Local News political news

သာသာနာရေးဝန်ကြီးဌာနက အရေးယူရန် ပြင်ဆင်နေချိန် ထောင်မကြောက်ဟု ဦးဝီရသူ ပြောဆို

ရန်ကုန်၊ မေ ၁၁

သာသနာ ရေးဝန်ကြီးဌာနက အမျိုးသားရေးဝါဒီ ဆရာတော် ဦးဝီရသူကို အရေးယူရန် ပြင်ဆင်နေသည်ဟု တရားဝင်ထုတ်ဖော်ပြောဆိုနေချိန်တွင် ဦးဝီရသူက မိမိအနေဖြင့် ထောင်ကို မကြောက်ဟု ရုရှားလူမှုကွန်ရက် VK တွင် မေလ ၉ ရက်နေ့ ဗီဒီယိုဖိုင်တင်၍ ပြောဆိုလိုက်သည်။

ရုရှားလူမှု့ကွန်ယက် VK ရှိ Ven-Vicittar Bhivamsa စာမျက်ပေါ်တွင် ဆရာတော်ဦးဝီရသူက ” ဦးဇင်း ဦးဝီရသူ၊ ဒီကနေ့လုပ်နေတာတွေ အကုန်လုံးဟာ ငွေရေးကြေးရေးမပါ,ပါဘူး။ အပေးအယူလုံးဝမရှိပါဘူး။ ယုံကြည်ချက်သက်သက်နဲ့ အလုပ်လုပ်နေတာ။ ဝီရသူဆိုတာ ထောင်ကိုမကြောက်၊အမှောင်ကိုသာကြောက်တဲ့လူစားမျိုးဆိုတာ နောင်တစ်ချိန်မှာ သမိုင်းတွင် ကျန်ခဲ့ပါလိမ့်မယ်” ဟု ပြောဆိုသည်။

လက်ရှိ အမျိုးသားရေး လှုပ်ရှားရာတွင် မည်သူ့ကိုမှ အကောက်မကြံဖူးသေးကြောင်း၊ အမျိုးသားရေး ယုံကြည်ချက်ကြောင့် လက်ထိပ်ကို မကြောက်တမ်း တရားဟောနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“‘ဒီကနေ့ အမျိုးသားရေးလုပ်နေတာ ဘယ်သူ့ ဘယ်သူကိုမှ အကောက်မကြံဘူးသေးပါဘူး။ ဒုစရိုက်ကိုအင်မတန်ကြောက်ပါတယ်။ အကုသိုလ်ကိုအင်မတန်ကြောက်ပါတယ်။ ဒါပေမယ့် ဒီကနေ့ထောင်ကိုမကြောက်တမ်း၊လက်ထိပ်ကိုမကြောက်တမ်းတရားတွေဟောနေတယ်ဆိုတာအမျိုးသားရေးယုံကြည်ချက်သက်သက်ပါပဲ” ဟု ဦးဝီရသူူက ပြောသည်။

ဦးဝီရသူကို သာသနာရေးဝန်ကြီးဌာနက ပုဒ်မ ၅၀၅ ၊ ဆက်သွယ်ရေးဥပဒေ ၆၆ ၊ သာသနာညှိုးနွမ်းစေမှုများနှင့် အရေးယူရန် ပြင်ဆင်နေသည်ဆိုသော သတင်းများကို ပြည်တွင်း သတင်းမီဒီယာများတွင် ဖော်ပြလျက်ရှိသည်။

ဧပြီလ ၂၉ ရက်နေ့ မြိတ်မြို့တွင် ကျင်းပပြုလုပ်သော အခြေခံဥပဒေ ထောက်ခံပွဲ၊ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဟောပြောပွဲတွင် ဦးဝီရသူက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထိခိုက်သော စကားများ ပြောဆိုခဲ့သည်။

“မိတ်ကပ်လေး လိမ်းဖို့လောက် တတ်၊ ဖက်ရှင်လေး ဝတ်ဖို့လောက်တတ်၊ ဒေါက်မြင့်လေးနဲ့ ကော့ကော့ လျှောက်သွားဖို့လောက်တတ်။ ဒီကြားထဲ နိုင်ငံခြားသားတွေ တွေ့ရင် ဖင်က ရမ်းချင် သေးတယ်။ ဒီလောက်သရမ်းနေတဲ့ ဟာကြီးကို သမ္မတ တင်ချင်သေးတယ်။ သေရောပေါ့ဗျာ ကျပ်တို့ နိုင်ငံ။ ဗိုလ်ချုပ်ပြောတဲ့နိုင်ငံ သေချာပေါက်”ဟု ဦးဝီရသူက ပြောဆိုခဲ့သည်။

ထို့ပြင်” ကော်မရှင်ဖွဲ့လည်း ပြည်ပက ကောင်တွေပဲ။ အနားခေါ်ထားလည်း ပြည်ပကောင်တွေပဲ။ အကြံပေးလည်း ပြည်ပ ကောင်တွေပဲ။ အတူသွားလည်း ပြည်ပ ကောင်တွေပဲ။ အတူအိပ်လည်း …..။အဲဒါကြီးကိုပဲ ကျုပ်တို့ နိုင်ငံသမ္မတဖြစ်မယ်ဆိုရင် အကုန်လုံးခင်ဗျားတို့ ပြည်သူတစ်ရပ်လုံး ကုန်းသာပေးလိုက်ကြပေတော့ ။ သေရောဗျာ လွတ်လပ်ရေး ဘာလို့ ယူနေသေးလဲ။ လွတ်လပ်ရေးဆုံးရှုံးတာထက်တောင် ပိုဆုံးရှုံးသွားဦးမယ်။ အေး ဗိုလ်ချုပ်ခမျာ အသက်အသေခံပြီး လွတ်လပ်ရေးယူသွားတယ်။ သူ့သမီးအကြောင်း မသိရှာလို့။ အတိုင်ပင်ခံနဲ့တင် ကျေနပ်တော့ ဘုရားလက်ထက်ဆိုရင် ခွေးကတက်မှာပဲ နေရမှာ” ဟု ဦးဝီရသူက ပြောဆိုခဲ့ပြန်သည်။

ဦးဝီရသူက မေလ ၅ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ကျင်းပပြုလုပ်သော အခြေခံဥပဒေ ထောက်ခံပွဲတွင် စစ်သားများသည် တိုင်းပြည်ကို အမုန်းခံ ကာကွယ်စောင့်ရှောက်နေကြောင်း၊ လွှတ်တော်ထဲတွင်လည်း အမုန်းခံ ဝင်ထိုင်နေသော်လည်း လွှတ်တော်အမတ် လစာမရရှိဘဲ စစ်သား လစာရရှိကြောင်း၊ ထို့ကြောင့် စစ်သားများကို ဘုရားလို ကိုးကွယ်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ဒီကနေ့ စစ်သားတွေဟာ လွှတ်တော်ထဲဝင်ထိုင်နေရတာဟာ အမုန်းခံပြီး ဝင်ထိုင်နေရတာပါ။ လစာက လွှတ်တော်ကိုယ်စားလှယ် လစာရတာမဟုတ်ဘူး။ စစ်သား လစာပဲရတာ။ စစ်သား လစာစားပြီး တိုင်းပြည်ကို ကာကွယ်စောင့်ရှောက် အမုန်းခံပြီး ကာကွယ်စောင့်ရှောက်နေတဲ့ စစ်သားတွေကို ခင်ဗျားတို့က ဘုရားလိုတောင် ကိုးကွယ်ရမယ်။ အခုဟာ ရန်သူလို မုန်းတီးနေကြတယ်။ ဒီအလို အဆင်မျိုးကြီးရောက်နေကတည်းက အခြေခံဥပဒေကို ပြင်ဆင်ဖို့ မဖြစ်နိုင်သေးဘူး” ဟု ဦးဝီရသူ က ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts