Local News Peace political news

တောင်ဒဂုံ ဝတ်ပြုဆောင် ၃ ခုကို အာဏာပိုင်များ တရားဝင် ဖွင့်လှစ်ပေး၊ မိုက်ကယ်ကျော်မြင့်ပါ ၂ ဦးကို ပုဒ်မ ၅၀၅ ခဖြင့် အမှုဖွင့်

ရန်ကုန်၊ မေ ၁၇

မိုက်ကယ်ကျော်မြင့်အပါအဝင် လူအုပ်စု အင်အား ၂၀၀ ခန့်က ပိတ်ပင်ခဲ့သော တောင်ဒဂုံရှိ အစ္စလမ် ဘာသာ ဥပုသ် ကာလ ယာယီဝတ်ပြုဆောင် ၃ ခုကို ခရိုင်နှင့်မြို့နယ် အာဏာပိုင်များက ယနေ့ မွန်းတည့် ၁၂ နာရီမှစတင်၍ လိုက်လံ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ အစ္စလမ်ဘာသာရေးအဖွဲ့မှ ဦးဇော်မင်းလတ်က ပြောသည်။

“ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး တွေ ပါတယ်။ ပြီးတော့ ကျနော်တို့ ဘာသာရေးခေါင်းဆောင်တွေပါတယ်။ အခု ယာယီဝတ်ပြုဆောင် တွေကို အကုန် သော့တွေ လိုက်ဖွင့်ပေးနေပြီ။ ဒီညကစလို့ အကုန် ဝတ်ပြုလို့ရပါပြီ” ဟု ဦးဇော်မင်းလတ်က ပြောသည်။

ယမန်နေ့ညပိုင်းက အာရှအလင်းရောင်ဆရာတော်က တောင်ဒဂုံရှိ ပိတ်ပင်ခံရသော ယာယီဝတ်ပြုဆောင်များသို့ ကြွရောက်ခဲ့ပြီး အားပေးနှစ်သိမ့်မှုများ ဆောင်ရွက်ခဲ့သည်။

ပြည်တွင်းထုတ် 7 Day သတင်းစာ၏ ဖော်ပြချက်အရ တောင်ဒဂုံတွင် အင်အားသုံး၍ ဝတ်ပြုဆောင်များကို ပိတ်ပင်ခဲ့သူ မိုက်ကယ်ကျော်မြင့်ပါ ၂ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ပြီး တရားရုံး ဦးတိုက်လျှောက်ထားကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဒဂုံမြို့သစ် တောင်ပိုင်းတွင် ၁၀၆ ရပ်ကွက်၊ ၆၄ ရပ်ကွက် ၊ ၂၆ ရပ်ကွက်တို့တွင် အစ္စလမ် ဥပုသ်ကာလမေလ ၆ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အထိ ၁ လတာ ယာယီဝတ်ပြုခွင့် ပြုထားခြင်းဖြစ်သည်။

www.khithitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com