All News Local News

ဖုယွင်အလုပ်သမားသပိတ် ဦးဆောင်သူ ၄ ဦးကို ငွေဒဏ် ၂ သောင်း(သို့မဟုတ်) ထောင်ဒဏ် ၁၅ ရက်ကျခံရန် အမိန့်ချ၊ ဘိုကလေးဦးအောင်မြင့်က ထောင်ကျခံမည်

ရန်ကုန်၊ မေ ၁၇

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ဖုယွင်အထည်ချုပ်စက်ရုံတွင် ဖြစ်ပွားခဲ့သော အလုပ်သမားသပိတ်ကို ဦးဆောင်ခဲ့သော တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးက ငွေဒဏ် ၂ သောင်း ပေးဆောင်ရန် မပေးဆောင်ပါက ထောင်ဒဏ် ၁၅ ရက်ကျခံရန် အမိန့် ချလိုက်ကြောင်း သိရှိရသည်။

ဦးအောင်မြင့် (ဘိုကလေး) ၊ ဦးမြတ်ကျော်၊ ဦးသက်ဦးမောင်၊ ဦးဇေယျာဖြိုးတို့ကို ကျောက်တံတားမြို့နယ်တွင် ခွင့်ပြုချက်မရှိဘဲ ဖုယွင် အလုပ်သမားသပိတ် ဦးဆောင် ဆန္ဒပြခဲ့သည်ဟုဆိုကာ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယနေ့ အမိန့်ချလိုက်ခြင်းဖြစ်သည်။

“ဦးအောင်မြင့်ကတော့ ဒဏ်ငွေ မဆောင်ဘဲ ထောင်ကျခံမယ်။ ကျန်တဲ့သူ ၃ ဦးက ဒဏ်ငွေ ဆောင်လိုက်တယ်” ဟု တက်ကြွလှုပ်ရှားသူ ဦးမြတ်ကျော်က ဆိုသည်။

ဖုယွင် အလုပ်သမားသပိတ်သည် အလုပ်သမားနှင့် တရုတ်အလုပ်ရှင် အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သပိတ်မှောက် တောင်းဆိုမှုများကြောင့် နောက်ဆုံးတွင် ရန်ကုန်တိုင်းအစိုးရက ကြားဝင်ကာ ပြေလည် မှု ရရှိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်စဉ်က ဆန္ဒပြမှုများအတွက် မည်သူတစ်ဦးတစ်ယောက်ကိုမှ အရေးမယူဟု ပြောဆိုခဲ့သော်လည်း ယနေ့တွင်မူ ဦးအောင်မြင့်၊ ဦးမြတ်ကျော်၊ ဦးသက်ဦးမောင်နှင့် ဦးဇေယျာဖြိုးတို့ကို ပုဒ်မ ၁၉ ဖြင့် အမိန့်ချမှတ်မှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- ယနေ့ ကျောက်တံတားတရားရုံးတွင် တက်ကြွလှုပ်ရှားသူများကို တွေ့မြင်ရစဉ်။ Photo Credit – Mg Ygn

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts