All News Local News

ကလေးစစ်သားဟောင်း အောင်ကိုထွေး အစ်မ မနေဇာထွန်း အခြေခံဥပဒေစာအုပ်ကို ခြေဖြင့် နင်းဟုဆိုကာ အမှုဖွင့်ခံရမှု သွားရောက် အဖမ်းခံ

ကလေးစစ်သားဟောင်း အောင်ကိုထွေး အစ်မ မနေဇာထွန်း အခြေခံဥပဒေစာအုပ်ကို ခြေဖြင့် နင်းဟုဆိုကာ အမှုဖွင့်ခံရမှု သွားရောက် အဖမ်းခံ

ရန်ကုန်၊ ဇွန် ၁၉

ကလေးစစ်သားဟောင်းအောင်ကိုထွေး အစ်မ မနေဇာထွန်း ယနေ့ ဇွန်လ ၁၉ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးသို့ သွားရောက်အဖမ်းခံခဲ့ကြောင်း အဓ္ဓမဝါဒဆန့်ကျင်ရေးဗဟိုကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ကိုမြတ်ကျော်ကဆိုသည်။

မနေဇာထွန်းသည် ၂ဝ၁၇ခုနှစ်က ကလေးစစ်သားဟောင်းအောင်ကိုထွေး ရုံးထုတ်တွင် တရားရုံးရှေ့ ဆန္ဒပြခဲ့ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကိုခြေဖြင့်နင်းသည်ဟုဆိုကာ ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်မှူးက တရားလိုပြုလုပ်ကာ ၂ဝ၁၈ခုနှစ်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု အောင်ကိုထွေး ဆွေမျိုးများ၏ ပြောကြားချက်အရသိရသည်။

မနေဇာထွန်းကိုစွဲဆိုထားသော အမှုများမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ) ၊ ရုန်းရင်းဆန်ခတ်ဖြစ်စေရန် ကြံရည်ကာရန်စခြင်း ပုဒ်မ ၁၅၃ တို့ဖြစ်သည်။

“သူ့ဂုဏ်သိက္ခာအရ တရားရုံးမှာ လာရောက်အဖမ်းခံတာလို့သူတရားရုံးထဲ မဝင်ခင်တုန်းကပြောခဲ့တယ်။ သူက ၂ဝဝ၈ဖွဲ့စည်းပုံစာအုပ်ကို မနင်းခဲ့ဘူးလို့ပြောတယ်။ တရားခွင်တွေကို ဆက်စောင့်ကြည့်သွားမယ်”ဟု ကိုမြတ်ကျော်ကဆိုသည်။

ယင်း ကလေးစစ်သားဟောင်း အောင်ကိုထွေးကိုဝန်းရံခဲ့သောကြောင့် ထောင်ဒဏ်ကျခံခဲ့ရသူများသည် လက်ရှိချိန်တွင် ပြစ်ဒဏ်များမှ အသီးသီးလွတ်မြောက်လာပြီဖြစ်သောကြောင့် ယခုမနေဇာထွန်း တရားစွဲဆိုခံထားရသည့်ရုံးချိန်းများတွင် ဆက်လက်ဝန်းရံသွားမည်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

အဆိုပါ ကလေးစစ်သားဟောင်း အောင်ကိုထွေးသည် ၂ဝ၁၇ခုနှစ်က မီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် နိုင်ငံတော်အစိုးရကိုထိခိုက်စေပြီး ငြိမ်ဝတ်ပိပြားမှုကို ထိခိုက်စေသည့် အချက်များ ပြောဆိုခဲ့သည်ဟုဆိုကာ တပ်မတော်က တရားရုံးကိုဦးတိုက်လျောက်ထားပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အကျဉ်းကျခံနေရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts