All News Local News Peace

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ် တစ်ရပ် တိုင်းရင်းသားများ ရေးဆွဲမည်

ရန်ကုန်၊ မေ ၁၈

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ် တစ်ရပ်ကို တိုင်းရင်းသားများ က ရေးဆွဲပြီး အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များနှင့် ဆွေးနွေး သဘောတူညီမှု ရယူရန် ထိုင်းနိုင်ငံ ချင်းမိုင်တွင် ကျင်းပသော NCA S-EAO အစည်းအဝေးက ကြေညာချက်ထုတ်ပြန်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ စတုတ္ထအကြိမ် အစည်းအဝေး (ပထမပိုင်း)ကို ၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးပြီးတွင် အချက် ၅ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသည့် တစ်ဆို့မှုများ ဖြေရှင်းကျော်လွှားနိုင်ရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်တစ်ရပ် စနစ်တကျရေးဆွဲချမှတ်ပြီး အစိုးရ၊ တပ်မတော်ခေါင်းဆောင်များနှင့် ဆွေးနွေးသဘောတူညီမှုရယူရန် သဘောတူခဲ့ကြကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့၏ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လွှတ်တော်မှ ပြဌာန်းလိုက်သော ဥပဒေများသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာအခြေခံမူများနှင့် သဟဇာတ ဖြစ်ရန်လိုအပ်ကြောင်း အလေးထား ဆွေးနွေးခဲ့ကြပြီး အကောင်အထည်ဖော်လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် NCA-S EAO များကိုင်စွဲထားသည့် မည်သည့်သက်ဆိုင်သူများကိုမျှ ချန်လှပ်မထားရေး အခြေခံမူ (Non-Exclusive Principle) အရ အခြားသော ညီနောင်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများ အားလုံး ပါဝင်ဆွေးနွေးနိုင်သော ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အကောင်အထည်ဖော်မှုဆိုင်ရာ စုဖွဲ့မှုတစ်ခုဖွဲ့စည်းနိုင်ရေးအတွက် အလုပ်အဖွဲ့တစ်ရပ်ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။

NCA-S EAO ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးအစည်းအဝေး (ပထမပိုင်း)တွင် ဆွေးနွေးရန်ကျန်ရှိနေသေးသော အကြောင်းအရာများကို ဆက်လက်ဆွေးနွေးနိုင်ရေးအတွက် ထိပ်သီးအစည်းအဝေး စတုတ္ထအကြိမ် (ဒုတိယပိုင်း) ကို အမြန်ဆုံးခေါ်ယူကျင်းပသွားရန် NCA-S EAO ခေါင်းဆောင်များမှ တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com