All News China Watch Local News

ကချင်ပြည်နယ် လွှတ်တော်တွင် CPI ကုမ္ပဏီက မြစ်ဆုံစီမံကိန်း ဆက်လက် လုပ်ဆာင်ရန် စည်းရုံးဟောပြောမှု အချုပ်အခြာအာဏာ ထိပါးခြင်းဖြစ်ဟုဆို

ကချင်ပြည်နယ်လွှတ်တော်အတွင်း တရုတ်နိုင်ငံ CPI ကုမ္ပဏီအား မြစ်ဆုံစီမံကိန်း ဆက်လုပ်ရန် စည်းရုံးဟောပြောခွင့် ပေးခြင်းနှင့် ပတ်သက်၍ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်က ကန့်ကွက်ကြောင်း သဘောထားကြေညာချက်တစ်စောင်ကို ဇွန် ၂၄ ရက်က ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ကြေညာချက်တွင် ကချင်ပြည်နယ်လွှတ်တော်တွင် တရုတ် ကုမ္ပဏီက မြစ်ဆုံစီမံကိန်းဆက်လက်လုပ်ဆောင်ရန် စည်းရုံးဟောပြောခွင့်ပေးခြင်းအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“ CPI ကုမ္ပဏီလို မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်မယ့် ကုမ္ပဏီတစ်ခုရဲ့ ပညာရှင်တွေ ကျတော့ လွှတ်တော်ထဲမှာ ချပြဆွေးနွေးခွင့် ၊ ရှင်းပြခွင့် ရပြီးတော့ ကျနော်တို့ ပြည်သူ့လူထုကနေ ဖွဲ့ထားတဲ့ နိုင်ငံလုံးဆိုင်ရာကွန်ရက်ရှိမယ် ၊ တခြားအဖွဲ့အစည်း ရှိမယ် ၊ ပညာရှင်တွေရဲ့ သဘောထားကျတော့ သူတို့က ကြားနားမှု မရဘူး။ ဒါကဘာပဲဖြစ်ဖြစ် အချုပ်အခြာအာဏာ ထိပါးတယ်လို့ ခံစားရတဲ့အပြင် ပြည်သူ့ဆန္ဒ နဲ့လည်း မညီဘူး ။ ဒီလို့လုပ်တာက ကျနော်တို့ ထင်မြင်ချက်ကို ပိုပြီးတော့ အားဖြည့်ပေးတာ ။ လက်ရှိအစိုးရက ဒါကို လုပ်မယ်၊ စာချုပ်တွေကို စဉ်းစားချင်ချိန့် လုပ်ရမယ်လို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြောသလို NLD ပါတီ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွန့်ကလည်း နေရာပြောင်းပြီး လုပ်ရင်လုပ်မှာပေါ့ ၊ နည်းနည်းပမာဏ လျော့ပြီး လုပ်မှာပေါ့ ပြောတာတွေဟာ လုပ်မယ်ဆိုတဲ့ ဘက်ကို အားသန်နေတယ်လို့ ကျနော်တို့က ထင်မြင်ယူဆချက် ပိုပြီးတော့ အားဖြည့်ပေးတာ ရောက်တယ်။ ဒီဖြစ်ရပ်က မကောင်းဘူး။ ဒါက လုံးဝမဖြစ်သင့်ဘူး။ ကျနော်တို့တိုင်းပြည်၏ အချုပ်အခြာအာဏာ ထိပါးလာပြီး စိုးရိမ်လို့ အစည်းအဝေးထိုင်ပြီး ထုတ်ပြန်လိုက်တာ “ ဟု ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်မှ ဦးဇော်ရမ်းက ပြောသည်။

ယနေ့ ကြေညာချက်ထုတ်ပြန်ပြီးနောက် မြန်မာအစိုးရက တရုတ်အစိုးရနှင့် သဘောတူလက်မှတ်ရေးထိုးထားသည့် စာချုပ်ကို တစ်လအတွင်း ပြည်သူ့လူထုထံ ချပြဖို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း ၊ တောင်းဆိုမှုမရပါက တစ်နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးဇော်ရမ်းက ပြောသည်။

“ ကျနော်တို့က ပြည်သူပြည်သားတွေ တောင်းဆိုထားတာကို တစ်လအတွင်း နိုင်ငံတော်ရဲ့ အခြေခံမူအရ နိုင်ငံသားတွေက သိခွင့်ရှိတယ်။ သိခွင့်ရှိတာ သိခွင့်ပေးပါ ၊NLD အစိုးရက သူတို့ အာဏာရလျှင် သူတို့က ဒီစာချုပ်ကို ချပြမှာ ။သူတို့ပြောပြီးသားမို့ ကျနော်တို့က ထပ်လောင်းပြီးတော့ ကျနော်တို့က တောင်းဆိုတယ်။ ဒီတောင်းဆိုမှု မရလျှင် ကျနော်တို့ကအဆင့်သင့်ပဲ။ ပြည်သူ့တွေကြားထဲ အကုန်လုံးဆင်းမယ်။ ဒါနဲ့ ပတ်သက်တာ စည်းရုံးမယ်၊ လှုပ်ရှားမယ်၊ ပထမတော့ ပညာပေးမယ်။ ပညာပေးပြီးရင် တောင်းဆိုမယ်။ အဲ့တာတွေ ဆက်တိုက်လုပ်သွားမယ်။ နိုင်ငံတော်ကို မေတ္တာရပ်ခံပြီးတေ တောင်းဆိုထားတယ်။ တောင်းဆိုထားတာ မရရင်တော့ ကျနော်တို့က မရရအောင် ဒီမိုကရေစီ နည်းလမ်းအရ ကြိုးပမ်းရမှာ “ ဟု ကိုဇော်ရမ်းက ပြောသည်။

၂၀၁၉ ခုနှစ် ၊ ဇွန် ၇ ရက်နေ့က ကချင်ပြည်နယ်လွှတ်တော်တွင် တရုတ် CPI ကုမ္ပဏီမှ ပညာရှင် ၄ ဦး က Dam & Safly ခေါင်းစဉ်ဖြင့် မြစ်ဆုံစီမံကိန်းကြောင့် ငလျင်ဒဏ်စိုးရိမ်စရာ မရှိကြောင်း စသည့်ဖြင့် မြစ်ဆုံစီမံကိန်း ဆက်လုပ်ရန် ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၂ ရက်နေ့တွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့ ရှိ တိုင်းရင်းသားပြည်သူ့လူထု အင်အား ၃၀၀၀ ခန့် စုဝေးပြီး မြစ်ဆုံစီမံကိန်းရပ်တန့်ရေးအတွက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သလို ရန်ကုန်မြို့တွင်လည်း လှုပ်ရှားမှုတွေ၊ ဟောပြောမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်နေကြောင်း သိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com