Local News political news

“ဝီရသူ ငါ့ရဲဘော်” ဟု သီတဂူဆရာတော် မိန့်ကြား

“ဝီရသူ ငါ့ရဲဘော်” ဟု သီတဂူဆရာတော် မိန့်ကြား

ရန်ကုန်၊ မေ ၂၈

တွဲဘက် ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဒေါက်တာ အရှင် ဉာဏိသရက မန္တလေး၊ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူကို ငါ့ရဲဘော် ဟု မေလ ၂၇ ရက်နေ့ တွင် မိန့်ကြားသည်။

မစိုးရိမ်တိုက်သစ်၊ ငါးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲ အဖြစ် တရားပွဲကို မေလ ၂၇ ရက်နေ့ ညပိုင်း ဟောပြောပြီးနောက် အပြန် ကားပေါ်တက်စဉ် သီတဂူဆရာတော်က ထိုသို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။

“ဝီရသူ ဘယ်ရောက်သွားလဲ။ စောစောက လာတယ်ကွ။ ငါ့ရဲဘော်” ဟု သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိသရက ပြောဆိုသည်။

မြဝတီကျောင်းတိုက်ဆရာတော် အရှင်အရိယဝံသာဘိဝံသကမူ လက်ရှိ အခြေအနေသည် ၂၀၂၀ နီးကပ်နေသည့်အတွက် တိုင်းပြည် မဆူ၊ ဆူစေချင်သူများရှိနေကြောင်း၊ ယင်းသို့ ဆူပူစေချင်သူများသည် သံဃာများကို အသုံးချမှုများရှိနေသည်ဟု မိန့်ကြားသည်။

“မဆူ ဆူတောင် လုပ်ချင်တဲ့သူတွေရှိတယ်။ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီကို ” ဟု မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယဝံသာဘိဝံသက ပြောသည်။

ဦးဝီရသူကို သာသနာရေးဝန်ကြီးဌာနက ၎င်း၏ ဟောပြောမှုများနှင့်ပတ်သက်ပြီး အရေးယူရန် စီစဉ်လျက်ရှိကြောင်း ဝန်ကြီးဌာန တာဝန်ရှိသူများက မီဒီယာများသို့ ထုတ်ဖော်ပြောဆိုထားသည်။

ဦးဝီရသူသည် ၎င်း၏ ဟောပြောမှုများကြောင့် ပြည်တွင်းတွင် ဝေဖန်မှုများစွာ ခံနေရသည်။

ဧပြီလ ၂၉ ရက်နေ့ မြိတ်မြို့တွင် ကျင်းပပြုလုပ်သော အခြေခံဥပဒေ ထောက်ခံပွဲ၊ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဟောပြောပွဲတွင် ဦးဝီရသူက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထိခိုက်သော စကားများ ပြောဆိုခဲ့သည်။

“မိတ်ကပ်လေး လိမ်းဖို့လောက် တတ်၊ ဖက်ရှင်လေး ဝတ်ဖို့လောက်တတ်၊ ဒေါက်မြင့်လေးနဲ့ ကော့ကော့ လျှောက်သွားဖို့လောက်တတ်။ ဒီကြားထဲ နိုင်ငံခြားသားတွေ တွေ့ရင် ဖင်က ရမ်းချင် သေးတယ်။ ဒီလောက်သရမ်းနေတဲ့ ဟာကြီးကို သမ္မတ တင်ချင်သေးတယ်။ သေရောပေါ့ဗျာ ကျပ်တို့ နိုင်ငံ။ ဗိုလ်ချုပ်ပြောတဲ့နိုင်ငံ သေချာပေါက်”ဟု ဦးဝီရသူက ပြောဆိုခဲ့သည်။

ထို့ပြင်” ကော်မရှင်ဖွဲ့လည်း ပြည်ပက ကောင်တွေပဲ။ အနားခေါ်ထားလည်း ပြည်ပကောင်တွေပဲ။ အကြံပေးလည်း ပြည်ပ ကောင်တွေပဲ။ အတူသွားလည်း ပြည်ပ ကောင်တွေပဲ။ အတူအိပ်လည်း …..။အဲဒါကြီးကိုပဲ ကျုပ်တို့ နိုင်ငံသမ္မတဖြစ်မယ်ဆိုရင် အကုန်လုံးခင်ဗျားတို့ ပြည်သူတစ်ရပ်လုံး ကုန်းသာပေးလိုက်ကြပေတော့ ။ သေရောဗျာ လွတ်လပ်ရေး ဘာလို့ ယူနေသေးလဲ။ လွတ်လပ်ရေးဆုံးရှုံးတာထက်တောင် ပိုဆုံးရှုံးသွားဦးမယ်။ အေး ဗိုလ်ချုပ်ခမျာ အသက်အသေခံပြီး လွတ်လပ်ရေးယူသွားတယ်။ သူ့သမီးအကြောင်း မသိရှာလို့။ အတိုင်ပင်ခံနဲ့တင် ကျေနပ်တော့ ဘုရားလက်ထက်ဆိုရင် ခွေးကတက်မှာပဲ နေရမှာ” ဟု ဦးဝီရသူက ပြောဆိုခဲ့ပြန်သည်။

ဦးဝီရသူက မေလ ၅ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ကျင်းပပြုလုပ်သော အခြေခံဥပဒေ ထောက်ခံပွဲတွင် စစ်သားများသည် တိုင်းပြည်ကို အမုန်းခံ ကာကွယ်စောင့်ရှောက်နေကြောင်း၊ လွှတ်တော်ထဲတွင်လည်း အမုန်းခံ ဝင်ထိုင်နေသော်လည်း လွှတ်တော်အမတ် လစာမရရှိဘဲ စစ်သား လစာရရှိကြောင်း၊ ထို့ကြောင့် စစ်သားများကို ဘုရားလို ကိုးကွယ်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ဒီကနေ့ စစ်သားတွေဟာ လွှတ်တော်ထဲဝင်ထိုင်နေရတာဟာ အမုန်းခံပြီး ဝင်ထိုင်နေရတာပါ။ လစာက လွှတ်တော်ကိုယ်စားလှယ် လစာရတာမဟုတ်ဘူး။ စစ်သား လစာပဲရတာ။ စစ်သား လစာစားပြီး တိုင်းပြည်ကို ကာကွယ်စောင့်ရှောက် အမုန်းခံပြီး ကာကွယ်စောင့်ရှောက်နေတဲ့ စစ်သားတွေကို ခင်ဗျားတို့က ဘုရားလိုတောင် ကိုးကွယ်ရမယ်။ အခုဟာ ရန်သူလို မုန်းတီးနေကြတယ်။ ဒီအလို အဆင်မျိုးကြီးရောက်နေကတည်းက အခြေခံဥပဒေကို ပြင်ဆင်ဖို့ မဖြစ်နိုင်သေးဘူး” ဟု ဦးဝီရသူ က ပြောဆိုသည်။

ဓာတ်ပုံ- ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က အမျိုးဘာသာ သာသနာ စောင့်ရှောက်ပွဲ တစ်ခုတွင် တွေ့ရသည့် သီတဂူဆရာတော်နှင့် ဦးဝီရသူ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts