All News Local News

Alpha ဘိလပ်မြေစက်ရုံ ဆန္ဒပြသူများကို ရဲက ပစ်ခတ်နှိမ်နင်း၊ သတင်းထောက် ၁ ဦးအပါအဝင် ၄ ဦး အဖမ်းခံရ၊ ၂၀ ကျော် ဒဏ်ရာရ

ရန်ကုန်၊ မေ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် လည်ပတ်နေသော ဘိလပ်မြေစက်ရုံကို ကန့်ကွက်ဆန္ဒပြနေကြသည့် အောင်သပြေ ကျေးရွာသားများကို ရဲတပ်ဖွဲ့က ယနေ့ နံနက်အစောပိုင်းတွင် ပစ်ခတ်နှိမ်နင်းလိုက်ကြောင်း သိရှိရသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ကျေးရွာအဝင်လမ်းမှ ကျေးရွာဒေသခံများ တားဆီးပိတ်ဆို့ထားသည်ကို မေလ (၁၅) ရက်နေ့ နံနက် (၄းဝဝ) နာရီအချိန်ခန့်က ရဲတပ်ဖွဲ့ဝင်များ အင်အားအသုံး၍ ရာဘာကျည်များဖြင့် ပစ်ခတ်လူစုခွဲခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် Channel Mandalay သတင်းထောက်တစ်ဦးနှင့် ကျေးရွာသား (၃) ဦး ဖမ်းဆီးခံခဲ့ရပြီး ကျေးရွာသား (၂ဝ) ကျော် ရာဘာကျည်များထိမှန်ခဲ့ကြောင်း၊ တောင်သူများကလည်း ဘိလပ်မြေစက်ရုံအတွင်းသို့ ဝင်ရောက်၍ မီးရှို့မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ညနေပိုင်းတွင်မူ ပြန်လည် ပြေလည်မှု ရရှိခဲ့ကြောင်း သိရှိရသည်။

ပုသိမ်ကြီးမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အမတ် ဦးအောင်ကျော်ဦးက “မနက်ပိုင်းမှာ ပစ်ခတ် နှိမ်နင်းတယ်လို့တော့ သိထားပါတယ်။ ရွာသားတွေက ဘိလပ်မြေစက်ရုံကို ကန့်ကွက်ကြတာ” ဟု ပြောသည်။

အောင်သပြေရွာသားများက ကျေးရွာဝင်လမ်းကို ကုမ္ပဏီကားများ ဝင်ရောက်နေမှုကို မေလ (၁၄)ရက်နေ့ နံနက်ပိုင်းက စတင်ပိတ်ဆို့ထားခဲ့ပြီး တောင်သူပိုင်မြေများကို မကျူးကျော်ရေး၊ တရားစွဲဆိုမှုများကို ရုပ်သိမ်းရေး၊ ဘိလပ်မြေစက်ရုံ ဖျက်သိမ်းရေး တောင်းဆိုခဲ့ ကြခြင်းဖြစ်သည်။

အောင်သပြေကျေးရွာသားတစ်ဦးကမူ ကျေးရွာသားများ၏ ဆန္ဒမပါဘဲ ဆောင်ရွက်နေသော ဘိလပ်မြေစက်ရုံကြောင့် ထိခိုက်မှုများစွာရှိနေပြီး မြေယာပြဿနာများလည်းရှိနေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts