All News Local News

သူရဦးရွှေမန်းဦးဆောင်တဲ့ UBP ပါတီ မှတ်ပုံတင်ရရှိပြီးတဲ့နောက် ဘာတွေ စလုပ်နေပြီလဲ

ရန်ကုန်၊ မေ ၇

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တိုင်းဒေသကြီးများရှိ အရပ်ဘက် လူမှု အဖွဲ့အစည်းများ(CSO)၊ နိုင်ငံရေးစိတ်ဝင်စားသူများနှင့်တွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးမှုများ တောက်လျောက်ဆောင်ရွက်နေပြီး CSO များနှင့် မိတ်ဖက်အဖြစ် ဆောင်ရွက်မှုများရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးများမှ နိုင်ငံရေးစိတ်ဝင်စားသူများကို သူရဦးရွှေမန်းက နေပြည်တော်ခေါ်ယူ၍ အမြင်ဖလှယ်ခြင်း အကြံဉာဏ်တောင်းယူခြင်းများ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ပါတီမှတ်ပုံတင်ရရှိပြီးဖြစ်၍ တွေ့ဆုံမှုများ တရားဝင်ပေါ်ပေါက်လာနိုင်ကြောင်း သူရဦးရွှေမန်းနှင့်နီးစပ်သူများထံမှ သိရှိရသည်။

“CSO ၁၁ ဖွဲ့ ၊ စိတ်ဝင်စားတဲ့သူတွေ ရန်ကုန်က ၄၄ မြို့နယ်က အကုန်ပါတယ်။ အဲဒီမှာ အရင် TTC ကျောင်းအုပ်ကြီးဟောင်း ဒေါက်တာ ဒေါ်မိုးသူ တို့လို လူတွေလည်းပါတယ်။ သူ့အမြင် ကိုယ့်အမြင် ဖလှယ်တယ်။ တွေ့ဆုံဆွေးနွေးတာတွေရှိပါတယ်” ဟု သူရဦးရွှေမန်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

လူသိများထင်ရှားသူတစ်ဦးဖြစ်သော ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်သည်လည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် UBP ပါတီရေးရာ ကိစ္စရပ်များတွင် စတင် ပါဝင်ဆောင်ရွက်နေပြီဖြစ်သော်လည်း ဦးမိုးရန်နိုင်ကမူ ၎င်းအနေဖြင့် တရားဝင် မဆုံးဖြတ်ရသေးဘဲ စဉ်းစားနေဆဲဖြစ်သည်ဟုဆိုသည်။

UBP ပါတီသည် တိုင်းဒေသကြီးများအားလုံးနီးပါးတွင် ပါတီ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သော်လည်း ပြည်နယ်များတွင်မူ တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းမည့်သဘောရှိနေကြောင်း သိရှိရသည်။

” ပြည်နယ်တွေမှာ ရှိတဲ့ တိုင်းရင်းသား ပါတီတွေနဲ့ ပူးပေါင်း လုပ်မယ့် သဘောထားရှိပါတယ်။ မူကတော့ တစ်ခုတည်းပါပဲ။ ကျနော်တို့ နိုင်ငံရဲ့ လက်ရှိ အခြေအနေထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေ ဆွေးနွေးကြပါတယ်။ ပါတီနဲ့ ပူးပေါင်း ဆောင်ရွက်တာမျိုး ရှိသလို မိတ်ဖက် အသွင်နဲ့ ရည်မှန်းချက် တူတူသွားကြမယ်ပေါ့” ဟု အဆိုပါ နီးစပ်သူက ဆိုသည်။

UBP ပါတီသည် ရွေးကောက်ပွဲများတွင် ဗဟိုဦးစီးစနစ်ဖြင့် မသွားဘဲ မြို့နယ်အခြေခံသော ကိုယ်စားလှယ်လောင်း ရွေးချယ်မှုများကို စီစဉ်ထားကြောင်း၊ ပြည်နယ်များတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုမည့် သဘောထားရှိကြောင်းလည်း သိရှိရသည်။

“ပြည်နယ်တွေ မဝင်ဘူး။ ဗဟိုဦးစီး စနစ်မသုံးဘူး။ ပြည်ထောင်စုနဲ့ ပြည်နယ် တာဝန်ခွဲဝေမှုကို ညှိနှိုင်းလုပ်ကြမယ့် သဘောပေါ့” ဟု ၎င်းက ဆိုသည်။

သူရဦးရွှေမန်း ဦးဆောင်သော UBP ပါတီသည် ဧပြီလ ၂၅ ရက်နေ့တွင် တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရရှိထားပြီဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts