Local News Peace political news

အင်းဒင်ရွာမှ မွတ်စလင် ၁၀ ဦး သတ်ဖြတ်မှုတွင် ပါဝင်သော တပ်မတော်သား ၇ ဦးကို ထောင်မှ ပြန်လွှတ်ပေးဟု ရိုက်တာက သတင်းဖော်ပြ

ရန်ကုန်၊ မေ ၂၇

ရခိုင်ပြည်နယ်၊ အင်းဒင်ကျေးရွာတွင် မွတ်စလင် ၁၀ ဦးကို အကြမ်းဖက် သတ်ဖြတ်မှု တွင် ပါဝင်ခဲ့သော တပ်မတာ် သား ၇ ဦးသည် ယမန်နှစ်ကတည်းက ပြန်လည် လွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရှိရသည်။

ယမန်နှစ် နိုဝင်ဘာလကပင် အင်းဒင်ကျေးရွာမှ မွတ်စလင် ၁၀ ဦး သတ်ဖြတ်မှုတွင် ပါဝင်သူ စစ်သားများ ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သူတို့ကျူးလွန်သော ပြစ်မှုများအတွက် ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးခံခဲ့ရသော်လည်း ထောင်ဒဏ်ထဲတွင် ၁ နှစ်ထက်နည်းသော အချိန်ကာလသာ နေခဲ့ရကြောင်း ရိုက်တာသတင်းက ဆိုသည်။

စစ်တွေအကျဉ်းထောင်မှ အရာရှိ ဦးဝင်းနိုင်နှင့် နေပြည်တော်မှ အကျဉ်းဦးစီးအရာရှိကြီးတစ်ဦးက ပြစ်မှုကျူးလွန်သော စစ်သားများ အကျဉ်းထောင်ထဲတွင် လအတော်ကြာကတည်းကပင် မရှိတော့ဟု ဆိုသည်။

“သူတို့ရဲ့ ပြစ်ဒဏ်ကို စစ်ဘက်ကနေ လျှော့ချလိုက်တာပါ” ဟု နေပြည်တော်မှ အကြီးတန်းအရာရှိက ပြောဆိုသည်။

တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းညီညီတို့ကမူ မှတ်ချက်ပေးရန် ငြင်းဆန်ကြောင်း ရိုက်တာသတင်းက ဆိုသည်။

အင်းဒင်ကျေးရွာလူသတ်မှုသတင်းကို ဖော်ထုတ်ခဲ့သော ရိုက်တာသတင်းထောက် ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ ၂ ဦးမှာ အကျဉ်းထောင်ထဲတွင် ၁ နှစ်ခွဲနီးပါး နေခဲ့ရပြီး မေလ ၆ ရက်နေ့တွင်မှ သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- အင်းဒင်ကျေးရွာမှ မွတ်စလင် ၁၀ ဦးကို မသတ်ဖြတ်မီ တွေ့ရစဉ်။ Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com