Editorial political news

ဦးဝီရသူ၏ ရုန့်ရင်းကြမ်းတမ်းမှုများက ဗုဒ္ဓ၏ ငြိမ်းချမ်းရေး အနှစ်သာရကို ဖျက်ဆီးနေသည်

ဗုဒ္ဓဘာသာ၏ အထွဋ်အမြတ် ဘုရှားရှင်ကိုယ်တော်မြတ်ကြီးသည် မေတ္တာတရားနှင့် သံသရာ၏ ဝဲဂယက်မှ လွတ်မြောက်ရာ ကို ရှာဖွေရန် ဟောပြောတော်မူခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော ဒုက္ခ အပေါင်းမှ ချုပ်ငြိမ်းမှု၊ သံသရာမှ ငြိမ်းချမ်းမှု ဆိုသော ငြိမ်းချမ်းမှုကို ရှာဖွေကျင့်ကြံရန် နည်းလမ်းပြတော်မူခဲ့သည်။ မေတ္တာတရားကို အခြေခံသော ဗုဒ္ဓ၏ တရားတော်များသည် ငြိမ်းချမ်းရေးကိုသာ ဦးတည်ပါသည်။

သို့သော် သံဃာတစ်ပါးဖြစ်သော ဦးဝီရသူသည် ဗုဒ္ဓ၏ အခြေခံ ချမှတ်ထားသော လမ်းစဉ်များနှင့် တရားတော်များကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်လျက် ရုန့်ရင်းကြမ်းတမ်းမှုများ ကို ပြောဆိုနေသည်။

ဧပြီလ ၂၉ ရက်နေ့ မြိတ်မြို့တွင် ကျင်းပပြုလုပ်သော အခြေခံဥပဒေ ထောက်ခံပွဲ၊ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဟောပြောပွဲတွင် ဦးဝီရသူသည် ဗုဒ္ဓ၏ သားတော် ရဟန်းတစ်ပါး အနေဖြင့် မပြောသင့် မပြောအပ်သော အလွန် စက်ဆုပ်ရွံ့ရှာ ဖွယ်ဖြစ်သော စကားများကို ပြောဆိုခဲ့သည်။

“မိတ်ကပ်လေး လိမ်းဖို့လောက် တတ်၊ ဖက်ရှင်လေး ဝတ်ဖို့လောက်တတ်၊ ဒေါက်မြင့်လေးနဲ့ ကော့ကော့ လျှောက်သွားဖို့လောက်တတ်။ ဒီကြားထဲ နိုင်ငံခြားသားတွေ တွေ့ရင် ဖင်က ရမ်းချင် သေးတယ်။ ဒီလောက်သရမ်းနေတဲ့ ဟာကြီးကို သမ္မတ တင်ချင်သေးတယ်။ သေရောပေါ့ဗျာ ကျပ်တို့ နိုင်ငံ။ ဗိုလ်ချုပ်ပြောတဲ့နိုင်ငံ သေချာပေါက်”ဟု ဦးဝီရသူက ပြောဆိုခဲ့သည်။

ထို့ပြင်” ကော်မရှင်ဖွဲ့လည်း ပြည်ပက ကောင်တွေပဲ။ အနားခေါ်ထားလည်း ပြည်ပကောင်တွေပဲ။ အကြံပေးလည်း ပြည်ပ ကောင်တွေပဲ။ အတူသွားလည်း ပြည်ပ ကောင်တွေပဲ။ အတူအိပ်လည်း …..။အဲဒါကြီးကိုပဲ ကျုပ်တို့ နိုင်ငံသမ္မတဖြစ်မယ်ဆိုရင် အကုန်လုံးခင်ဗျားတို့ ပြည်သူတစ်ရပ်လုံး ကုန်းသာပေးလိုက်ကြပေတော့ ။ သေရောဗျာ လွတ်လပ်ရေး ဘာလို့ ယူနေသေးလဲ။ လွတ်လပ်ရေးဆုံးရှုံးတာထက်တောင် ပိုဆုံးရှုံးသွားဦးမယ်။ အေး ဗိုလ်ချုပ်ခမျာ အသက်အသေခံပြီး လွတ်လပ်ရေးယူသွားတယ်။ သူ့သမီးအကြောင်း မသိရှာလို့။ အတိုင်ပင်ခံနဲ့တင် ကျေနပ်တော့ ဘုရားလက်ထက်ဆိုရင် ခွေးကတက်မှာပဲ နေရမှာ” ဟု ဦးဝီရသူက ပြောဆိုခဲ့ပြန်သည်။

သံဃာတော်ပါး အနေဖြင့် အင်မတန်မှ မကြားဝံ့ မနာသာ ရုန့်ရင်းကြမ်းတမ်းသော စကားများကို ပြောဆိုခြင်းက သာသနာတော်ကို ထိခိုက်စေသည်။ လူတိုင်းလူတိုင်းတွင် လွတ်လပ်စွာ ပြောဆိုခွင့်ရှိသော်လည်း သာသနာတော်၏ အောက်တွင် ခိုလှုံ၍ သင်္ကန်းစည်းလျက် သာမန်လူများပင်လျှင် ပြောမထွက်ဝံ့သော စကားများကို ဆိုခြင်းက လက်ခံနိုင်ဖွယ်ရှာမရှိပေ။

ဘုရားရှင်၏ သားတော် ရဟန်းသံဃာများ လိုက်နာရမည့် ၂၂၇ သွယ်သော သိက္ခာပုဒ်များကို ဆန့်ကျင်နေခြင်းက သာသနာတစ်ခုလုံးသာမက ဗုဒ္ဓဘာသာကို ကိုးကွယ်နေသော ပြည်သူတစ်ရပ်လုံးအတွက် စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာပင်ဖြစ်သည်။

ဦးဝီရသူသည် ရှေ့တွင်လည်း ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် ယန်းဟေးလီကို မကြားဝံ့ မနာသာ ပြောဆိုခဲ့သည်။

ယနေ့ ဦးဝီရသူ၏ ပြောဆိုမှုများသည် သာသနာတစ်ခုလုံး၏ ပုံရိပ်ကို ညှိုးနွမ်းစေသည်မှာ အသေအချာပင်ဖြစ်သည်။

ဗုဒ္ဓဘုရားရှင်၏ သားတော် ရဟန်းတစ်ပါးအဖြစ် ဧကန် အမှန်ခံယူပါလျှင် ထိုကဲ့သို့ သော မကြားမဝံ့မနာသာ စကားများကို မပြောဆိုသင့်ပေ။ နိုင်ငံရေးတွင် ပါဝင်လိုပါက ဘုရားရှင်၏ အရိပ်အာဝါသကို စွန့်၍ လူဝတ်ကြောင်ဖြင့် နိုင်ငံရေးလုပ်သင့်သည်။

ထိုသို့မဟုတ်ဘဲ သင်္ကန်းဝတ်ဖြင့် မကြားဝံ့မနာသာ စကားများ ပြောဆို၍ နိုင်ငံရေးတွင် ပါဝင် ဝေဖန်ပုတ်ခတ်ခြင်းက ဘုရားရှင်၏ သာသနာတော်ကို သိက္ခာကျစေရုံမက ဗုဒ္ဓ၏ ငြိမ်းချမ်းမှု တရားတော်များကို ဖီလာဆန့်ကျင်နေသဖြင့် ရန်ကုန်ခေတ်သစ်က ရှုတ်ချပါကြောင်း။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com