All News Local News

ဖွဲ့စည်းပုံ ထောက်ခံပွဲ ဝေဖန်ပို့စ်ကို ရှယ်သူ အလှဖန်တီးရှင် ၁ ဦးကို ကြံ့ခိုင်ရေး ပါတီနှင့် အရန်မီးသတ်အဖွဲ့ဝင် ၁ ဦးက ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်

ရန်ကုန်၊မေ ၁

ိပဲခူးတိုင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ထောက်ခံပွဲကို ဝေဖန်ပို့စ်ရှယ်သူ အလှဖန်တီးရှင် ၁ ဦးကို ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး နှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးတို့က ဆက်သွယ်ရေး ဥပဒေဖြင့် ရဲစခန်း ၂ ခုတွင် အမှုဖွင့်လိုက်ကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင် ဧပြီလ ၂၇ ရက်နေ့ ကြံ့ခိုင်ရေးပါတီက ဦးဆောင် ပြုလုပ်ခဲ့သော ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ၊ အခြေခံဥပဒေ ထောက်ခံဆန္ဒပြပွဲကို ဝေဖန်ထားသည့် ပို့စ်ကို ရှယ်မိသူ အလှဖန်တီးရှင် ရွှေထိုက်( ခေါ်) ကိုကျော်လင်းထိုက်ကို ဇီးကုန်းမြို့နယ် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးဇော်လင်းထွန်းက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၈ (က) ဖြင့် ဇီးကုန်းရဲစခန်းတွင်လည်းကောင်း၊ နတ်လင်းမြို့နယ်မှ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးအောင်ကျော်မင်း(ခ) မိုးကြီးက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃဖြင့် နတ်တလင်း ရဲစခန်းတွင် လည်းကောင်း ဧပြီလ ၃၀ ရက်နေ့ တွင် အမှုဖွင့်လိုက်ကြောင်း သိရှိရသည်။

ကြံ့ခိုင်ရေးပါတီက ဦးဆောင်သည့် အခြေခံဥပဒေ ထောက်ခံ ဆန္ဒပြပဲကို Nyi Shatt အကောင့်ပိုင်ရှင်က ” မြန်မာနိုင်ငံမှာ ငွေ ၂ ထောင်ရဖို့ အရေး မလွယ်တာပါလား၊ ဒါကြောင့်လည်း ပြည်သူတိုင်းလိုလို ငွေနောက်ချည်း အသည်းအသန်လိုက် ဘာလုပ်ရ လုပ်ရ စရိုက်ပျက်လာကြတာ မဆန်းတော့ပါဘူး။ မနေ့က ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်း ခြေ/ ဥ ထောက်ခံပွဲ ဆန္ဒပြကြတာဟာ လူတစ်ဦး ငွေ ၂၀၀၀ တည်းတဲ့ ” ဟု ဝေဖန်ထားပြီး ယင်းဝေဖန်ချက်ကို အလှဖန်တီးရှင် ရွှေထိုက်(ခ) ကိုကျော်လင်းထိုက်က လူမှုကွန်ရက်စာမျက်နှာတွင် ရှယ်လိုက်ခြင်းဖြစ်သည်။

ယင်းသို့ ရှယ်သည့်အတွက် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၈ (က) ဖြင့် ကြံ့ခိုင်ရေးပါတီ၏ ဇီးကုန်းမြို့နယ် အတွင်းရေးမှူး ဦးဇော်လင်းထွန်းက အလှဖန်တီးရှင် ရွှေထိုက်(ခ) ကိုကျော်လင်းထိုက်ကို ဧပြီလ ၃၀ ရက်နေ့ ဇီးကုန်းရဲစခန်းတွင် အမှုဖွင့်လိုက်သည်။

“မနေ့က အမှုလာဖွင့်သွားတယ်။ ကျနော်တို့ မကြာခင် နတ်တလင်းမှာ နေတဲ့ အလှဖန်တီးရှင် ရွှေထိုက်ကို ခေါ်စစ်ပါ့မယ်။ သူက ဝေဖန်ထားတဲ့ ပို့စ်ကို ပြန်ရှယ်တာပေါ့။ အဲဒါကြောင့် ဆက်သွယ်ရေးဥပဒေနဲ့ လာတိုင်တာ” ဟု ဇီးကုန်းမြို့နယ် ရဲစခန်းမှူး ဒုရဲမှူး ဇော်သန်းနိုင်က ပြောသည်။

အလားတူ Nyi Shatt အကောင့်က ကြံ့ခိုင်ရေးပါတီ၏ ဇီးကုန်း အခြေခံဥပဒေ ထောက်ခံ ဆန္ဒပြပွဲနှင့်ပတ်သက်၍ “ဒီကနေ့ မနက် နတ်တလင်းမြို့ ဖွတ်ယ/ဥ ထောက်ခံပွဲကို ဦးဆောင်လုပ်သွားတဲ့သူက မီးသတ်တပ်ဖွဲ့မှူး မိုးကြီးဆိုသူ ဖြစ်ပြီး မီးသတ် အရန်တပ်ဖွဲ့ဝင်တွေနဲ့ (မဘသ) မျိုးချစ်လူငယ်တွေကို ငွေပေး စည်းရုံးပြီးတော့ လုပ်သွားတာတဲ့ ခင်ဗျာ” ဟု ဝေဖန်ရေးသားထားသည်ကို အလှဖန်တီးရှင် ရွှေထိုက် က “မှုခင်းသတင်းထောက်ဆွာ အာ့လို လုပ်ရတာပေါ့နော်” ဟု စာသား ရေးသားပြီး ထပ်မံရှယ်ခဲ့သဖြင့် အရန် မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူးလည်းဖြစ်၊ မှုခင်းသတင်းထောက်လည်းဖြစ်သူ ဦးအောင်ကျော်မိုးက နတ်တလင်းရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃဖြင့် အမှုဖွင့်ခြင်းဖြစ်သည်။

“ဒီလို ပို့စ်ရှယ်ရုံနဲ့ အမှု နှစ်မှု အဖွင့်ခံထားရတယ်။ ကျနော်ရင်ဆိုင်သွားမှာပါ” ဟု အလှဖန်တီးရှင် ရွှေထိုက်(ခေါ်) ကိုကျော်လင်းထိုက်က ပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts