက ဝုန်းတယ်ဆိုတာက အင်မတန်က ရိုင်းပြလွန်းအားကြီးတယ်။ လူသားတစ်ယောက်ကို လူသားတစ်ယောက်လို မြင်ဖို့ကောင်းတယ်။ သူဘယ်လိုကြီး ဖြစ်နေ ဖြစ်နေ အဓိကကတော့ ဘာတွေလုပ်ဖို့ လိုသလဲ ဆိုတာ ကျနော်တွေးမိတယ်။ တွေးမိတယ်ဆိုတဲ့အပိုင်းက သူဆိုရင်မိသားစုက သိချင်မှာသိမယ်။
ဒါပေမဲ့ သိခဲ့ရင်လည်း မိသားစုအနေနဲ့ သူကိုတော့ လက်ခံမှာဘဲ။ ဘာကြောင့်လဲဆိုတော့ သူက မိသားစုကို လုပ်ကျွေးနေတဲ့ ကလေးတစ်ယောက်ကို ၊ ကျနော်တို့ကဘာလုပ်ဖို့လိုသလဲဆိုတော့ ဒီဖြစ်သွားတဲ့ အပိုင်းကဏ္ဍမှာ တို့တွေ လက်ခံလာနိုင်အောင် ( Awareness ) အသိပညာပေး ၊ နားလည်သဘောပေါက်မှု တွေ ပေးဖို့လိုတယ်။ MSM လို သုံးမယ်။ ကျနော်တို့ကတော့ ကျန်းမာရေးရှုထောင့်ကလာတာဆိုတော့ ၊ ကျနော်တို့ MSM တွေအပေါ် ပိုပြီး လက်ခံလာအောင် အလုပ်လုပ်ဖို့လိုတယ်။ ဒီကလေးက ဟော့ဟော့ရမ်း နေတဲ့ ကလေး မဟုတ်ဘူး။ MSM တွေကလည်း တစ်ဖက်မှာ ဆိုရင် တစ်ယောက်က သူငယ်ကိစ္စကြောင့် သူကိုယ်ကို သူ Suicide လုပ်သွားတာ။ ဒီကလေးကတော့ သူလုပ်ငန်းခွင် အတိုင်းအတာအရ သူ Suicide လုပ်လိုက်တာ။ နှစ်ခု က မတူဘူး။ ( Awareness ) အသိပညာပေးမှုတွေ ပိုပြီးပေးဖို့ လိုတယ်လို့ မြင်တယ်။ Community လူတွေကိုလည်း ပိုပြီးတော့ Awareness လုပ်ဖို့လိုမယ်လို ကျနော်မြင်တယ်။

MSM တွေအနေနဲ့ Suicide လုပ်တဲ့အပိုင်းက နောက်ဆုံး စိတ်စိတ်လာတယ်။ အဲ့တော့ ကျနော်တို့ ပို့ပြီး အလုပ်တွေ ကြိုးကြိုးစားစားလုပ်ဖို့လုပ်တယ်။ နောက်ပြီးတော့ ဒီလိုသင်တန်းကျောင်းက ဒီလိုမျိုးအထိဖြစ်တယ်ဆိုတော့ ဒီသင်တန်းကျောင်းဘာတွေ တာဝန်ယူမလဲ။ ခုနက ကြည့်တော့ကျောင်းကတာဝန်ခံလား ၊ ကျောင်းအုပ်လား မသိဘူး။ နာရေးကိစ္စကို သွားပြီးတော့ သူကိုယ်တိုင် တာဝန်ယူပြီး လုပ်ပေးနေပါတယ်ဆိုတော့ လူတစ်ယောက်ရဲ့ အသက်က ဆုံးရှုံးသွားပြီပြီး ။ ဒီဆုံးရှုံးသွားပြီး လုပ်တာထက် မဆုံးရှုံးခင် ဒီသင်တန်းကျောင်းက လူတွေကို ပိုပြီးတော့ ဒီ MSM တွေနဲ့ ပတ်သက်တဲ့ သဘောသဘာဝ ၊လိင်မှုဆိုင်ရာကိစ္စတွေကို လက်ခံလာနိုင်အောင် လုပ်ဖို့လိုတယ်လို့ ကျနော်က မြင်တယ်။

LGBT အရေး ဆိုရင်လည်း ဒီကိစ္စကမဖြစ်သင့်တဲ့ ကိစ္စကြီး။ LGBT လိုပြောပြော ၊ MSM လို သုံးနှုန်း တူတူပါပဲ။ ဒီလောက်ကြီးအထိ မဖြစ်သင့်ဘူး။ လှောင်ပြောင်ထားတဲ့ကိစ္စတွေက ၊ ကျနော်တို့ဆိုရင် ရုပ်ရှင်ထဲမှာ MSM ကို လှောင်ပြောင်တဲ့ဟာမျိုးတောင် ကျနော်တို့ လက်မခံတာ ၊ သူရဲ့ လုပ်ငန်းခွင်ထဲမှာ လှောင်ပြောင်ထားတဲ့ ဟာတွေက လုံးဝ မဖြစ်သင့်ဘူးလေ။ ကျနော်ကတော့ လုံးဝ ရှုတ်ချတယ်။ ဒီကိစ္စကို ၊ လူသားတစ်ယောက်ကို လူသားတစ်ယောက်လိုပဲမြင်ရမယ်လေ။ တိရစ္ဆာန်လို ခိုင်းနှုန်းတယ်။ တိရစ္ဆာန်တောင်မှ ပွင့်ပွင်းလင်းလင်း အခြောက်ပုံစံလုပ်ပြီး သိက္ခာချတယ်ဆိုတာက လူသားတစ်ယောက်ကို ဒီလိုမချသင့်ဘူးလို မြင်တယ်။ ဘယ်လိုလူမျိုးမဆို ၊ဆင်းရဲ ၊ချမ်းသာဖြစ်ဖြစ် ဒီကလေးက ပညာတက်လေး တစ်ယောက် ၊ ဒါက ဆုံးရှုံးမှု ဖြစ်သွားတယ်လေ။ ဒါကတော့ LGBT လိုမြင်မြင် ၊ MSM လို မြင်မြင် ဒီကိစ္စက လုံးဝမဖြစ်သင့်ဘူး။

ဒီကိစ္စကို လုံးဝလက်မခံနိုင်ပါဘူး။ လုံးဝရှုတ်ချပါတယ်။ သူငယ်ကိစ္စကြောင့် Suicide လုပ်တာကတမျိုး၊ အခုက ဝန်ထမ်းတွေက ဖိနှိပ်မှုကြောင့် ဒီလိုမျိုး ၊ ဖြစ်တာက တာဝန်ရှိတဲ့လူတွေကတော့ ဒီအတိုင်းပဲ လက်လျူရှုနေတလား။ သူ Suicide လုပ်ပြီး သေသွားပြီးမှ လုပ်နေတဲ့အစား မဖြစ်ခင်ကတည်းက ဟန့်တားရမယ် ၊ ဒီလောက်တောင် အသိဉာဏ်မရှိဘူးလား ၊ ဦးနှောက်မရှိဘူးလား ၊ ဒီကိစ္စက လုံးဝမဖြစ်သင့်ဘူး။ ဒါမျိုးတွေ မဖြစ်စေဖို့ ဟန့်တားရမယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts