All News Local News

ရှမ်းပြည်နယ်အစိုးရဝန်ကြီးတစ်ဦး အဂတိလိုက်စားဟု အတိုင်ခံရပြီး စစ်ဆေးခံနေရ

တောင်ကြီး၊ မေ ၂၂

၂၀၁၇-၁၈ ခုနှစ်က ပြုလုပ်ခဲ့သော အင်းလေးကုန် ဇုံဝင်ခွင့် လုပ်ငန်း တင်ဒါကိစ္စနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ (လက်ရှိ လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး) ကို အဂတိလိုက်စားမှုကော်မရှင်ထံတိုင်ကြားထားရာ ကော်မရှင်၏လွှဲပြောင်းပေးပို့မှုအရ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စစ်ဆေးနေကြောင်းသိရသည်။

ရှမ်းပြည်နယ် တောင်ကြီးခရိုင် ညောင်ရွှေမြို့ အင်းလေးဇုံဝင်ခွင့်လုပ်ငန်းကို လုပ်ကိုင်ခွင့်ပြုရာတွင် ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ နှင့် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူ ဦးမြတ်မင်းစိုး တို့ ချုပ်ဆိုထားသော လေလံသဘောတူစာချုပ်မှာ တင်ဒါစည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီမှုမရှိသဖြင့် Save the Inlay Lake အဖွဲ့မှ ကိုညီညီထွန်းက အဂတိလိုက်စားမှုကော်မရှင်ထံတိုင်ကြားခဲ့ကြောင်း သိရသည်။

ယင်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် က မေ ၂၉ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးပို့ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေးနေခြင်းဖြစ်ကြောင်းသိရသည်။

အဖွဲ့ခေါင်းဆောင်မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး စိုင်းစွံစိုင်း ဖြစ်ပြီး သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ ပါဝင်ကြောင်း သိရသည်။

မေ ၁၀ ရက်နေ့တွင် တိုင်ကြားသူ ကိုညီညီထွန်း ကို လာရောက်ထွက်ဆိုပေးပါရန် ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။စစ်ဆေးးမှုများနှင့်ပတ်သက်၍ ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာချပြရန်လိုအပ်ကြောင်း ကိုညီညီထွန်းက ဆိုသည်။

တင်ဒါအောင်မြင်သွားခဲ့သော သူသည် စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၃သောင်းကျော်နှင့်အောင်မြင်သွားခြင်းဖြစ်ပြီး တင်ဒါစည်းမျဉ်းစည်းကမ်းအရ ၃၀ ရာခိုင်နှုန်း/ ၅၀ ရာခိုင်နှုန်း/ ၂၀ ရာခိုင်နှုန်း စသဖြင့် ၃ရစ်ခွဲသွင်းရမှာဖြစ်ကြောင်း၊ သို့သော် အစိုးရအဖွဲ့ဆုံးဖြတ်ချက်ဖြင့် စာချုပ်တွင် “နေ့ချင်းသွင်း”ဟု ပြင်ဆင်ချုပ်ဆိုခဲ့ပြီး ပေးသွင်းငွေမှာလည်း ကျပ်သိန်း ၂သောင်း ၆ ထောင်ကျော်သာရှိခဲ့သည့်အတွက် အင်းလေးကန်နှင့်အစိုးရအတွက် သိန်း ၇၀၀၀ ကျော်နစ်နာခဲ့ကြောင်း တိုင်ကြားသူ ကိုညီညီထွန်းက ဆိုသည်။

“ဘဏ္ဍာရေးဝန်ကြီးက အဲ့ဒီတုန်းက မပြည့်ရင်သူစိုက်ပေးမယ်ပြောခဲ့တယ်။ ပြီးတော့ ဦးမြတ်မင်းစိုး (တင်ဒါအောင်မြင်သူ) ကိုယ်တိုင်လူထုနဲ့တင်ဒါရပြီးတွေ့ဆုံတဲ့ အင်းစာ/ယာဉ် အသင်းမှာပြောခဲ့တာမှာ ဘဏ္ဍာရေးဝန်ကြီး ရဲ့ PA ဦးသာဒိုး ဆွဲခိုင်းလို့ ဆွဲပေးရတာပါဆိုပြီး ပြောခဲ့တာတွေဟာ ဝင်ရောက်ချယ်လှယ်မှုတွေဖြစ်ခဲ့တာကို ထင်ရှားပေါ်လွင်စေချင်လို့ တိုင်ကြားတာပါ ။ တိုင်တာ ၃ ခါရှိပြီ။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၇ ရက်နေ့က ဒေါ်စုတောင်ကြီးကို ရောက်စဉ်မှာ နိုင်ငံတော်သမ္မတနဲ့ အဂတိကိုပါ တိုင်ခဲ့လို့ ခုမှစစ်မေးပေမယ့် အဂတိကမစစ်ဘဲ သူ့လူသူစစ်ခိုင်းတော့(ပြည်နယ်အစိုးရအဖွဲ့ကိုပြန်စစ်ခိုင်းမှု) အဖြစ်မှန်ပေါ်ဖို့မလွယ်ကူဘူး။ ဒါကြောင့် စစ်မေးတာတွေကိုပြည်သူလူထုကို ပွင့်လင်းမြင်သာစွာချပြဖို့ လိုအပ်နေပါတယ်” ဟု ၎င်းကဆိုသည်။

စာချုပ်ပြင်ဆင်မှု ၊ ငွေ ၃ ရစ်မှ နေ့ချင်းသွင်းပြောင်းလဲမှုများနှင့်ပတ်သက်၍ တင်ဒါအောင်မြင်ခဲ့သူ အင်းလေးကန်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ၏ အတွင်းရေးမှူး ဦးမြတ်မင်းစိုးက “ဒီအစိုးရလက်ထက်မှာ အပြောင်းအလဲတွေလုပ်တာမှာ ကောင်းတဲ့အလုပ်တွေအများကြီးပါ။ အခုကလည်း ဝန်ကြီးကိုတိုင်လို့ သက်သေအနေနဲ့ ထွက်ဆိုရတာပါ။ ဒီကိစ္စအရ လ္ဘက်ရည်တစ်ခွက်တောင် ဘယ်သူမှတိုက်ခဲ့တာမရှိသလို ဘယ်သူ့ကိုမှလဲ ငွေကြေ းတစ်ပြား တစ်ကျပ်ပေးခဲ့တာမရှိပါဘူး။ အရင်ကသူဌေးနဲ့အုပ်ချုပ်သူလောက်သာသိပြီး စာချုပ်ထဲမှာသာရှိတဲ့ စည်းမျဥ်းတွေကို ပွင့်လင်းမြင်သာအောင်ချပြတဲ့အနေနဲ့ နေ့ချင်းကောက် ၊ ချက်ချင်းသွင်းပြီး လိုတဲ့နေရာမှာ ပြင်ဆင်သုံးစွဲနိုင်အောင် လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

ဦးစိုင်းရှဲန်တစ်လုံးအားတိုင်ကြားထားသည့်အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့က တိုင်ကြားသူ ကိုညီညီထွန်းကို စစ်မေးရာတွင်လည်း ဦးတည်ချက်လွဲစေသည့်မေးခွန်းများ အကြိမ်ကြိမ်မေးပြီး ပေါ်လွင်နေသောအပြစ်ကို ဖုံးကွယ်ရန်ကြိုးစားသည်ဟုလည်း ကာယကံရှင် ကစွပ်စွဲပြောဆိုသည်။

ယင်းအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် တတိယအဖွဲ့အစည်းတာဝန်ရှိသူများပူုးပေါင်းစစ်ဆေးစေလိုကြောင်း၊ ဒေသ၏နစ်နာဆုံးရှုံးမှုများကိုလည်း သတင်းစာရှင်းလင်းပွဲပြုလုပ်ရှင်းပြသွားမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းဆိုသည်။

အင်းလေးကန်ဇုံဝင်ကြေးကော်ခံမှုကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက်တင်ဒါခေါ်ခဲ့စဉ်က ဦးမြတ်မင်းစိုးမှ ကျပ်သိန်းပေါင်း ၃၀၃၀၀ ဖြင့် ပထမ၊ ဦးအောင်ကျော်နိုင် ဆိုသူက ကျပ်သိန်းပေါင်း ၂၇၀၀၀ ဖြင့် ဒုတိယတို့ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါအကြောင်းအရာများနှင့်ပတ်သက်၍ ထပ်မံရရှိသောသတင်းများကို သတင်းတမန်က ဆက်လက်ဖော်ပြသွားပါမည်။

ယခု တိုင်ကြားခံရပြီး စစ်ဆေးခံနေရသော ဦးစိုင်းရှဲန်တစ်လုံးသည် အဆိုပါ ၂၀၁၇-၁၈ တွင် ပြည်နယ်အစိုးရအဖွဲ့ ၏စီမံဘဏ္ဍာဝန်ကြီးအဖြစ်ရှိခဲ့သော်လည်း ၂၀၁၈ ဒီဇင်ဘာမှစတင်ကာ လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီးအဖြစ်တာဝန်ပြောင်းလဲရယူခဲ့သည်။

www.khitthitnews.com

သတင်းတမန်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts