All News Local News Peace

ကယ်ကူသူမဲ့နေသည့် ရခိုင်မှ အရပ်သားများ သေဆုံးမှု နိုင်ငံတကာဝင်ပါရန် တောင်းဆိုတော့မည်

ရန်ကုန်၊ မေ ၁၈

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အရပ်သားများ သေဆုံးထိခိုက်နေမှုနှင့်ပတ်သက်ပြီး နိုင်ငံတကာက ဝင်ပါရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူူးအောင် က ပြောသည်။

“ အခုထိခိုက်ဒဏ်ရာရတာ သေဆုံးတဲ့သူတွေအားလုံးက အပြစ်မဲ့ပြည်သူတွေ ၊ အပြစ်မဲ့ပြည်သူတွေထိခိုက်ဒဏ်ရာရ ၊ သေဆုံးတဲ့ ကိစ္စဟာ တိုင်းပြည်အတွက် နစ်နာသလို ၊ အစိုးရရဲ့ ရပ်တည်မှု ၊ တပ်မတော်အတွက်ကော နိုင်ငံတကာမှ ရမ်းသန်းပြီး ပစ်တဲ့ဆိုတဲ့ ပုံရိပ် ပေါ်လွင်စေတာဖြစ်တဲ့အတွက်ကြောင့် တပ်မတော်ရဲ့ ပုံရိပ်ဟာ ဘာလဲပေါ့ ၊ နိုင်ငံတကာမှာ ကျဆင်းစေတဲ့အတွက် ဒီကိစ္စကို ထိထိရောက်ရောက် ပြန်လည်သုံးသပ်ပြီး အရေးယူဆောင်ရွက်လိုအပ်တယ်လို့ ပြောချင်တယ်” ဟု ဦးတင်ထူးအောင်က ပြောသည်။

အရပ်သားသေဆုံးမှုများနှင့်ပတ်သက်ပြီး တာဝန်ခံမှု တာဝန်ယူမရှိခြင်းက နိုင်ငံ၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း၊ ငြင်းဆိုနေရုံဖြင့် ပြဿနာများ မပြေလည်နိုင်ကြောင်း ၎င်းက ဆိုသည်။

“အခု တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့က ငြင်းဆိုနေတာပဲ ရှိတယ်။ ဒီကိစ္စက ငြင်းဆိုပြီးတော့ ငြင်းချက်ထုတ်နေရုံ နဲ့ ပြေလည်သွားမယ့် ကိစ္စ မဟုတ်ဘူး။ နိုင်ငံတကာ ပါလာအောင် ဆောင်ရွက်မယ်။ အစိုးရက တာဝန်ယူမှု ၊ တာဝန်ခံမှု ကင်းမဲနေတဲ့ ကိစ္စဖြစ်တယ်။ ဘာမှကို လုပ်ကိုင်ဆောင်ရွက်လို မရဘူး ။ ဒီကိစ္စတွေက တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာတွေလည်း အများကြီး ကျတယ်” ဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦး တင်ထူးအောင်က ပြောသည်။

ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ် ၊ ဘောင်းဒွတ်ရွာတွင် ဧပြီလ ၁၃ ရက်နေ့ ညပိုင်းကသေနတ်ပစ်ခတ်ခံရသူ ဦးကျော်သိန်း ကျောကုန်းကို ကျည်ဆံဖောက်ဝင်မှုကြောင့် ဧပြီလ ၁၅ ရက်နေတွင် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာပြီး ရက်ပေါင်း ၂၀ ကျော်အကြာတွင ်ကွယ်လွန်သွားခဲ့သည်။

ဦးကျော်သိန်းသည် မြောက်ဦးမြို့နယ် ၊ လက္ကာကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ရွာတွင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဧပြီလ ၁၃ ရက်နေ့ ညပိုင်း ဘောင်းဒွတ်ရွာရှိ ဆွေမျိုးများထံ သွားရောက်ခိုလှုံရင်း ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်သည်။

“ ဦးကျော်သိန်းက လက္ကာကျေးရွာသား ၊ သူက ဘောင်းဒွတ်ရွာကို စစ်ဘေးရှောင်လာတဲ့အချိန် ကျည်ထိတာပေါ့။ ကျည်ထိတော့ ရန်ကုန် ကို ဧပြီလ ၁၅ ရက်နေ့ ရောက်တယ်။ မသက်သာတော့ ဧပြီလ ၂၁ ရက်နေ့ အဆုတ်၊ ရင်ခေါင်းအထူးကြပ်မတ်ဆောင် ( ICU ) မှာ ကုသတယ်။ ရက် ၂၀ လောက် ကုသပြီးတော့ ဆုံးသွားတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

အလားတူ ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ် ၊ ကျောက်တန်းရွာသားများကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသူ ၈ ဦးအနက်မှ ဒဏ်ရာရရှိသူ ကိုအောင်လင်းကျော်သည် မေလ ၁၅ ရက်နေ့က မြောက်ဥက္ကလာပ ဆေးရုံတွင် ဆေးကုသခံယူနေရင်း ကွယ်လွန်သွားခဲ့သည်။

ကိုအောင်လင်းကျော် ရုပ်အလောင်းကို မိသားစုဝင်များ၏ ဆန္ဒအရ ဇာတိမြေ ရသေ့တောင်မြို့သို့ ပြန်သယ်သွားပြီး မေလ ၁၆ ရက်နေ့ ၊နေလည် ၃ နာရီအချိန်တွင် သဂြိုလ်ခဲ့ကြောင်း ညီဖြစ်သူ ကိုမင်းဇော်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင်တပ်မတော် ( AA ) တပ်ဖွဲ့အကြား တိုက်ပွဲများကြောင့် သေဆုံးသူ အရပ်သား ၃၀ ကျော် ၊ ထိခိုက်ဒဏ်ရာရရှိသူ ၇၀ ၊ စစ်ဘေးရှောင့်ဒုက္ခသည် ၃၃၀၀၀ ကျော် ရှိနေကြောင်း ရခိုင်အရေးကူညီဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်းများ၏ စာရင်းအရ သိရသည်။

ဓာတ်ပုံ- ပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့သော ကိုအောင်လင်းကျော်၏ အသုဘ။ Photo credit – Narijara

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts