All News Local News

KNU ထိန်းချုပ်နယ်မြေအတွင်း သောက်ရေခပ်ဆည်စီမံကိန်း ၁ ဆက်မလုပ်ရန် ကရင်အရပ်ဘက်အဖွဲ့အစည်းများ သတိပေး

ရန်ကုန်၊ မေ ၁၃

ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ် ၊ စပါးကျီကျေးရွာဧရိယာအတွင်း တည်ဆောက်မည့် သောက်ရေခပ်ဆည်ရေကာတာ ( ၁) စီမံကိန်းကို အစိုးရအနေဖြင့် ဆက်လက် အကောင်အထည်ဖော် မလုပ်ဆောင်သင့်ကြောင်းအရပ်ဖက်အဖွဲ့အစည်းအသီးသီးက မေလ ၁ ရက်နေ့က သတိပေးလိုက်သည်။

တိုင်းရင်းသားလူမျိုးများ၏ ဒေသအတွင်း စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပါပြဌာန်းချက်များနှင့် အညီ ဌာနေဆိုင်ရာ တိုင်းရင်းသားများ နှင့် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နဲ့ ညှိနှိုင်းသဘောတူညီချက် ရယူပြီးမှ စတင်သင့်ကြောင်း ဂေဘားကရင်ရေးရာ ကော်မတီ ၊ စောဂျူးနစ် က သုံးသပ်ပြောဆိုသည်။

“ ကျနော်တို့နိုင်ငံက FPIC ဆိုတာက ဒေသခံ လူထုနဲ့ ကြိုတင်သဘောထားရယူခြင်း ၊ အဲဒါကို မလုပ်ဘဲ စီမံကိန်းစမယ်ဆိုရင် အရင် ပထမ ဆည်အမှတ် ၂ အစပြုသလို ဒီပြည်သူတွေရဲ့ထိခိုက်နစ်နာမှုက အများကြီး ဖြစ်လာမှာ ကျနော်တို့က မလိုလားဘူး။အဲဒီတော့ ကျနော်တို့လိုချင်တာက တကယ်တမ်း ဆည်ဆောက်တော့မယ်ဆိုရင် FPIC ဆိုတာ နိုင်ငံတော်ကနေ ထောက်ခံပေးထားတဲအရာ ဖြစ်တာကြောင့် ဒေသခံတွေကို ကြိုတင်သဘောထား တိုင်ပင်ဆွေးနွေးဖို့ ၊ သေချာ ကွင်းဆင်းလေ့လာဖို့ ၊ ဌာနေတိုင်းရင်းသားတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကလည်း ပေါ်ထွက်လာပြီးဆိုတော့ အဲဒါတွေနဲ့အညီ ဆောင်ရွက်ဖို့ ၊ဌာနတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ထည့်သွင်းစဉ်းစား ဖို့ ၊ အဲ့ဒါတွေ မလုပ်ဘဲ အမိန့် အာဏာနဲ့ လုပ်မယ်ဆိုရင် ကျနော်တို့က မလိုလားဘူး။ အပြန်အလှန် အလေးထားမှု ၊ တန်ဖိုးထားမှု တွေကို ကျနော်တို့က လိုချင်တာပါ” ဟု ဂေဘားကရင်ရေးရာ ကော်မတီ ၊ စောဂျူးနစ် က ပြောသည်။

တောင်ငူခရိုင် အခြေစိုက် KNU တပ်ရင်း ၅ ကလည်း ၂၀၁၉ ၊ ဧပြီလ ၂၉ ရက်နေ့မှ စတင်ပြီး သောက်ရေခပ်ချောင်းနှင့် ကျီးချောင်းဆုံရာ ပတ်လည် (၃)မိုင် ဝန်းကျင်အတွင်း မည်သူမှ လုံးဝသွားလာခွင့်မပြုကြောင်း ထုတ်ပြန်စာ ထုတ်ပြန်ထားကြောင်း သိရှိရသည်။

အဆိုပါစီမံကိန်း နှင့်ပတ်သက်ပြီး အကောင်အထည်ဖော်လုပ်ဆောင်ရာတွင် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲပြဿနာများကို စိုးရိမ်နေကြသည့် ဒေသခံ စပါးကျီကျေးရွာသားများက ရေကာတာ အလိုမရှိကြောင်း ဧပြီလ ၂၉ ရက်နေ့က ကန့်ကွက်ဆန္ဒပြမှု လုပ်ဆောင်ခဲ့ကြသည်။

“ လက်ရှိ အစိုးရက ဒီအခြေအနေနဲ့ ပတ်သက်ပြီး ၊ ကျနော်ကိုယ်တိုင်က ဒေသခံ ၊ ရွာသူရွာသားတွေ ဖြစ်တယ်။ ပြီးတော့ လုပ်မယ်နေရာကလည်း ဟိုဘက်ရွာတွေလည်းပါတယ်။ ဒါကြောင့် ကျနော်တို့က ဒီစီမံကိန်း လုပ်မယ်ဆိုရင် ကျနော်တို့ ဒေသခံတွေ ဒုက္ခရောက်မယ်။ ပြည်သူတွေရင်ထဲက စကားကို အခြေပြုပြီးတော့ ထုတ်ပြန်ခြင်းဖြစ်ပါတယ်။ သဘောက အစိုးရက သူတို့ လုပ်တယ်ဆိုရင် ကျနော်တို့နေရာတွေက တိုက်ပွဲဖြစ်တဲ့နေရာတွေဖြစ်တယ်။ ဥပမာ – KNU ထိန်းချုပ်တဲ့နေရာ ဖြစ်တဲ့အတွက်ကြောင့် KNU နဲ့ ညှိနှိုှု်င်းပြီး ပြန်ပြီး ချပြဖို့လိုတယ်။ အခုက ဘာမှ မလုပ်ဘူး။ အခုက သူတို့ လုပ်မယ့် ဧရိယာက KNU ထိန်းချုပ်နယ်မြေအတွင်းဖြစ်နေတယ်။ သူတို့ NCA အရ သူတို့စာချုပ်ချုပ်ဆိုတဲ့အခါ စီမံကိန်းကို အကောင်အထည်ဖော်တော့မယ်ဆိုရင် နှစ်ဦးနှစ်ဖက် သဘောတူပြီး လုပ်ဖို့က ရှိတယ်။ အခုနောက်တစ်ခု NCA အရ သူတို့ကြားကာလမှ ဖွံဖြိုးရေးမလုပ်ရသေးဘူးဆိုပြီး လက်နက်ကိုင်ကလည်း ပြောထားတယ်။ သူတို့ လုပ်မယ့်အစီအစဉ် ကို KNU ကိုဘာမှ အကြောင်းမကြားတော့ သူတို့ကလည်း သဘောထားထုတ်ပြန်ထားတာ” ဟု ဆာမူဝေါ် လူမှုအခြေပြု အဖွဲ့ ၊ စောလှထူးက ပြောသည်။

လျှပ်စစ်ဓါတ်အား ၁၅၀ မဂ္ဂါဝပ် ထွက်ရှိမည့် သောက်ရေခပ်ရေကာတာ ၁ စီမံကိန်းနေရာသည် KNU – ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင် (တပ်မဟာ – ၂) သံတောင်မြို့အနီးတွင် တည်ရှိနေခြင်း ဖြစ်သည်။

သောက်ရေခပ်ချောင်းပေါ်တွင် တည်ဆောက်ထားသည့် သောက်ရေခပ် ၂ ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၆ က စတင် တည်ဆောက်ပြီး ၂၀၁၂ တွင် စတင်ဖွင့်လှစ်ခဲ့ကာ ယင်း သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်း (၂) တည်ဆောက်မှု ကြောင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ ကျေးရွာ ၂၀ ခန့် ပြောင်းရွှေ့ခဲ့ရသည်။

ယခုထပ်မံ တည်ဆောက်မည့် သောက်ရေခပ် ၁ ဆည် စီမံကိန်းကြောင့် ကျေးရွာပေါင်း ၆၀ ခန့် ထပ်မံ ပြောင်းရွှေ့ရမည့် အခြေအနေ ရှိနေခြင်းကြောင့် ဒသေခံများက စီမံကိန်း ဆက်မလုပ်ရန် တားမြစ်နေခြင်းဖြစ်သည်။

ဓာတ်ပုံ- သောက်ရေခပ်စီမံကိန်း ၁ ကို ဆန့်ကျင်ကန့်ကွက်နေသော စပါးကျီကျေးရွာသားများ။

Photo Credit – KIC

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts