All News Local News

အကြမ်းဖက်သမားလို့ သံသယဖြစ်ဖွယ် သီရိလင်္ကာနိုင်ငံသား မြန်မာနိုင်ငံမှာ ဆက်ရှိနေသလား၊ ဟိုတယ်/ခရီးသွားဌာနက ဘာပြောလဲ

By နန့်အိသူ/ ရန်ကုန်ခေတ်သစ်

၂၀၁၉ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်ပြီး ယင်းထုတ်ပြန်ချက်အရ ဧပြီလ ၂၁ ရက်နေ့ သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဆက်စပ် သံသယဖြစ်ဖွယ်ရှိသူ သီရိလင်္ကာနိုင်ငံသားတစ်ဦးဖြစ်သူ သံသယဖြစ်ဖွယ်နိုင်ငံခြားသား Mr Abdul Salam Irshadmohmood ဆိုသူသည် ၂၀၁၈ ခုနှစ် ၁ လပိုင်း ၁၆ ရက်နေ့က ရန်ကုန်လေဆိပ်သို့ Jet Star လေကြောင်းလိုင်း ခရီးစဉ်အမှတ် 3K-583 ဖြင့်ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ယနေ့တိုင် ရန်ကုန်လေဆိပ်မှ ပြန်လည်ထွက်ခွာသွားခြင်းမရှိသေးကြောင်း၊ ၎င်းနိုင်ငံခြားသားသည် နေထိုင်ခွင့်သက်တမ်း ဗီဇာ ၁ နှစ်နှင့် ၂ လကျော်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းနိုင်ငံခြားသား ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် လာရောက် တည်းခို နေထိုင်ခဲ့ခြင်း ရှိ၊ မရှိ စိစစ်၍ ဆော်လျင်စွာ ပြန်ကြားပေးရန် အကြောင်းကြားကြောင်း လည်းပါရှိသည်။ အဆိုပါ နိုင်ငံခြားသားနှင့်ပတ်သက်၍ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မျိုးလတ်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

ဦးဇော်မျိုးလတ်
ဒုတိယ ညွန်ကြားရေးမှူး၊ ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှု ဦးစီးဌာန ၊

အဲဒီမှာ ရည်ညွန်းချက်လေး ပါတယ်။ ကမ္ဘာ့လှည့်ခရီးသွား အဖွဲ့ကနေ ကျနော်တို့ဆီကို အကူအညီတောင်းလာတယ်။ အဲဒီ နို့တစ်စာနဲ့ ရက်စွဲပါ ၊ စာအမှတ် ဘယ်လောက်နဲ့ ၊ တပ်ဖွဲ့စုမှူးရုံး (ပုဂံ ) က အကူအညီတောင်းလာတယ်။ တောင်းလာတာက ခုနက ကျနော်ပြောတဲ့ အကြောင်းအရာတွေ ဒီလူက ဒီမှာ တစ်နှစ် နဲ့ ၂ လကျော်လွန်နေပြီ ဖြစ်တယ်။

ဒါကြောင့်မို့ ပုဂံ၊ ညောင်ဦးမြို့ပေါ်မှာ ရှိတဲ့ တည်းခိုနေထိုင်တဲ့ ဟိုတယ် ၊ မိုတယ် ၊ တည်းခိုခန်းတွေမှ နေထိုင်မှု ရှိ ၊မ ရှိ စိစစ်ပြန်ကြားပေးပါ ဆိုပြီး ကျနော်ဆီကို အကြောင်းကြားလာတယ်။ အဲ့စာ ဝင်လာတယ်။ အဲ့စာအပေါ်မှာ ကျနော်တို့ရဲ့ စီမံခန့်ခွဲမှု အောက်မှ ရှိတဲ့ လိုင်စင်ပေးထားတဲ့ ဟိုတယ်တွေမှ တည်းခိုခြင်း ရှိ ၊မရှိ ဆိုတာ ကျနော်တို့က ပြန်လည်စိစစ်ပြီး ပြန်ကြားပေးပါလို့ စာထပ်ထုတ်တယ်။ အမည် ၊ Passport နံပါတ် တွေ ပါတယ်။ ဒါက ကျနော်တို့ ဆောင်ရွက်တာသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ အကူအညီတောင်းလာတဲ့ အပေါ်မှာ ကျနော်တို့က ကျနော်တို့လက်အောက်မှာ ရှိတဲ့ ၊ လိုင်စင်ပေးထားတဲ့ ဟိုတယ်တွေကို ပါဝင် ကူညီဖို့ စာထုတ်တာ ဖြစ်ပါတယ်။

ကျနော်တို့ ဟိုတယ်တွေမှ တည်းခိုခဲ့တဲ့ ဧည့်သည်စာရင်းတွေ ရှိတယ်လေ။ အဲဒီဧည့်သည်စာရင်းတွေမှ ဒီနာမည်နဲ့ တည်းခိုခဲ့ခြင်း ရှိ၊ မရှိ ၊ ကျနော်တို့က ဟိုတယ်တွေကို ပြန်စစ်ဆေးပေးပါလို့ အကူအညီတောင်းတယ်။တွေ့လာမယ်ဆိုရင် ကျနော်တို့က ရဲတပ်ဖွဲ့မှူးကို ပြန်အကြောင်းကြားမယ်။ မတွေ့ဘူးဆိုရင်လည်း မတွေ့တဲ့အကြောင်းကို အကြောင်းကြားပေးမယ်။

ဒါပေမယ့် ဒီဧည့်သည်သည် ပုဂံမြို့မှာ နေထိုင်သွားတဲ့ဆိုတဲ့အထောက်အထား ပါမလာဘူး။ နေခဲ့တယ်ဆိုရင်လည်း နေခဲ့မယ်။ မနေခဲ့ဘူးဆိုရင်လည်း မနေခဲ့ဘူး ။ ဒါပေမယ့် ရဲတပ်ဖွဲ့က အကူအညီတောင်းလာတဲ့အပေါ်မှာ ကျနော်တို့ ဌာနဆိုင်ရာအနေနဲ့ ပါဝင်ကူညီပူးပေါင်းပေးတာ ဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts