All News Election Local News

NLD မဲမနိုင်တဲ့ ဆိပ်ကမ်းမြို့နယ်ကို ပယ်ဖျက်ပြီး အခြားမြို့နယ်မှာ ပေါင်းချင်တဲ့ အဓိက အကြောင်းအရင်းက ဘာလဲ

ရန်ကုန်၊ မေ ၂၅

NLD ပါတီ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် ဆိပ်ကမ်းမြို့နယ်တွင် လူဦးရေ ၂၀၀၀ ဝန်းကျင်သာရှိပြီး အစိုးရဌာနများ ထားရှိနေရခြင်းက ဝန်ထုတ်ဝန်ပိုးဖြစ်နေသဖြင့် ဆိပ်ကမ်းမြို့နယ်ကို အခြား မြို့နယ် အတွင်းသို့ ပေါင်းထည့်ခြင်းက သင့်တော်ကြောင်း ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးက ပြောသည်။

ဆိပ်ကမ်းမြို့နယ်တွင် လူအနည်းငယ်သာရှိပြီး ပြည်ထဲရေး၊ ထွေ/အုပ်၊ စည်ပင် ပါအဝင် အစိုးရ ဌာနများ ထားရှိနေရကြောင်း၊ ထို့ကြောင့် ယခင်ကတည်းက မြို့နယ်ပေါင်းရန် စိတ်ကူးရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကျမတို့ကို အဲဒီလို သတင်းတွေ ကြားတယ်ဆိုပြီး မီဒီယာတွေက စပြီး မေးနေတာပဲ။ ကျမတို့က အဲ့လို လုပ်ရင်ကောင်းမယ်လို နဂိုကတည်းက စိတ်ကူးရှိတယ် ဆိုတာလေး ပြောတာပဲ ရှိပါတယ်။ ရန်ကုန်တိုင်းအစိုးရကနေ ပြည်ထောင်စုအစိုးရကို အဆင့်ဆင့် တင်ရင် တင်မှာပေါ့လေ။ ဒီလိုမျိုး စိတ်ကူးတယ် ၊ ဒီလို ရည်ရွယ်ချက်လေး ရှိတယ်ဆိုပြီး ပြောတာပါ ။ လုပ်နေပြီ ။ လုပ်ပြီးပြီ ၊ လုပ်ဖို့ ဘယ်အဆင့်ရောက်နေလဲဆိုတာ ကျမမပြောပါဘူး။ ဒါ လူကြီးတွေ လုပ်မယ့်အလုပ်ဆိုတော့ ၊ ကျမတို့က လွှတ်တော် ကိုယ်စားလှယ်ဆိုတော့ ဒါလေးတွေ ကြားရတယ်” ဟု ဒေါ်မေစိုးက ပြောသည်။

ဆိပ်ကမ်းမြို့နယ်ကို အခြားမြို့နယ်တွင် ပေါင်းထည့်ရန် ယခင်ကတည်းက အကြံပြုခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

” ဒီမြို့နယ်မှာ လူနည်းနည်းလေး ရှိနေတဲ့ နေရာမှာ တခြားအစိုးရအဖွဲ့တွေကလည်း ဥပမာ – ပြည်ထဲရေး ၊ ထွေအုပ် ၊ စည်ပင်ကိုလည်း ထားနေရတယ်ဆိုတော့ ၊ ဒီ လူလေး ၂၀၀၀ လောက်ပဲရှိတဲ့နေရာ လေးမှာ ပေါင်းလိုက်ရင် ပိုပြီး သင့်တော်တယ်။ လူကြီးတွေကလည်း ဒီလိုလေး စိတ်ကူးစိတ်သန်း ၊ ဟိုတုန်းကလည်း ကျမက ပြောမိကျလို ဒီလိုမျိုးလေး စိတ်ကူးရှိတယ်လို့ ပြောလိုက်တာပါ ။ ဘယ်အခြေအနေရောက်နေပြီ ၊ ဘယ်လောက်ရောက်နေပြီလဲဆိုတာ လူကြီးတွေပဲ သိမှာပါ။ ကျမတို့က လူနည်းနေတဲ့ နေရာလေးမှ အစိုးရဌာန ဖွဲ့ထားရတာ ၊ ထားထားရတာ ဝန်ထုတ်ဝန်ပို ဖြစ်နေတာမို့ ဒီလိုမျိုး ဖြစ်ရင် ပိုကောင်းမယ်လို့ လူကြီးတွေနဲ့ ၊ ဒါက အစကတည်းက ၂၀၁၆ ၊ ၂၀၁၇ ကတည်းက ကျမတို့က ရည်ရွယ်ထားခဲ့တာပါ” ဟု ၎င်း က ရှင်းပြသည်။

NLD ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ဆိပ်ကမ်းမြို့နယ်ကို ပယ်ဖျက်ပြီး အခြားမြို့နယ်တွင် ထည့်ပေါင်းခြင်း အုပ်ချုပ်ရေးပိုင်းက လိုအပ်ချက်အရ လုပ်ခြင်းဖြစ်မည်ဟု ဆိုသည်။

“ကျနော်တို့လည်း ဘာအချက်အလက်မှ မသိပါဘူး။ ကျနော်တို့လည်း မီဒီယာမှ ပါမှာသိရတယ်။ မှတ်ချက် ဘာမှ မပေးပါဘူး။ ကျနော်တို့ ပါတီက ဘာမှ ဆောင်ရွက်ထားတာ မရှိပါဘူး။ အုပ်ချုပ်ရေးပိုင်းက လိုအပ်ချက်အရ လုပ်တယ်လို့ပဲ ကျနော်တို့ သဘောပေါက်ပါတယ်။ ကျနော်တို့လည်း မသိပါဘူး” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ဆိပ်ကမ်းမြို့နယ်သည် ရွေးကောက်ပွဲများတွင် NLD ပါတီ အနိုင်မရရှိဘဲ ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရလေ့ရှိသည့် မဲဆန္ဒနယ် မြို့နယ်တစ်ခုဖြစ်သည်။

ဓာတ်ပုံ- ဆိပ်ကမ်းမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးရုံးနှင့်စာကြည့်တိုက်။

Photo Credit – mdn.gov.mm

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com