All News Editorial

အစွန်းရောက်များ ထင်တိုင်းကြဲ လှုပ်ရှားခွင့် ရနေခြင်းက တိုင်းပြည်နှင့် ပြည်သူများအတွက် အန္တရာယ်ရှိသည်

NLD က လွှတ်တော်တွင်းတွင် အခြေခံဥပဒေ ပြင်ဆင်ရန် ကြိုးပမ်းချိန်တွင် စစ်တပ်နှင့်ကြံ့ခိုင်ရေးက အခြေခံဥပဒေ ပြင်ဆင်ရမည်ဖြစ်သော်လည်း လုပ်ထုံးလုပ်နည်းဥပဒေများနှင့်အညီ ပြင်ဆင်ရန် ပြောဆိုသည်။ ယင်းနောက် အခြေခံဥပဒေပြင်ဆင်ရေးအတွက် နည်းလမ်းတချို့ တင်သွင်းလာပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် သမ္မတက တိုက်ရိုက်မဟုတ်ဘဲ သက်ဆိုင်ရာလွှတ်တော်ကသာ ဝန်ကြီးချုပ် ခန့်အပ်မည့် အခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် လွှတ်တော်သို့ ကြံ့ခိုင်ရေးပါတီက တင်သွင်းလာသည်။ အခြားသော ပုဒ်မများကိုမူ ပြင်ဆင်ရန် မသင့်သေးဆိုသော သဘောထားမှတ်ချက်များလည်း ၎င်းတို့ထံမှ ထွက်ပေါ်ခဲ့သည်။

ပြည်သူလူထုကြားတွင်လည်း NLD အမာခံများ ဦးဆောင်သော အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲများ ဆက်တိုက်ဆိုသလို ပေါ်ထွန်းလာခဲ့ပြီး အခြားတစ်ဖက်တွင်လည်း အစွန်းရောက် အမျိုးသားရေး ဝါဒီများ ပါဝင်သော ပုဒ်မ ၅၉ မပြင်ဆင်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။

တစ်ဖက်နှင့် တစ်ဖက် ထောက်ခံသူများအကြား အခြေခံဥပဒေ အပေါ် အမြင်အယူအဆ အမျိုးမျိုးနှင့် ဆန္ဒထုတ်ဖော်လှုပ်ရှားကြခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရ အမြင်ကွဲပြားမှု ဖြစ်၍ လက်ခံပါသည်။

သို့သော် တိုင်းပြည်တွင် ၂၀၁၂ ခုနှစ်မှ ဖြစ်ပွားခဲ့သော ဘာသာရေးအဓိကရုဏ်းနှင့် လူမျိုးရေး ပဋိပက္ခများတွင် တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်နေသည်ဟု နိုင်ငံတကာက ပြောဆို ဝေဖန်နေသော အစွန်းရောက် အမျိုးသားရေးဝါဒီများသည် စစ်တပ် ၏ သဘောထားအတိုင်း ရပ်တည် ထောက်ခံနေသည်မှာ လွန်စွာ အန္တရာယ်ကြီးလှသည်။

အခြေခံဥပဒေအရ စစ်တပ်သည် လုပ်ပိုင်ခွင့်များစွာရှိနေပြီး ဒီမိုကရေစီအပြောင်းအလဲတွင် အဟန့်အတားဟု နိုင်ငံရေးအသိုင်းအဝိုင်းက မှတ်ချက်ပြုထားသည်။ ထို့ကြောင့် အစွန်းရောက် အမျိုးသားရေးဝါဒီများက စစ်တပ်၏ လမ်းစဉ်ကို ထောက်ခံနေခြင်းသည် ဒီမိုကရေစီ အပြောင်းအလဲအတွက် အန္တရာယ်ပင်ဖြစ်သည်။ ဝေဖန်သူတချို့ကမူ အစွန်းရောက် အမျိုးသားရေးဝါဒီများကို နောက်ကွယ်မှ တချိန်အာဏာရှိခဲ့သူများက ထောက်ပံ့ပေးထားသည်ဟုလည်း ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီအပြောင်းအလဲ မလုပ်လိုသူများကို အစွန်းရောက်များက လမ်းများပေါ်တွင် ပေါ်ပေါ်တင်တင် အင်ဖြင့် အားဖြင့် ထောက်ခံ ကြိုဆိုပြီး တရားဥပဒေစိုးမိုးရေး ကို မျက်ကွယ်ပြုကာ ထင်တိုင်းကြဲ ပြောဆို လှုံ့ဆော်ခြင်းမှာ ဒီမိုကရေစီ နုနယ်နေသေးသော မြန်မာနိုင်ငံအတွက် ရင်လေးဖွယ်ရာပင်ဖြစ်သည်။

ဒီမိုကရေစီသည် တရားဥပဒေစိုးမိုးရေးပေါ်တွင်သာ အဓိက မူတည်နေရာတရားဥပဒေစိုးမိုး မှုမရှိလျှင် ဒီမိုကရေစီသည် ပရမ်းပတာဆန်ပြီး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာမည်မှာ အသေအချာ။ အစွန်းရောက်များ၏ ထင်တိုင်းကြဲ လှုံ့ဆော်ဟောပြောမှုများသည် တချိန်မဟုတ် တချိန် ပြဿနာဖြစ်ပွားနိုင်သည်။ ဖြစ်ပွားလာနိုင်သော ပြဿနာများကလည်း နိုင်ငံတစ်ခုလုံး မတည်ငြိမ်သည်အထိ ဖြစ်နိုင်ပြီး လက်နက်ကိုင်ထားသူများအကြိုက် နိုင်ငံရေး အခင်းအကျင်းများ လည်းဖြစ်လာနိုင်သည်။

၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် အစွန်းရောက်များ၏ လှုပ်ရှားမှုများကလည်း ပိုစိတ်လာနေရာ တရားဥပဒေစိုးမိုးမှု မရှိပါက ရွေးကောက်ပွဲကာလတွင် မတည်မငြိမ်မှုများ ဖြစ်ပေါ် လာနိုင်ကြောင်း ရန်ကုန်ခေတ်သစ်က မီးမောင်းထိုးပြချင်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com