All News Local News

ရခိုင်မှ နေရပ်စွန့်ခွာ မွတ်စလင်များကို လက်ခံရန်နှင့် နယ်စပ်ခြံစည်းရိုး လုံအောင်ကာရန် ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ထားဟု ဝန်ကြီးပြော

ရန်ကုန်၊ မေ ၈

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံနေသည့် မွတ်စလင် ဒုက္ခသည်များကို ပြန်လည်လက်ခံရန်နှင့် နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုး လုံခြုံအောင် ကာရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ထားကြောင်း လူမှုကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်ကော်မရှင်က မေလ ၇ ရက်နေ့ ၊ ရန်ကုန်မြို့ ၊ Park Royal Hotel တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသွားသည့် သူများကို အစိုးရကနေ ပြန်လက်ခံရန် သေချာပေါက် ဆုံးဖြတ်ထားပြီးသား ဖြစ်ကြောင်း ၊ ယင်းအရေးကိစ္စကို ဘင်္ဂလားဒေ့ရှ် – မြန်မာ နှစ်နိုင်ငံအစိုးရက ညှိနှိုင်းနေပြီး သဘောတူညီချက် စာချုပ်များ ချုပ်ဆိုထားကာ လက်ခံရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ ရခိုင်မှာရှိတဲ့ နေရပ်စွန့်ခွာတဲ့သူတွေ စပြီး ထွက်ခွာကတည်းက ဒီလူတွေ မြန်မာနိုင်ငံမှာ နေသွားတယ်။ ဒီမှာနေသွားတဲ့သူတွေကို ပြန်လက်ခံပေးဖို့က ချက်ချင်းပဲ State Counsellor က ထွက်သွားရတဲ့အကြောင်းမျိုးမျိုးကြောင့် ဆိုတာ နဂိုကတည်းက ဆုံးဖြတ်ပြီးသား။ အစိုးရကနေ ဒါကိုသေချာပေါက် ပြန်လက်ခံမယ်ဆိုတာကို ယတိပြတ်ဆုံးဖြတ်ပြီးသား ဖြစ်တယ်။ အဲဒီလို ဆုံးဖြတ်ပြီးတော့ ဒါဟာမြန်မာနိုင်ငံအရေးဖြစ်တဲ့အတွက်ကြောင့် နှစ်နိုင်ငံညှိနှိုင်းတယ်။ ဘင်္ဂလားဒေ့ – မြန်မာ ၊ ညှိနှိုင်းပြီးတဲ့အခါ သဘောတူညီချက်စာချုပ် တွေ ချုပ်တယ်။ အဲ့ဒီမှာ ပြန်လာဖို့ အတွက် ပြန်လည်လက်ခံရေး အစီအစဉ် အနုစိတ် ရေးဆွဲတယ်။ဒါကိုလည်း သဘောတူညီချက်တွေ ဆောင်ရွက်ထားတယ် “ ဟု လူမှုကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောသည်။

မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး မလုံခြုံသေးဘဲ အဝင်အထွက်များရှိနေဆဲဖြစ်ကြောင်း ၊ တစ်ဖက်နိုငငံ ထွက်သွားသူများအနက်မှ မည်သူကိုမဆို အတည်ပြုစစ်ဆေးရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ ကျနော်တို့က ဒီနိုင်ငံမှာ ထွက်သွားတယ် ။ ဝင်တယ် ဒီနိုင်ငံမှာ နယ်စပ်ခြံစည်းရိုး ဆိုတာကို ကျနော်တို့ကုန်းပိုင်းကော ရေပိုင်းကော လုံအောင်ကြိုးစားသော်လည်း မလုံသေးပါဘူး ။အဝင်အထွက်တွေက အဲလိုရှိနေပါတယ်။ ဒါပေမဲ့ ကျနော်တို့လည်း အတက်နိုင်ဆုံး ဒါကိုလည်း နိုင်ငံတော်အတိုင်ပင်ခံကလည်း ခြံစည်းရိုးလုံခြုံအောင် ကြိုးစားပါ ၊ ပိုက်ဆံ ဘယ်လောက်ကုန်ပါစေ ဆိုပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါဟာအတိုင်းအတာတစ်ခုအထိအောင်မြင်ပြီ ။သို့သော်လည်း လိုအပ်နေသေးတယ်။ ယခင်က ပဋိပက္ခဖြစ်တုန်းကထွက်သွားတဲ့သူတွေရှိတယ်။ အဝင်အထွက်တွေ ရှိနေတဲ့အခါမှာ ကျနော်တို့အနေနဲ့ ပြန်လည်လက်ခံဖို့ သဘောတူညီချက် အစီအစဉ်ရေးဆွဲတဲ့အခါ ကျနော်တို့လုပ်ထားတဲ့အရာ ရှိပါတယ်။ အဲ့တော့ ဘာလဲဆိုတော့ ပြန်ဝင်လာတဲ့လူတွေအကုန်လုံးကို ပြန်လည်စီစစ်ရမယ်။ ဆိုလိုတာက ကျနော်တို့က ဒီလူတွေကို ဘယ်သူ့ကို ယုံတယ် ၊ မယုံဘူး မဟုတ်ဘူး ။ ဒါကလုပ်ရမယ့်တာဝန်ဖြစ်ပါတယ် ” ဟု လူမှုကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောသည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းအတွက် အစိုးရသစ်လက်ထက် ၂၀၀၉ – ၂၀၁၀ ခုနှစ်မှ ၂၀၁၇ – ၂၀၁၈ ခုနှစ်အထိ ဘဏ္ဍာရေး နှစ်များအတွင်း နှစ်စဉ် ခွင့်ပြု ငွေကျပ် စုစုပေါင်း ဘီလီယံ ၁၉၀ ကျော်ကို ပြည်ထဲရေးဝန်ကြီးဌာနသို့ ချထားပေးပြီး ပြည်ထဲရေးဝန်ကြီးဌာနက ကာကွယ်ရေးဝန်ကြီးဌာန ၊ စစ်အင်ဂျင်နီယာ ညွန်ကြားရေးမှူး ရုံးသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်နေကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts