Local News political news

ရိုက်တာသတင်းထောက် ၂ ဦး၊ ABSDF အဖွဲ့မှ ၃ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀ ပြန်လည် လွတ်မြောက်

ရန်ကုန်၊ မေ ၇

သမ္မတဦးဝင်းမြင့်က တတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်အဖြစ် ယနေ့ အကျဉ်းသား ၆၅၀၀ ကျော်ကို ပြန်လွှတ်ပေးလိုက်ရာ နိုင်ငံရေးအကျဉ်းသားများ ပါဝင်လာသည်။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှုနှင့်ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း – ရန်ကုန် ရုံးတာဝန်ခံ ၊ ဦးအောင်မိုးကျော် နှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ တတိယအကြိမ်မြောက် နိုင်ငံတော်သမ္မတ ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ လွှတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်လောက် ပါဝင်လာလဲ။

ဖြေ။ ။ ဒီကနေ လွှတ်မြောက်လာတဲ့ အကျဉ်းသားအားလုံး စုစုပေါင်းက ၆၅၂၀ ဦး ဖြစ်တယ်။ လောလောဆယ် အတည်ပြုနိုင်တာက နိုင်ငံရေးအကျဉ်းသား ၂ ယောက်ဖြစ်တယ်။ ကိုဝလုံး နှင့် ကိုကျော်စိုးဦး ၊ နောက်ပြီး မိုးညှင်းက ABSDF ကိုအောင်ဆွေဦးတို့ လွှတ်တယ်လို့လည်း ကြားတယ်။

မေး။ ။ လက်ရှိ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ကျန်မလဲ။

ဖြေ။ ။ ကျနော်တို့မှာ သတင်းအရ ၄၅ ယောက်ရှိတယ်။ ၄၅ ယောက်ရှိတော့ အခု ၂ ယောက်က အတည်ပြုနိုင်တော့ ၄၃ ယောက်ကျန်သေးတယ်။ ကျန်သေးတဲ့ လူတွေကို ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။ လက်ရှိက ၄၅ ယောက်မှာ ကိုဝလုံး ၊ ကိုကျော်စိုးဦး ၂ ယောက်က လွှတ်မြောက်သွားတယ်။ ကိုအောင်ဆွေဦး ၊ ရဲဘော်မောင်ဦး တို့ ထပ်ပါရင် လွတ်မြောက်တာက ၄၁ ယောက်ပဲ ရှိတော့မယ်။

မေး ။ ။ သမ္မတ ဦးဝင်းမြင့် တာဝန်ယူပြီးနောက်ပိုင်း ပြစ်ဒဏ်ကျနေတဲ့ အကျဉ်းသား / သူတွေ လွတ်ငြိမ်းချမ်းသာခွင့်ရာတွင် နိုင်ငံရေး အကျဉ်းသားတွေ တော်တော်များများ ပြန်လည်လွတ်မြောက်လာတဲ့အပေါ် ဘာများ သုံးသပ်ပြောဆိုချင်တာ ရှိလဲ။

ဖြေ။ ။ အခုထိ နိုင်ငံရေးအကျဉ်းသားတော်တော်များများ မလွှတ်သေးဘူး။ ဒီနေ့အဖို့တော့ လွှ တ်မြောက်ဖို့ စောင့်ကြည့်ရမယ်။ လွှတ်လာတဲ့သူအတွက်တော့ ဝမ်းသာတယ်။ ကျန်ခဲ့တဲ့သူအတွက်တော့ စောင့်ကြည့်ရမယ်။ လောလောဆယ်တော့ ပြောလို့မရသေးဘူး။ ကျနော်တို့က ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ နိုင်ငံရေးအကျဉ်းသား တစ်ယောက်ရှိနေရင် အင်မတန်များနေပြီ လို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောထားတာလေ။ အခု နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်ရှိနေတယ်။ ကျနော်တို့စာရင်း အရ ။

ဒီလူတွေ ခြွင်းချက်မရှိ လွှတ်ပေးစေချင်တယ်။ လွှတ်ပေးဖို့ တောင်းဆိုထားတယ်။ လွှတ်လည်း လွှတ်ပေးသင့်တယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာ ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် တိုင်းပြည်အတွက် ၊ အများပြည်သူအတွက် ဘာမှ ထိခိုက်မှာ မဟုတ်ဘူးလေ။ အများပြည်သူကို နှောင့်ယှက်နေတဲ့သူတွေလည်း မဟုတ်ဘူး။ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးစေချင်တယ်။

လွှတ်ပေးပြီးတော့ ဒီလူတွေကလည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ယုံကြည်ရာကို လုပ်ကိုင်ရင်း သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ အမြင်ချင်းမတူတဲ့အခါမှ အကျဉ်းထောင်ထဲကို ရောက်ခဲ့တာလေ။ ဒီလူတွေကို လွှတ်ပေးခြင်းအားဖြင့် ဘာပြဿနာမှ မရှိပါဘူး။ ဒါကြောင့် ဒီလူတွေကို ထပ်ပြီး လွှတ်စေဖို့ ကျနော်က ထပ်ပြီး တောင်းဆိုချင်တယ်။

နိုင်ငံတော်သမ္မတ လွတ်ငြိမ်းသက်သာခွင့် ၁၆/ ၂၀၁၉ ဖြင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားစာရင်းမှာ


၁။ ကျော်စိုးဦး (ခ) မိုးအောင် နိုင်ငံတော်လျို့ဝှက်ချက်ပေါက်ကြားမှု ၃/၁ ၇ နှစ် အင်းစိန်ထောင် (ရိုက်တာသတင်းထောက်)
၂။ ဝလုံး (ခ) သက်ဦးမောင် နိုင်ငံတော်လျို့ဝှက်ချက်ပေါက်ကြားမှု ၃/၁ ၇ နှစ် အင်းစိန်ထောင် (ရိုက်တာသတင်းထောက်)
၃။ အောင်ဆွေဦး တရားမဝင်အဖွဲ့အစည်းဆက်သွယ်မှု ၁၇(၁) ၂ နှစ် မိုးညှင်းထောင် (အေဘီအက်စ်ဒီအက်ဖ်)
၄။ မောင်ဦး တရားမဝင်အဖွဲ့အစည်းဆက်သွယ်မှု ၁၇(၁) ၂ နှစ် မိုးညှင်းထောင် (အေဘီအက်စ်ဒီအက်ဖ်)
၅။ မိုင်းချိုမင်းထွေး (ခ) အိုက်ယန်း တရားမဝင်အဖွဲ့အစည်းဆက်သွယ်မှု ၁၇(၁) ၂ နှစ် ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း (၈တန်းကျောင်းသား)
၆။ စိုင်းအိုက်လုံး (ခ) အိုက်လုံး တရားမဝင်အဖွဲ့အစည်းဆက်သွယ်မှု ၁၇(၁) ၂ နှစ် ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း (အသက်မပြည့် ကလေးငယ်)
၇။ ဒေါ်မြဆင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ) ၁ နှစ် ၆လ အိုးဘိုထောင် (NLD အဖွဲ့ဝင်)
၈။ နှင်းဟေမာဝင်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ) ၁ နှစ် ၆လ အိုးဘိုထောင် (NLD အဖွဲ့ဝင်)
၉။ ချောစု နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ) ၁ နှစ် ၆လ အိုးဘိုထောင် (အရပ်သား)
၁၀။ ဒေါ်ဌေး (ခ) တင်တင်ဝင်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ) ၁ နှစ် ၆လ အိုးဘိုထောင် (အရပ်သား)
၁၁။ အိုက်ကို (ခ) ဝင်းကို ဆက်သွယ်ရေးဥပဒေ ၆၇၊ နိုင်ငံတော်လုံခြုံရေးအက်ဥပဒေ ၃(၃) ၄ နှစ် တောင်ကြီးထောင် (အရပ်သား)
၁၂။စိုင်းလှထွန်း ဆက်သွယ်ရေးဥပဒေ ၆၇၊ နိုင်ငံတော်လုံခြုံရေးအက်ဥပဒေ ၃(၃) ၄ နှစ် တောင်ကြီးထောင် (အရပ်သား)
၁၃။ လုံးအော်င လက်နက်မှု ၁၂(က) ၇ နှစ် တောင်ကြီးထောင် (အရပ်သား)
၁၄။ စိုင်းစိန်နာ လက်နက်မှု ၁၂(က) ၇ နှစ် တောင်ကြီးထောင် (အရပ်သား)
၁၅။ စိုင်းစံ ဆက်သွယ်ရေးဥပဒေ ၆၇၊ လက်နက်မှု ၁၂(က) ၇ နှစ် တောင်ကြီးထောင် (အရပ်သား)
၁၆။ စိုင်းခွန် ဆက်သွယ်ရေးဥပဒေ ၆၇၊ လက်နက်မှု ၁၂(က) ၇နှစ် တောင်ကြီးထောင် (အရပ်သား)
၁၇။လုမ်စံစိုင်း တရားမဝင်ကုန်သွယ်မှု ၈၊ လက်နက်မှု ၁၂(က) ၁၀ နှစ် တောင်ကြီးထောင် (အရပ်သား)
၁၈။ စိုင်းပန ဆက်သွယ်ရေးဥပဒေ ၆၇၊ နိုင်ငံတော်လုံခြုံရေးအက်ဥပဒေ ၃(၃) ၈ နှစ် တောင်ကြီးထောင် (အရပ်သား)
၁၉။ စိုင်းထွန်းဖေ တရားမဝင်အဖွဲ့အစည်းဆက်သွယ်မှု ၁၇(၁) ၂ နှစ် လားရှိုးထောင် (အရပ်သား)
၂၀။ စိုင်းအိုက်တောင်း တရားမဝင်အဖွဲ့အစည်းဆက်သွယ်မှု ၁၇(၁) ၂ နှစ် လားရှိုးထောင် (အရပ်သား)

တို့ဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com