All News Local News

မိုက်ကယ်ကျော်မြင့်ပါ ၂ ဦး လွတ်မြောက်နေမှု မြန်မာမွတ်စလင် အသိုင်းအဝိုင်းစိုးရိမ်

ရန်ကုန်၊ မေ ၂၄

တောင်ဒဂုံတွင် လူအုပ်စုဖြင့် အစ္စလမ် ဘာသာ ဥပုသ်ကာလ ယာယီဝတ်ပြုဆောင်များကို ပိတ်ခိုင်းခဲ့သော မိုက်ကယ်ကျော်မြင့်ပါ ၂ ဦး လွတ်မြောက်နေမှုသည် စိုးရိမ်စရာ ကောင်းကြောင်း မြန်မာမွတ်စလင် အသိုင်းအဝိုင်းက ပြောဆိုသည်။

ရန်ကုန်တိုင်းအစိုးရ တရားဝင်ခွင့်ပြုထားသော တောင်ဒဂုံ ရှိ အစ္စလမ် ဘာသာ ယာယီဝတ်ပြုဆောင် ၃ ခုကို လူအင်အားသုံး ရုန်းရင်းဆန်ခတ်ပုံစံဖြင့် ပိတ်ပင်ခဲ့သော မိုက်ကယ်ကျော်မြင့်ပါ ၂ ဦးကို တိုင်းအစိုးရက ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ထားပြီး ယင်းအမှုဖွင့်ထားမှုကို တောင်ဒဂုံရဲတပ်ဖွဲ့က မေလ ၂၃ ရက်နေ့ အမှုရင်ဆိုင်ရန် အကြောင်းကြားခဲ့ ကြောင်း၊ သို့ရာတွင် အမှုကို လာရောက်ရင်ဆိုင်ခြင်းမရှိသဖြင့် တောင်ဒဂုံမြို့နယ် တရားရုံးက ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရှိရသည်။

“ဒီလိုလူတွေ လွတ်နေတာ စိုးရိမ်စရာကောင်းတာပေါ့။ ရန်ကုန်လို နေရာကြီးမှာတောင် လူအုပ်စုနဲ့ ရုန်းရင်းဆန်ခတ်လာလုပ်တယ်။ ဒါပေမယ့် ရန်ကုန်က အင်မတန်မှ သတိကောင်းတော့ ဘယ်သူတွေ၊ ဘယ်လိုလူတွေဆိုတာ ချက်ခြင်းဖော်ထုတ်နိုင်တဲ့အပြင် အားလုံးက သည်းခံကြ တော့ သူတို့လိုချင်တာဖြစ်မလာဘူး။ နောက်ဆုံး စုစုစည်းစည်း ညီညီညွတ်ညွတ် တုံ့ပြန်ကြတဲ့အတွက် အတော်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူတို့ လုပ်ရပ် မအောင်မြင်ဘူး။ ဒါမျိုး နယ်ဒေသတွေမှာ သွားမလုပ်ဘူးလို့လည်း မပြောနိုင်ဘူး။ နယ်တွေမှာ လုပ်လို့ နယ်တွေက ရန်ကုန် လောက် သည်းခံမှု မရှိရင်ဆိုတဲ့ အတွေးမျိုး စိုးရိမ်မှု မျိုး ကျနော်တို့မှာ ရှိတယ်။ ဒီလိုလူတွေ လွတ်နေတာကို စိုးရိမ်တယ်” ဟု မြန်မာအစ္စလမ်ဘာသာရေးအဖွဲ့မှ ဦးဇော်မင်းလတ်က ပြောသည်။

မြန်မာမွတ်စလင်အသိုင်းအဝိုင်းအနေဖြင့် မိုက်ကယ်ကျော်မြင့်ပါ ၂ ဦးကို အမြန်ဆုံး ဖမ်းမိရေး၊ ရန်ကုန်မဟုတ်သည့် နယ်ဒေသများတွင် ပဋိပက္ခဖြစ်စေရန် တမင် သွေးထိုးလှုံ့ဆော်မှုများကို သတိပြုကြရန် တိုက်တွန်းသည့် ကြေညာချက်တစ်စောင် ဘာသာရေးအဖွဲ့များ ပူးပေါင်း ထုတ်ဖွယ်ရှိနေကြောင်းလည်း သိရှိရသည်။

လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမျိုးဝင်းကတော့ တောင်ဒဂုံဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိရောက်သည့် အရေးယူမှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုထားသည်။

“တိုင်းအစိုးရကိုယ်တိုင် လက်မှတ်ထိုးပြီး ဝတ်ပြုခွင့်ပေးထားတာကို ဘာမှတာဝန်မရှိတဲ့ လူရမ်းကားတစ်စုက လာရောက်ဟန့်တားပြီး ပိတ်ပင်တာကို လက်ပိုက်ကြည့်နေရတဲ့ အစိုးရဖြစ်နေရင်တော့ အစိုးရတာဝန်တွေ ဘယ်လိုထမ်းဆောင်တယ်လို့ ယုံကြည်ရပါ့မလဲ”ဟု ၎င်းက ပြောဆိုသည်။

တောင်ဒဂုံ ၂၆ ရပ်ကွက်၊ ၁၀၆ ရပ်ကွက် နှင့် ၆၄ ရပ်ကွက်ရှိ အစ္စလမ်ယာယီဝတ်ပြုဆောင်များကို မေလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တွင် မိုက်ကယ်ကျော်မြင့် ဦးဆောင်သော လူအုပ်စု အင်အား ၂၀၀ က အင်အားသုံး ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts