All News Local News

ကယားဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် ကော်မတီကို အမျိုးသားသစ္စာဖောက် အဖြစ် ကြေညာသည့် ကရင်နီလူငယ်များ အဖမ်းခံ

ကယားဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် ကော်မတီကို အမျိုးသားသစ္စာဖောက် အဖြစ် ကြေညာသည့် ကရင်နီလူငယ်များ အဖမ်းခံ

ရန်ကုန်၊ ဇွန် ၂၁

ကယားပြည်နယ် အစိုးရအဖွဲ့က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွပ်လပ်မှုနှင့် လုံခြုံမှုကာကွယ်ရေးဥပဒေ ပုဒ်မ ၁၀ ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် ကရင်နီလူငယ် ၆ ဦးအနက်မှ ၅ ဦးသည် ယနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အဖမ်းခံသွားကြကြောင်း သိရှိရသည်။

ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ၊ ချစ်ကယ်ကျေးရွာအုပ်စု ၊ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ယနေ့ ပြုလုပ်သည့် ၁၄၄ နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ ဖမ်းဝရမ်းထုတ်ခံရသော ကရင်နီလူငယ် ၅ ဦး က တက်ရောက်လာပြီး ၎င်းတို့ ဖမ်းဝရမ်းထုတ်ခံရသည့် ဖြစ်စဉ်အပေါ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် ဒီး ဒီး ( ခ) စစ်မုန်း ၊ ခွန်းသော့မတ်စ် ၊ မျိုးလှိုင်ဝင်း( ခ) ပါစကွားလယ် ၊ ခူးရီရယ် (ခ) ရီးဒူး နှင့် ခွန်းဂျွန်ပေါလ် ( ခ) ပျားလေးတို့က ဖမ်းဝရမ်းထုတ်ခံရသည့်အပေါ် အမှုကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ ဒီမိုကရေစီရဲ့ ယဉ်ကျေးမှု အညွန့်တွေကို ရိုက်ချိုးတယ်လို့ ပြောချင်တယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့် ၊ ပြောဆိုခွင့် ၊ စီတန်းလှည့်လည်ခွင့်တွေကို ဒီလို ပိတ်ပင်တာဟာ စစ်အုပ်ချုပ်နေတာလားလို ပြောဆိုငြင်းဆိုစရာတွေ ဖြစ်တယ်။ ကျနော်တို့ လှုပ်ရှားမှုကတော့ ဆက်ရှိလိမ့်မယ်။ ပိုပြီး ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ ရှိရင်လည်း ရှိလာလိမ့်မယ်။ ဒီအပေါ် နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာတွေကတော့ ပြည်နယ်အစိုးရ ၊ ပြည်ထောင်စုအစိုးရ ရဲ့ စီမံခန့်ခွဲမှု ညံ့တာလို့ ကျနော်တို့ ပြောလိုတယ်။ ကျနော်တို့ လောလောဆယ်တော့ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး တရားရင်ဆိုင်ဖို့ ညှိနှိုှုင်းထားတာတွေ ရှိတယ် “ ဟု ကရင်နီလူငယ်အင်အားစုမှ ကိုမျိုးလှိုင်ဝင်းက ပြောသည်။

ကယားပြည်နယ် ဝန်ကြီးချုပ် အယ်ဖောင်းရှိုနှင့် ဝန်ကြီး ဦးမော်မော်တို့ကို နိုင်ငံရေး ရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသား သစ္စာဖောက်များ၊ တိုင်းရင်းသားများ သွေးစည်းချစ်ကြည်ရေး ၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် မတ်လ ၂၅ ရက်နေ့တွင် ကြေညာသည့် ကြေညာချက်တွင် လက်မှတ်ထိုးခဲ့သည့် ကရင်နီလူငယ် ၆ ဦးကို ကယားပြည်နယ်အစိုးရအဖွဲ့က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကာကွယ်ရေးဥပဒေ ပုဒ်မ ၁၀ ဖြင့် မေလ ၁၆ ရက်နေ့တွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

ကရင်နီလူငယ် ခူးကြူးဖဲကေး (ခ) ဂူးဂူး အား ဇွန်လ ၂ ရက်နေ့က ဖရူဆိုမြို့ဝင်ဂိတ်တွင် ဖမ်းဆီးခဲ့ပြီး လွိုင်ကော်အကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts