All News Editorial

အာဏာရှင် ဥပဒေများနှင့် နိုင်ငံသားများ ဖိနှိပ်ခံနေရခြင်းကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရ လျစ်လျူရှုမနေသင့်ပါ

လူထု၏ တခဲနက် ထောက်ခံမှုဖြင့် အာဏာရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ သက်တမ်း ၃ နှစ်ကျော်လာပြီဖြစ်သော်လည်း အာဏာရှင်ဆန်သည့် ဥပဒေများ၊ ဒီမိုကရေစီမဆန်သော ဥပဒေများကို ပယ်ဖျက်ခြင်း မရှိသေးပေ။

လူ့အခွင့်အရေး စံချိန်စံညွှန်းနှင့်ကိုက်ညီခြင်းမရှိဘဲ ဒီမိုကရေစီကို နောက်ကြောင်းပြန်ဆွဲနေသော နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅ ၊ ပုဒ်မ ၁၂၄ ၊ မတရားအသင်း ဥပဒေ ပုဒ်မ ၁၇ ၊ ဆက်သွယ်ရေးဥပဒေ ၆၆ ဃ အပါအဝင် မတရားသော ဥပဒေများ အသက်ဝင်နေဆဲဖြစ်သည်။

ဝမ်းနည်းစရာကောင်းလှသည်က ဒီမိုကရေစီနှင့် လူ့အခွင့်အရေး မြှင့်တင်မည်ဟု အာဏာမရခင်က ကြွေးကြော်ခဲ့သော အရွေးချယ်ခံ အစိုးရသည် အာဏာရရှိလာချိန်တွင် အာဏာရှင် ဆန်သော ဥပဒေများကို ပယ်ဖျက်ခြင်း မရှိသည့်အပြင် သူတို့ကိုယ်တိုင် ယင်းဥပဒေများကို အသုံးပြု၍ NLD ကို ဆန့်ကျင်သူများကို ဖမ်းဆီးထောင်ချခဲ့သည်။

ငါးမင်းဆွေကို ပုဒ်မ ၁၂၄ (က) ဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်။ စာရေးဆရာ မောင်သွေးချွန်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။ သတင်းမီဒီယာများကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားရုံးဦးတိုက်လျှောက်ပြီး အချိန်မတော် ရုံးခန်းများ ဝင်စီး၍ အာဏာရှင်ဆန်ဆန် ပြုမူခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော NLD အစိုးရကို ဝေဖန်တိုက်ခိုက်သူများကို စစ်အာဏာရှင်များ အမူအကျင့်အတိုင်း မတရားသော ဥပဒေများဖြင့် ဖမ်းဆီးထောင်ချမှု လုပ်ဆောင်လျက်ရှိသည်။

မတရားသော ဥပဒေများကို ကိုယ်တိုင်က တိုက်ဖျက် ရှင်းလင်းရန် တာဝန်ရှိသော်လည်း မရှင်းလင်းဘဲ ကိုယ်တိုင်က အာဏာရှင်ကဲ့သို့ အစိုးရကို ကာကွယ်ရန် ယင်းဥပဒေများကို မပယ်ဖျက်ဘဲ ကောင်းကောင်းအသုံးချသည်။

အမှန်တကယ် NLD က ပယ်ဖျက်လိုပါလျှင် လွှတ်တော်တွင် အမတ် အရေအတွက် ၈၀ ရာခိုင်နှုန်းပါးရှိနေ၍ အလွယ် တကူ မတရားသော ဥပဒေများကို ပယ်ဖျက်နိုင်သည်။ သို့သော် မပယ်ဖျက်ဘဲ ကိုယ်တိုင် အသုံးပြုနေသည်။

ရလဒ်က ရွေးကောက်ခံ အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိသော စစ်တပ်သည် အစိုးရ ပြုမူသကဲ့သို့ ယင်း အာဏာရှင်ဥပဒေများကို သုံး၍ စစ်တပ်ကို ဝေဖန်တိုက်ခိုက်သော နိုင်ငံသား မည်သူ့ကိုမဆို ဖမ်းဆီး အမှု ဖွင့် တရားရုံးတင်သည်။

တပ်မတော်နှင့်ပြည်ထဲရေးက ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များ၊ ရခိုင် DMG သတင်းအယ်ဒီတာချုပ်၊ ယခုနောက်ဆုံး ဇွဲအငြိမ့်အဖွဲ့ တို့ကို အာဏာရှင်ဆန်သော မတရားသော ဥပဒေများဖြင့် တရားစွဲဆိုထားသည်။

တက်ကြွလှုပ်ရှားသူများ၊ သတင်းမီဒီယာသမားများ၊ နိုင်ငံသားများမှာ ပုဒ်မ ၅၀၅ ၊ ပုဒ်မ ၆၆ ဃ ၊ ပုဒ်မ ၁၇ မတရားအသင်းဥပဒေများဖြင့် အမှုများစွာ ရင်ဆိုင်နေရသည်။

ဒီမိုကရေစီအစိုးရ လက်အောက်တွင် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို အာဏာရှင် ဥပဒေများဖြင့် ဖမ်းဆီး အရေးယူခံနေရခြင်းကို ဒေါ်အောင်ဆန်းစုကြည် အစိုးရ ဘာမှ လုပ်နိုင်ခြင်း မရှိဘဲ ထိုင်ကြည့်နေသည်။ လွှတ်တော်များသည်လည်း ရေငုံနှုတ်ပိတ်နေသည်။ ယခုအချိန်အထိ မတရားသော ဥပဒေများကို ပယ်ဖျက်ရမည်ဆိုသော စကားတစ်လုံးမျှပင် မဆိုပေ။

အာဏာရှင်ဥပဒေများကို မပယ်ဖျက်နိုင်သမျှကာလပတ်လုံး ဒီမိုကရေစီအစိုးရလက်ထက်တွင်လည်း နိုင်ငံရေးအကျဉ်းသား အရေအတွက် ထပ်မံ တိုးတက်လာမည့် အခြေအနေရှိနေသည်။

မတရားသော ဥပဒေများကို ပယ်ဖျက်ခြင်း မပြုသောကြောင့် လူထုထောက်ခံသော ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တွင် နိုင်ငံသားများသည် အကာအကွယ် မဲ့လျက် စစ်တပ်၏ ဗိုလ်ကျစိုးမိုးခြင်းကို ခံနေရသည်မှာ တစ်နည်းအားဖြင့် ဒီမိုကရေစီ သေဆုံးခြင်းဖြစ်၍ ဝမ်းနည်းစရာကောင်းလှသည်။

မတရားသော ဥပဒေများကို မပယ်ဖျက်နိုင်သမျှ ကာလပတ်လုံး ဒီမိုကရေစီသည် ရှင်သန်ကြီးထွားရန် မလွယ်သကဲ့သို့ နိုင်ငံသားများသည်လည်း အမြဲတစေ ဘေးကင်းလုံခြုံမှု ကင်းမဲ့သော ခြိမ်းခြောက်မှုများ ရင်ဆိုင်နေရမည်ဖြစ်သည်။

NLD အစိုးရနှင့် လွှတ်တော်သည် မတရားသော ဥပဒေပုဒ်မများအားလုံးကို မိမိတို့ အာဏာရှိစဉ် ပယ်ဖျက်ရမည်။ လတ်တလော အာဏာရှင် ဥပဒေများကို မပယ်ဖျက်ဘဲ ထိုင်ကြည့်နေခြင်းက NLD သည် လူထုက ရွေးချယ် ပေးအပ်လိုက်သော တာဝန်များကို ကျေပွန်ခြင်း မရှိဟု ဆိုရပေမည်။ NLD သည် လူထုမျက်နှာကြည့်၍ ဒီမိုကရေစီ မဆန်သော ဥပဒေများကို ဖယ်ရှားရန် အချိန်ကျပြီဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်က သတိပေးလိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com