All News Local News

လပွတ္တာဆန္ဒပြပွဲ ဦးဆောင်သူ ဆရာ၊ ဆရာမ ၂၃ ဦး၏ ကိုယ်ရေးရာဇဝင်များ ပညာရေးဌာန တောင်းယူမှု ခြိမ်းခြောက်မှုဟုဆို၊ အရေးယူလျှင် ပြန်လည်တုံ့ပြန်မည်

ရန်ကုန်၊ မေ ၂၄

ဧရာဝတီတိုင်း လပွတ္တတာမြို့နယ်တွင် မေလ ၂၂ ရက်နေ့ ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ ၁၀၀၀ ကျော် ဆန္ဒပြမှုနှင့်ပတ်သက်ပြီး ဦးဆောင်သူ ဆရာ၊ ဆရာမ ၂၃ ဦး၏ ကိုယ်ရေးရာဇဝင်များကို ပညာရေးဝန်ကြီးဌာန တောင်းယူမှုသည် ခြိမ်းခြောက်မှုဖြစ်ကြောင်း အခြေခံနှင့် အဆင်မြင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကော်မတီက ကြေညာချက် ထုတ်ပြန်လိုက်သည်။

ပညာရေးဝန်ထမ်းများ၏ အခွင့်အရေး ဆုံးရှုံးမှုနှင့်ပတ်သက်ပြီး ပညာရေးဝန်ထမ်းများက ဆန္ဒထုတ်ဖော်ခဲ့ရာ ယင်းဆန္ဒပြပွဲ ဦးဆောင်သူ ဆရာ ၃ ဦး၊ ပါဝင်ခဲ့သူ ဆရာ၊ ဆရာမ ၂၀ ဦးတို့၏ ၃၆ ချက် ကိုယ်ရေးမှတ်တမ်းများကို ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူ အဆင့်ဆင့်က အကြောင်းပြချက် တစ်စုံတစ်ရာ မပေးဘဲ နုတ်မိန့်ဖြင့် တောင်းခံနေကြောင်း၊ ထိုသို့ တောင်းခံ မှုသည် ဥပဒေနှင့်အညီ ဆန္ဒ ထုတ်ဖော်မှု ခဲ့ကြသည့် ပညာရေးဝန်ထမ်းများကို မလျော်သြဇာသုံး၍ တစ်နည်းတစ်ဖုံ ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း အခြေခံနှင့် အဆင့်မြင့်ပညာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကော်မတီမှ ကော်မတီဝင် ဦးအောင်အောင်ကျော်က ဆိုသည်။

“မြို့နယ်ပညာရေးမှူးရုံးကို တိုင်းပညာရေးမှူးရုံးက ကိုယ်ရေးရာဇဝင်တောင်းတယ်။ ကျနော်တို့ ကိုယ်ရေးရာဇဝင်တွေလည်း တောင်းတယ်။ ဒါက ဥပဒေနဲ့အညီ ဆန္ဒထုတ်ဖော်မှုကို ခြိမ်းခြောက်သလိုဖြစ်နေတယ်။ တကယ်လို့ အရေးယူမှုတွေ ဆက်လုပ်လာရင် ဥပဒေနဲ့အညီ ပြန်လည် တုံ့ပြန်သွားမယ်” ဟု ဦးအောင်အောင်ကျော်က ဆိုသည်။

လပွတ္တာမြို့တွင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများက ၎င်းတို့ ထိခိုက်နစ်နာဆုံးရှုံးနေရမှုများနှင့် စပ်လျဉ်း၍ ဆန္ဒထုတ်ဖော်ပွဲတစ်ခု ပြုလုပ်ခဲ့ပြီး အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် အမည်မသိ ပစ်စာကိစ္စ၊ ပင်စင်ကိစ္စ၊ အစိုးရ၏ပညာရေးဘက်ဂျက် အဆင်မပြေမှုများကို ထုတ်ဖော်ဆန္ဒပြခဲ့ကြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com