interview political news

“(ဦးဝီရသူ) ပါးစပ်သရမ်းတာတွေက ဘုရားရဲ့ ဆန့်ကျင်ဘက်တွေကို ပြောတာကိုက ရဟန်း မဟုတ်လောက်တော့ဘူး”

By သာလွန်ဇောင်းထက်/ရန်ကုန်ခေတ်သစ်

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူက စစ်သားတွေကို ဘုရားလိုတောင် ကိုးကွယ်ရမယ် ဟု ယမန်နေ့ ရန်ကုန်မြို့ အခြေခံဥပဒေ ထောက်ခံပွဲတွင် ပြောဆိုလိုက်ရာ သံဃာတော်များအကြားတွင် ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်နေသည်။ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသဘိဝံသကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဦးဝီရသူက စစ်သားတွေကို ဘုရားလို ကိုးကွယ်သင့်တယ်လို့ ပြောသွားတဲ့အပေါ် ဘယ်လို မှတ်ချက်ပြုချင်ပါလဲ။

ဖြေ။ ။ သာသနာကို ဖျက်ဆီးတာမျိုး ကောင်းကောင်းကြီးဖြစ်တာပေါ့။ လက်တွေ့လည်းပဲ အားလုံးကလည်း ဒီကိစ္စက မဖြစ်သင့်ဘူး။ ဒါကြောင့် ဒီကိစ္စက တိုင်းပြည်တိုးတက်မှုမရှိဘူး။ နောက်ပြီးတော့ စစ်သားကိစ္စဟာ သာသနာကို သတ်ခဲ့တာတွေ အများကြီးလုပ်ခဲ့တာ။ အများကြီးလုပ်ခဲ့တဲ့ ကိစ္စကို မြှောက်ပေးနေတယ်ဆိုတော့ ဆုံးမရမယ့် အရာကို မဆုံးမဘဲ မြှောက်ပေးနေတယ်ဆိုတော့ တိုင်းပြည်လည်း ဖျက်ဆီး၊ သာသနာလည်း ဖျက်ဆီးညှိုးနွမ်းအောင် လုပ်တဲ့သူလို့ အဲဒီလို ပုဒ်မ တပ်လို့ရတယ်လို့ ဘုန်းကြီးကတော့ မြင်တယ်။

မေး။ ။ စစ်သားကို ဘုရားလိုတောင် ကိုးကွယ်ရမယ်ဆိုတဲ့ စကားက ဘယ်အထိ အဓိပ္ပာယ်သက်ရောက်လဲ။

ဖြေ။ ။ ဘယ်အထိ သွားသလဲဆိုတော့ ဘုရားရဲ့စကားတွေကို ဆန့်ကျင်တဲ့သူလို့ အဲဒီလို ပြောချင်ပါတယ်။ ဘုရားရဲ့စကားကို ဆန့်ကျင်တယ်ဆိုတာက စစ်သားဆိုတဲ့ အလုပ်က လူတွေကို သတ်ဖြတ်ရတဲ့အလုပ်တစ်ခုဖြစ်တယ်။ အရင် အခြားတိုင်းပြည်တွေမှာဆိုလို့ရှိရင် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရတယ်လို့ပြောနိုင်တယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူတို့က သမ္မတရဲ့ ထိန်းချုပ်မှုအောက်မှာ နေထိုင်ကြရတာကိုး။ ဒီနိုင်ငံမှာက စစ်တပ်ဆိုတာက မိမနိုင်၊ ဖမနိုင် စစ်တပ်။ တရားဥပဒေစိုးမိုးမှုမရှိတဲ့ စစ်တပ်။ ဥပဒေအပေါ်မှာ တက်ထိုင်တဲ့ စစ်တပ်။ ဒီစစ်တပ်က လူသတ်နေတာ သိရဲ့သားနဲ့ ။ ကမ္ဘာက စွပ်စွဲနေတာ မုဒိမ်းမှုတွေနဲ့ အကုသိုလ်ဒုစရိုက်တွေ လုပ်လို့ စွပ်စွဲနေတဲ့ ကာလကြီးမှာ ဒီမြန်မာစစ်တပ်ကို သွားပြီး အဲလို ပြောတာကြီးက ဒီလူက လူသတ်သမားကို မြှောက်ပေးတဲ့သူလို့ မြှောက်ပေးတဲ့သူလို့ ပြောရမယ်ထင်တယ်။

မေး။ ။ ဒီလို စစ်သားတွေကို ဘုရားလိုတောင် ကိုးကွယ်ရမယ်လို့ ပြောဆိုမှုဟာ သံဃာဝိနည်း ၂၂၇ ပါးနဲ့ ငြိပါလား။

ဖြေ။ ။ ကျုပ်ကတော့ အစကတည်းက ပြောပြီးပြီ။ ဒီကောင်( ဦးဝီရသူ) ပါးစပ်သရမ်းတာတွေက ဘုရားရဲ့ ဆန့်ကျင်ဘက်တွေကို ပြောတာကိုက ရဟန်းမဟုတ်လောက်တော့ဘူးလို့ ဘုန်းကြီးက ပြောခဲ့ပြီးပြီလေ။

မေး။ ။ အဲဒီစကားအတွက် ဘာသာ သာသနာ တစ်ခုလုံး ထိခိုက်တယ်ဆိုရင် သာသနာမှာရှိနေတဲ့ အရှင်ဘုရားတို့အနေနဲ့ ဘယ်လို တုံ့ပြန် ဆောင်ရွက်မလဲ။

ဖြေ။ ။ အခုဟာက ခက်တယ်ဗျ။ သံဃာနာယကက အလုပ်လုပ်ရမှာက ။ သံဃာနာယကက အလုပ်မလုပ်တဲ့အခါကျတော့ ကျုပ်တို့က တော်တော်ဒီကိစ္စက ခက်နေတယ်။

မေး။ ။ စစ်သားကို ဘုရားလို ကိုးကွယ်မယ်ဆိုရင် တိုင်းပြည်မှာ ဘာတွေ ဖြစ်နိုင်မလဲ။

ဖြေ။ ။ ဘုရားလို မကိုးကွယ်ဘဲနဲ့ကို တက်ပြီးတော့ ထိုင်ပြီးတော့ အာဏာသိမ်းယူပြီးတော့ နှစ်ပေါင်းဘယ်လောက်ရှိနေပြီလဲ။ ဒီနိုင်ငံပြဿနာတက်နေလို့ ဒီစစ်သား ပြဿနာ၊ လက်နက်ကိုင်ပြဿနာကို တိုင်းပြည်က ဖြေရှင်းနေတဲ့ အချိန်မှာ ဆန့်ကျင်ဘက်တွေ ပြောတဲ့ ကိုယ်တော်ကတော့ သာသနာဘောင် မပြောနဲ့ လူ့ဘောင်တောင် မရှိသင့်တော့ဘူး။ ဒီတိုင်းပြည်ထဲတောင် မရှိသင့်တော့ဘူး ထင်တာပဲ။

မေး။ ။ နောက်ဆုံး ဖြည့်စွက် ဘာပြောချင်ပါလဲ။

ဖြေ။ ။ တကယ်ကတော့ ဒီကိစ္စက သူရဲ့ ပြောဆိုမှုက နံပါတ်တစ်က သူရဲ့ နေရာ ဌာနဖြစ်တဲ့ မစိုးရိမ်ပါ ထိခိုက်နေပြီ။ အမှန်ဆိုရင် မစိုးရိမ်တိုက်အနေနဲ့ ကိုယ့်တိုက်ကို ညှိုးနွမ်းစေမှုနဲ့ သူ့ကို ဖယ်ထုတ်ပစ်ရမယ်။ နာယကတွေ အစည်းအဝေးထိုင်ပြီးတော့ ဟန့်တားရမယ်။ အဲဒီကိစ္စကို မစိုးရိမ်က လုပ်တယ်လို့ တစ်ခါမှ အသံမကြားသေးဘူးနော်။ နောက်တစ်ခုက သာသနာလည်း ထိခိုက်နေပြီ။

သာသနာမှာ မကြည်ညိုသေးတဲ့သူတွေကို ကြည်ညိုအောင်လုပ်ရမယ်။ ကြည်ညိုပြီးတဲ့သူတွေကို ပိုကြည်ညိုတိုးအောင် နေထိုင်ဆောင်ရွက်ရမယ်လို့ မြတ်စွာ ဘုရား ဟောခဲ့တယ်။ ဒါက သာသနာ အခြေခံဥပဒေ ခေါ်တာပေါ့။ သာသနာရဲ့ အခြေခံပဲ။ အခုက သူက သာသနာရဲ့ အခြေခံဥပဒေကို ဖောက်ဖျက်တာ။ ကြည်ညိုနေတဲ့သူတွေ နိုင်ငံသားတွေက သူ ဆန့်ကျင်ဘက်တွေ ပြောဆိုနေလို့ ရွံ့ရှာကုန်ကြပြီ။ တစ်တိုင်းတစ်ပြည်လုံးက။ အဲဒီတော့ မစိုးရိမ်တိုက်သစ်မှာလည်း တာဝန်ရှိတယ်။ သံဃာနာယကအဖွဲ့မှာလည်း တာဝန်ရှိတယ်။ မြို့နယ်အဆင့်အထိ တာဝန်ရှိတယ်။ အားလုံးလည်း ပြောသင့်တယ်လို့ ဘုန်းကြီးထင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com