All News interview Peace

“AA က ခူမီးချင်းတွေကို ဘေးလွတ်ရာခေါ်သွားတယ်ဆိုတာ မဟုတ်ပါဘူး။ အရပ်သားတွေကို လူသားဒိုင်းကာလုပ်ပြီး ခေါ်သွားတာပါ”

By နန့်အိသူ/ ရန်ကုန်ခေတ်သစ်

ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ( KACC ) ညှိနှိုင်းရေးမှူး
ဦးစောမြနှင့် ဆက်သွယ်မေးမြန်းချက်

AA တပ်ဖွဲ့က ချင်းပြည်နယ်၊ ပလက်ဝရှိ ခူမီး ချင်းလူမျိုး ၅၀ ကျော်ကို ခေါ်ဆောင်သွားပြီး ခိုင်းစေမှုများ လုပ်ဆောင်နေကြောင်း ခူမီး ချင်းနွယ်စုများ ရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ KACC က ကြေညာချက်ထုတ်ပြန်သည်။ KACC ၏ ညှိနှိုင်းရေးမှူး ဦးစောမြကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ AA က ခူမီးလူမျိုးတွေကို ဘယ်လို ခေါ်ဆောင်သွားတာလဲ။
ဖြေ ။ ။ ကျနော်တို့က ဒီကိစ္စကို နောက်ပိုင်းမှ သိရတာ ။ စ ခေါ်သွားတဲ့ ( ၅၂ ) ယောက် ၊ မိသားစုဝင်တွေ ပါတော့ ကလေး ( ၂) နှစ်ယောက်မွေးလာတယ်။ ၃ လအတွင်းမှာ ။ အဲဒီတော့ ( ၅၄ ) ယောက် ဖြစ်လာတယ်။ ၅၄ ယောက်ထဲမှာ ၂ ယောက်က သူတို့ကို ဝါးခုတ်ဖို့ ခိုင်းရင် ထွက်ပြေးလာတယ်။ ထွက်ပြေးလာတဲ့ ၂ နှစ်ယောက်ရဲ့ ပြောကြားချက်အရ သိရတာ ။ သူတို့ရွာနားမှ တိုက်ပွဲဖြစ်တော့ ထွက်ပြေးလာတော့ အဲ့ရွာသားတွေကို AA က ခေါ်သွားတာ။ သူတို့သဘောထားလေး မပါဘဲ ခေါ်သွားတာ။ AA ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဘက်ကတော့ သူတို့ လုံ့ခြုံရေးအရ ခေါ်တယ်လို့ ဘာညာတွေ ပြောတယ်။ မဟုတ်ဘူး ။ ကျနော်တို့ သိရတဲ့ သတင်းအရ အစိုးရတပ်ဘက်ကနေ လက်နက်ကြီးနှင့် ပစ်တာကို သူတို့က ရွာသားတွေကို အကာအကွယ်ယူပြီးတော့ ခေါ်သွားတာ။

ဒါပေမဲ့ ကျနော်တို့ အစကတည်းက ဘာလို မပြောချင်တာလဲဆိုတာက ဖမ်းခေါ်သွားတဲ့ ရွာသားတွေက သူတို့လက်ထဲမှာ ရှိနေလို့ သူတို့ လုံ့ခြုံရေးဖြစ်အောင် ကျနော်တို့က မပြောတာ။ ဖြစ်စဉ်ကအဲ့တာပဲ။ ကျနော်တို့လည်း နောက်ပိုင်းမှ သိရတာ။ ပြန်လာတဲ့ ၂ ယောက်ရဲ့ ပြောကြားချက်အရ အစားအသောက်အနေအထိုင် အဆင်မပြေဘူး ။ နောက်ပြီး သူတို့ကို အလုပ်တွေ ခိုင်းတာ ရှိတယ်။ ရိက္ခာတွေသယ်ခိုင်းတယ်။ နောက် ဝါးတွေ ခုတ်ခိုင်းတယ်။ တဲအိမ်တွေ ဆောက်ခိုင်းတယ်။

မေး။ ။ လက်ရှိ ပြန်လွှတ်လာတဲ့ ၂ ယောက်အခြေအနေကော..။

ဖြေ။ ။ လက်ရှိ လွှတ်လာတဲ့ ၂ ယောက်ကတော့ ဆွေမျိုးတွေ ဆီမှာပဲ နေနေတယ်။ သူတို့ မိသားစုက ကျန်ခဲ့သေးတယ်ဆိုတော့ ။ဒါပေမဲ့ ကျနော်တို့လည်း သူတို့ နဲ့ တိုက်ရိုက်မတွေ့ရသေးဘူး။ တဆင့်အားဖြင့် သိရတာ။ ကျန်းမာရေးအခြေအနေက ကောင်းမွန်ပါတယ်။

မေး ။ ။ လက်ရှိချင်းပြည်နယ်အတွင်း AA အဖွဲ့ က လှုပ်ရှားမှု ဆောင်ရွက်နေတဲ့အပေါ် ဘာမှတ်ချက်ပေးချင်လဲ။

ဖြေ။ ။ ကျနော်တို့ တစိုတ်မတ်မတ် ပြောဆိုတာလည်း အဲဒါပဲ။ ဘာကြောင့်လဲဆိုတော့ AA ရဲ့ နိုင်ငံရေး တောင်းဆိုချက်ကို လုပ်တာက တော်လှန်ရေးလမ်းစဉ် သုံးပြီး သွားတာ တစ်ပိုင်းပေါ့။ ဒါပေမဲ့ ကျနော်တို့ ချင်းပြည်နယ် ၊ ပလက်ဝနယ်အတွင်းတော့ သိပ်ပြီး တိုက်ပွဲတွေ မဖော်ပေးပါနဲ့ ။ တိုက်ပွဲတွေ ဖော်လိုက်ရင် သိတဲ့အတိုင်းပဲ ။ ချင်းပြည်နယ်ဆိုတာ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံး သူများ သတ်မှတ်ထားတဲ့ အဆင့် ၊ ချင်းပြည်နယ်က အဆင်းရဲဆုံးပြည်နယ်ဖြစ်တဲ့အချိန် ၊ ကျနော်တို့ ပလက်ဝဒေသ က အဆင်းရဲဆုံးဖြစ်နေတယ်။ ပြောမယ်ဆိုရင် ကားအရောက်အပေါက် ၊ ကားလမ်းဖောက်တာ ကားလမ်းရတာက ၁ နှစ်မပြည့်သေးဘူး။

အဲဒီကြားထဲ မြစ်ကူးတံတားဆောက်တာ သိပ်မကြာသေးဘူး ။ ကုလားတန်မြစ်ကူးတံတား သံဘောင်တည်တာ အစိုးရလေယာဉ်ဆီ ၊ စစ်တပ်လေယာဉ်ဆီတွေ သယ်တယ်ဆိုပြီးတော့ အဲဒီအကြောင်းပြနဲ့ ပစ်လိုက်တော့ အဲဒီလုပ်ငန်း လည်း ရပ်တယ်လေ။ သံဘောင်တွေတည်လာတဲ့ သင်္ဘာကြီးက ရန်ကုန်ကနေ ထွက်လာပြီး ၊ ဘယ်သူမှ မပါဘူး ဆိုပြီး သူတို့ဘက်က ထုတ်ပြန်ရတဲ့အနေအထား မျိုးဖြစ်နေတယ်။

အဲဒီတော့ ဒေသဖွံ့ဖြိုးရေး အရမ်းနစ်နာတယ်။ အဲဒါကြောင့် AA ကို တောင်းဆိုချင်တာက ။သိပ်အများကြီး မလုပ်ပါနဲ့ ။ ပလက်ဝမှာ သူတို့ ဖြတ်သွားဖြတ်လာတာ တစ်ပိုင်းပေါ့လေ။ ဒါပေမဲ့ ကျနော်တို့က ပလက်ဝကို သူတို့စိတ်ထဲမှာ သူတို့ရဲ့ စစ်ရေးလှုပ်ရှားခွင် သတ်မှတ်တယ်ထင်တယ် ။ အဲလိုမျိုး မလုပ်ပါနဲ့ ပြောချင်တယ်။

မေး ။ ။ ကျန်တဲ့ ခူးမီးချင်းတိုင်းရင်းသားတွေ ပြန်လွှတ်ပေးဖို့ သဘောထားက ဘာများလဲ။

ဖြေ။ ။ အများဆုံးပြန်လွှတ်ပေးဖို့ပဲ။ သူတို့ရဲ့ ပြောရေးဆိုခွင့် ပုဂ္ဂိုလ် ဦးခိုင်သုခကတော့ တခြားမီဒီယာတွေ နဲ့ ပြောဆိုထားတာရှိတယ်။ သူတို့ ခေါ်ထားတာ မဟုတ်ဘူး။ သူတို့ လုံ့ခြုံမှု ရှိအောင် လုပ်ထားတာ။ ဒါပေမဲ့ တကယ် မြေပြင်မှာတော့ အဲ့လို မဟုတ်ဘူး။ ဒီအရပ်သားတွေကို သူတို့ထည့်သွင်းစဉ်းစားတာ မှန်ရင် သူတို့လွတ်လွတ်လပ်လပ် ပြန်လာခဲ့စေပေါ့ ။ နောက်ပြီးတော့ ကျနော်တို့အဖွဲ့ နှင့် ညှိနှိုင်းပြီး ပြန်လွှတ်ပေးဖို့ ရှိတယ်တဲ့ ။ ကျနော်တို့အနေနဲ့ ဒီအရပ်သားအဖွဲ့အစည်းတစ်ခု အနေနဲ့ AA တပ်ဖွဲ့ နဲ့ တိုက်ရိုက်ဆက်သွယ်လိုမရဘူးလေ။ အစိုးရ ရဲ့ မတရားအသင်း ဥပဒေ တွေ ရှိတယ်လေ။ သူတို့ နဂိုမူရင်း ရွာကို ပြန်လာလို့ရရင် တော်ပါပြီ ။ သာမန်လက်လုပ်လက်စားတောသူတောင်သားတွေ ဘာမှန်းမသိတဲ့လူတွေကို ဘာမှ မလုပ်ဘဲ ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်တယ်။

မေး ။ ။ အခုလို့ ခေါ်ဆောင်သွားတဲ့အပေါ် ဘာများ သုံးသပ်ထင်မြင်မိတာရှိလဲ။

ဖြေ။ ။ ကျနော်တို့က ခူးမီးချင်းတွေ ဟုတ်လို့ ၊ တမင်တကာခေါ်တာတော့ မဟုတ်ဘူး။ တိုက်ပွဲအပြန်အလှန် တိုက်ခိုက်နေတဲ့အခါကျတော့ ဟိုဘက်က အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပစ် တဲ့အခါကျတော့ သူတို့က အရပ်သားတွေကို အကာအကွယ်ယူ တဲ့အနေနဲ့ လက်တလော ဆုံးဖြတ်ပြီး ခေါ်သွားတာ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုက်ပွဲအတွင်း အရပ်သားတွေ ရှိနေရင် အစိုးရတပ်ဘက်က အခုနောက်ပိုင်း အပြင်းအထန်ပစ်တာ မရှိဘူးလေ။ အရပ်သားထိခိုက်တာ သူတို့ ရှောင်တဲ့အနေနဲ့ ရှိတယ်လေ။ ဒါက ကျနော်တို့ ကိုယ်တိုင် သိရတဲ့ အဖြစ်အပျက်တွေလေ ။ အဲ့လို သဘောမျိုး ရှိမှာပါ။ လူမျိုးရေး ဘာတွေ မရှိပါဘူး ။ AA ဘက်ကလည်း…။

မေး ။ ။ AA ဘက်ကလည်း အရပ်သားတွေကို ဘေးလွတ်ရာ ခေါ်ဆောင်သွားတယ်ဆိုတဲ့ ပြောဆိုချက်အပေါ်ကော …။

ဖြေ။ ။ အဲဒါတော့ ကျနော်တို့ဘက်ကလည်း လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ ပြန်လာတဲ့ သူတွေရဲ့ ပြောကြားချက်ကိုလည်း ကျနော်တို့က အတည်ယူရမှာလေ။ သူတို့သဘောထားမှာ AA က အရပ်သားတွေ ဘေးလွတ်ရာခေါ်သွားတယ်ဆိုတာ မဟုတ်ပါဘူး။ အရပ်သားတွေကို လူသားဒိုင်းကာလုပ်ပြီး ခေါ်သွားတာပါ။ ကျနော်တို့သိရတဲ့ သတင်းပါ။

မေး ။ ။ ဘာများ ဖြည့်စွက်ပြောပြချင်တာ ရှိသေးလဲ။

ဖြေ။ ။ ကျနော်တို့ နောက်ထပ် သီးသန့်တောင်းဆိုချင်တာတော့ မရှိပါဘူး။ ကျနော်တို့ လိုချင်တာက ကြေညာချက်မှာ ပါတဲ့အတိုင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြထားတာ ရှိတယ်။ ချင်းပြည်နယ်အစိုးရအဖွဲ့အစည်းတွေကို တင်ပြထားတာရှိတယ်။ နောက် ဒါကြောင့်မို့ သူတို့ ပြန်လွှတ်လာရင် ရပါပြီ ။ AA ဘက်က ပြန်မလွှတ်ဆိုရင် နောက်တစ်နည်းလုပ်ဖို့ လည်း မရှိပါဘူး။ ဒီလိုဖြစ်စဉ် ရှိခဲ့ပြီ ။ ဖြစ်နေပြီးဆိုတာကို အားလုံးသိရအောင်လို ကျနော်တို့ အများသိအောင် ကြေညာချက်ထုတ်ပြန်တာပဲ ရှိပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts