Local News political news

မကွေးဝန်ကြီးချုပ်နဲ့ ဝန်ကြီး ၃ ဦး မန်းရွှေစက်တော်ပွဲ လာတည်းခိုရာက အခန်းခ တောင်းလို့ လုပ်ငန်းရှင် ငွေဒဏ်ရိုက်ခံရမှု အဂတိကော်မရှင်ထံ အမတ်က ဘာလို့ တိုင်တာလဲ

မကွေးဝန်ကြီးချုပ်နဲ့ ဝန်ကြီး ၃ ဦး မန်းရွှေစက်တော်ပွဲ လာတည်းခိုရာက အခန်းခ တောင်းလို့ လုပ်ငန်းရှင် ငွေဒဏ်ရိုက်ခံရမှု အဂတိကော်မရှင်ထံ အမတ်က ဘာလို့ တိုင်တာလဲ

By ရန်ကုန်ခေတ်သစ်

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ ဝန်ကြီး ၃ ဦးကို ယမန်နှစ် မန်းရွှေစက်တော်ပွဲမှာ တည်းခိုခန်းခမပေးဘဲ တည်းခိုခဲ့မှုကို အဂတိလိုက်စားမှုအဖြစ် အရေးယူပေးဖို့ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၅ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားလိုက်ပါတယ်။

ဒီတိုင်ကြားမှုဟာ ဘယ်လိုဖြစ်ပေါ်လာခဲ့တာပါလဲ။ တကယ်ပဲ မကွေးတိုင်းအစိုးရအဖွဲ့ ဟာ တည်းခိုခန်း မပေးဘဲ တည်းခိုခဲ့တာပါလား။

၂၀၁၈ ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲ

၂၀၁၈ ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲမှာ နမ္မဒါ ၁ တည်းခိုဆောင် လုပ်ငန်းရှင်က တင်ဒါနဲ့ တည်းခိုဆောင် လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီမှာ မန်းရွှေစက်တော်ဘုရားပွဲအတွင်း မကွေးတိုင်းအစိုးရ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီးမင်းဦး၊ သယံဇာ တနှင့် သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ လူမှုရေးဝန်ကြီးဒေါက် တာခင်မောင်အေးတို့ လာရောက်ခဲ့ကြပါတယ်။ အစိုးရအဖွဲ့ ဝန်ကြီးတွေ မန်းရွှေစက်တော်ဘုရားပွဲ လာရောက်စဉ်မှာ နမ္မဒါ တည်းခိုဆောင်က စုစုပေါင်း အခန်းပေါင်း ၉၆ ခန်း ယူ တည်းခိုခဲ့ကြတယ်လို့ သိရပါတယ်။

နမ္မဒါ ၁ တည်းခိုဆောင်မှာ VIP ခန်းတွေအတွက် တစ်ရက်ကို အခန်းခ ၁ သိန်း နှုန်းသတ်မှတ်ထားတာလည်းဖြစ်တာမို့ စုစုပေါင်း ၉၆ ခန်း သင့်ငွေ ၉၆ သိန်းပေး ဖို့ လုပ်ငန်းရှင်က တောင်းတဲ့အခါ ဂေါပကအဖွဲ့က မကွေးတိုင်းအစိုးရဆီကို တောင်းခိုင်းပါတယ်။ မကွေးတိုင်းအစိုးရဆီ တည်းခိုခန်းခ တောင်းတဲ့အခါမှာ တည်းခိုဆောင်တွေ ခွင့်ပြုထားတာထက် ပိုဆောက်ထားတာ တွေ့လို့ဆိုပြီး မကွေးတိုင်းတိုင်းအစိုးရက ပေးရမယ့် အခန်းခ ၉၆ သိန်း နဲ့ ညီမျှတဲ့ ဒဏ်ငွေ ၉၆ သိန်း တပ်လိုက်ပါတယ်။

နမ္မဒါ ၁ တည်းခိုဆောင် လုပ်ငန်းရှင်က ဒဏ်ကြေး ကင်းလွတ်ခွင့် ပေးပါဆိုပြီး အသနားခံစာ တင်တဲ့အခါ ခွင့်မပြုတဲ့အပြင် ဒဏ်ကြေးငွေဟာ ၉၆ သိန်း မဟုတ်တော့ဘဲ ငွေကျပ်သိန်း ၁၅၀ ပြောင်းလိုက်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဂေါပက အဖွဲ့က နမ္မဒါ ၁ တည်းခိုဆောင်လုပ်ငန်းရှင် ကို ပွဲတော်ပြီးရင် ပြန်ထုတ်ပေးရမယ့် လုပ်ငန်း ကြိုတင် သွင်းထားငွေ ကျပ်သိန်း ၁၀၀ ကိုလည်း ပြန်ထုတ်မပေးတော့ပါဘူး။

၂၀၁၉ ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲ တည်းခိုဆောင် လုပ်ငန်း တင်ဒါ ခေါ်တော့ VIP များတည်းခိုဖို့ အထူးတည်းခိုဆောင် ၆ လုံး ၊ ရိုးရိုးတည်းခိုဆောင် ၃ ခန်း ကိုလုပ်ငန်းရှင်က မိမိကုန်ကျစရိတ် အကုန်အကျခံပြီး ပွဲတော်ကာလ မတိုင်မီ အခန်းသော့တွေ အပ်နံှ ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေပါဝင်လာတယ်လို့ သိရပါတယ်။

အဂတိ ကော်မရှင်ထံ တိုင်ကြားခြင်း

အဲဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး နမ္မဒါ ၁ တည်းခိုဆောင်လုပ်ငန်းရှင်ရဲ့ အကူအညီတောင်းခံမှုကြောင့် အမျိုးသားလွှတ်တော်အမတ် ဦးတင်အောင်ထွန်းက အဂတိကော်မရှင်ထံကို တိုင်ကြားလိုက်ပါတယ်။

မန်းရွှေစက်တော် ဂေါပကအဖွဲ့ဝင် ဦးအောင်မျိုးထွန်း ၊ ဂေါပက ဥက္ကဋ္ဌ ဦးသိန်းလှိုှုင်တို့က နမ္မဒါ ( ၁) တည်းခိုဆောင် မန်နေဂျာ ဦးခင်မောင်မြင့်ထံ ပေးပို့တဲ့ စာ ၅ စောင်ကို အထောက်အထားအတိအကျနဲ့ တိုင်ကြားလိုက်တာလည်းဖြစ်ပါတယ်။

အဂတိကော်မရှင်ထံ မတိုင်ကြားခင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့မှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံသို့ နိုင်ငံရေးရာထူး လက်ရှိ ဖြစ်သူ ၊ ရာထူး ဆိုင်ရာ လုပ်ပိုင်ခွင့် အလွဲသုံးစား ပြုတဲ့ အဂတိလိုက်စားမှု အဖြစ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ တင်ပြခဲ့ပါသေးတယ်။

ဦးတင်အောင်ထွန်းကတော့ ဒေါက်တာအောင်မိုးညိုနဲ့ တိုင်းဝန်ကြီးတွေဟာ နိုင်ငံရေးရာထူးလက်ရှိ ဖြစ်သူတွေဖြစ်ပြီး နိုင်ငံတော်သမ္မတရဲ့သဝလွှာစကားများအတိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က မျက်နှာကြီးငယ်မလိုက်ဘဲ ဥပဒေနဲ့ အညီ ပြတ်ပြတ်သားသားဆောင်ရွက် ပေးနိုင်မယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

“ကျနော် လွှတ်တော်ဥက္ကဋ္ဌဆီကို တင်တာ ကြာပြီ ၊ မနှစ်က ၂၀၁၈ က တင်ထားတာ။ အခုမှ အဂတိကော်မရှင်ရဲ့ ၂၀၁၈ ခုနှစ်အတွက် လုပ်ငန်းအစီအရင်စာပေါ်မှာ ဆွေးနွေးခဲ့တာမှာ ဒီကိစ္စက အခုလိုမျိုး စိတ်ဝင်စားကြတာပါ။ ကျနော် အဂတိလိုက်စားမှု ဥပဒေ ပုဒ်မ ၄၃ (ခ) အရ လွှတ်တော်ဥက္ကဋ္ဌ တင်တဲ့ ကိစ္စပါ။ အခုအချိန်ထိတော့ အဂတိလိုက်စားမှု ကော်မရှင်က ဒါနဲ့ ပတ်သက်ပြီး ဆောင်ရွက်ထားတယ်ဆိုတာ ကျနော်ဘာမှ မသိရသေးဘူး။ ကော်မရှင် ဥက္ကဋ္ဌက လွှတ်တော် ဆွေးနွေးချက်နဲ့ ပတ်သက်ပြီး ပြန်လည်ရှင်းလင်းဖို့ ဆိုပြီး လာတဲ့အခါမှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ထည့်သွင်းမပြောသွားဘူး” လို့ ဦးတင်အောင်ထွန်းက ဆိုပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၃ ပုဒ်မခွဲ ခ ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ နိုင်ငံရေးရာထူး လက်ရှိ တစ်ခုခုအပေါ် အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာ လာခြင်း ၊ ရာထူးဆိုင်ရာ လုပ်ပိုင်ခွင့် အလွဲသုံးစားမှု ပြုခြင်း သို့မဟုတ် အဂတိလိုက်စားမှု ကျုးလွန်ကြောင်း နဲ့ စပ်လျဉ်း၍ ဥပဒေနဲ့ အညီ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌ သို့ တင်ပြခွင့် ရှိတယ်လို့ ပါရှိသလို ပုဒ်မ ဂ မှာ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌသည်( ၁ )ပုဒ်မခွဲ ခ ပါ တင်ပြချက်ကို လက်ခံ ရရှိသည့်အခါ လိုအပ်သလို စုံစမ်းစစ်ဆေးပြီး တင်ပြရန် ကော်မရှင်ကို တာဝန်ပေးအပ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါ့အပြင် ကော်မရှင်ရဲ့ တင်ပြချက် အရ မည်သူကို မဆို အဂတိလိုက်စားမှုဖြင့် ကြွယ်ဝ ချမ်းသာလာခြင်း ၊ ရာထူးဆိုင်ရာ လုပ်ပိုင်ခွင့် ကို အလွဲသုံးစား ပြုကြောင်း ( သို့မဟုတ်) အဂတိလိုက်စားမှု ကျူးလွန်ကြောင်း တွေ့ရှိပါက ထိုသူအား သက်ဆိုင်ရာက တရားဥပဒေနဲ့ အညီအရေးယူ နိုင်ရေးအတွက် အကြောင်းကြားရမယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။

မကွေးတိုင်းအစိုးရက ဘာပြောလဲ

မကွေးတိုင်းအစိုးရကတော့ အမတ်ဦးတင်အောင်ထွန်းရဲ့ တိုင်ကြားချက်ကို ရင်ဆိုင်ဖြေရှင်းမယ်လို့ ပြောဆိုသွားပါတယ်။ မေလ ၂၄ ရက်နေ့မှာ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက အဂတိ ကော်မရှင်ထံ တိုင်ကြားခံရမှုကို သူ့အနေနဲ့ ဥပဒေကြောင်းအရ ဖြေရှင်းမယ်လို့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီးပြောဆိုသွားပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာအောင်မိုးညိုက ရွှေစက်တော် ဘုရားပွဲတော်ချိန်တိုင်း နမ္မဒါ ၁ နှင့် နမ္မဒါ ၂ တို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အထူးဧည့်သည်များအတွက် နှစ်စဉ် အခန်း ၄ ခန်းစီ အစိုးရအဖွဲ့ရဲ့ ငွေနဲ့ တည်ဆောက်စေလေ့ရှိကြောင်း၊ အထူးဧည့်သည် တွေ လာမည်ဆိုပါက ၂၄ နာရီ ကြိုတင် အကြောင်းကြားရလေ့ရှိပြီး အထူးဧည့်သည် မလာရောက်တဲ့ နေ့တွေမှာ လုပ်ငန်းလုပ်ခွင့်ရသူက အခန်းတွေ အငှားချထားလေ့ရှိကြောင်း၊ ပွဲတော်ကာလအတွင်း အဲဒီလိုအခန်းငှားချရာက ရတဲ့ငွေက အစိုးရအဖွဲ့ စိုက်ထုတ်ငွေထက် ပိုလျှံရင် ဘုရားကြီးအတွက် လှူဒါန်းရကြောင်း၊ ဒါဟာ အစဉ်အလာဖြစ်ပြီး လုပ်ငန်းလုပ်ခွင့်ရသူနဲ့ ဂေါပက အဖွဲ့အကြား သဘောတူညီမှု ရှိပြီးဖြစ်တယ်လို့ ဒေါက်တာအောင်မိုးညိုကဆိုပါတယ်။

၂၀၁၈ ခုနှစ် ရွှေစက်တော်ပွဲတော်ကာလက နမ္မဒါ (၁) တည်းခိုဆောင် လုပ်ကိုင်ခွင့်ရသူဟာ သတ်မှတ်စည်းကမ်းကို ကျော်လွန်ပြီး အခန်းတွေ ပိုဆောက်ခဲ့ကြောင်း၊ ဂေါပကအဖွဲ့က အမှန်တကယ် စည်းမျဉ်းစည်းကမ်းနှင့်အညီ တပ်ရိုက်ရမည့် ဒဏ်ကြေးငွေထက် လျော့ချ၍ လုပ်ငန်းရှင်အား ကျပ်သိန်း ၁၅၀ ဒဏ်ကြေးဆောင်စေခဲ့ကြောင်း၊ ထိုသို့ဒဏ်ကြေးဆောင်စေရန် ညွှန်ကြားထားတဲ့အတွက် လုပ်ငန်းရှင်က တည်းခိုဆောင်လုပ်ကိုင်ခွင့် စပေါ် ငွေကျပ် သိန်း ၁၀၀ ကို ဂေါပကအဖွဲ့က ပြန်လည်ထုတ်ယူခွင့် မပေးခဲ့ဘူးလို့ ဆိုပါတယ်။

နောက်ဆက်တွဲအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေကို အခကြေးငွေမပေးဘဲ တည်းခိုတယ်လို့ တိုင်ကြားခံရတာဖြစ်ကြောင်း ၊ မကွေးတိုင်းအစိုးရအနေနဲ့ တိုင်ကြားခံရမှုအတွက် ဥပဒေကြောင်းအရ ပြန်လည်တုံ့ပြန်ဖို့ စဉ်းစားနေကြောင်း ပြောဆိုသွားပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ တုံ့ပြန်ချက်

အဂိတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ အဖွဲ့ဝင် ဖြစ်တဲ့ ဦးဟန်ညွှန့် (ဥပဒေ)ကတော့ မကွေးတိုင်းဝန်ကြီးချုပ်၊ ဝန်ကြီး ၃ ဦး နဲ့ပတ်သက်တဲ့ တိုင်ကြားစာ ရောက်၊ မရောက် မသိသေးဘူးလို့ဆိုပါတယ်။

တကယ်လို့ တိုင်ကြားမှုရှိတယ်ဆိုရင်တော့ စုံစမ်းစစ်ဆေးမှုတွေ ရှိမှာ အသေအချာဖြစ်တယ်လို့ ဆိုပါတယ်။ လတ်တလောအနေနဲ့တော့ တိုင်ကြားစာ ဝင်၊ မဝင် မသိတဲ့အတွက် လာမယ့် တနင်္လာနေ့ ပြန်လည် ဆက်သွယ်ဖို့ ပြောဆိုပါတယ်။

ဓာတ်ပုံ- မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို။
Photo Credit – GNLM

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts