All News Editorial

ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲ လုပ်ပါ

အယ်ဒီတာ့အာဘော်

ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲ လုပ်ပါ

NLD အစိုးရ၏ ၃ နှစ်တာ ကာလအတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟုဆိုသော်လည်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အပိုင်းတွင် ပြုပြင်ပြောင်းလဲမှုက နည်းပါးလွန်းလှသည်။ ထင်သာမြင်သာရှိသော ပြောင်းလဲမှုဟု ပြပါဆိုလျှင်လည်း ပြစရာမရှိပေ။

မကြာသေးမီကမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးအောက်မှ ခွဲထုတ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ ရုံး ဝန်ကြီးဌာနလက်အောက်သို့ ထည့် သွင်းနိုင်ခဲ့သည်။ သို့သော်လည်း ရလဒ် တစ်စုံတစ်ရာ မမြင်ရသေးဘဲ ဝန်ကြီးဌာနကိုယ်တိုင်က ပြုပြင်ပြောင်းလဲရေးအတွက် ဟန်ပြင်နေရဆဲဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနသည် ရွေးကောက်ခံ အစိုးရ၏ လက်အောက်တွင် ရှိပြီး ပြည်ထဲရေး ဝန်ကြီးသည်လည်း သမ္မတက ခန့်အပ်၍ သမ္မတအား တာဝန်ခံရသည်။

သို့သော် အခြေခံဥပဒေ ပုဒ်မ ၂၃၂ ပါ ပြဋ္ဌာန်းချက်များအရ သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သားများကိုသာ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီး အဖြစ် ခန့်အပ်နိုင်သည်ဆိုသော ပြဋ္ဌာန်းချက်ရှိသည်။

ပြည်ထဲရေးဝန်ကြီးသည် တပ်မတော်သားဖြစ်စေကာမူ သူသည် သမ္မတ၏ အမိန့်ကို နာခံရမည်ဖြစ်ပြီး သမ္မတနှင့် ပြည်ထောင်စုအစိုးရက ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေးများ တွင် လိုက်ပါဆောင်ရွက်ရမည်ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၉ တွင် ပြည်ထောင်စုအစိုးရသည် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်သည် ဟု ပြဋ္ဌာန်းထားရာ ပြည်ထဲရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှုများသည် အစိုးရ၏ ဆောင်ရွက်မှု၊ တစ်နည်းအားဖြင့် သမ္မတ၏ ဆောင်ရွက်မှုသာဖြစ်သည်။

လက်ရှိ ပြည်တွင်း တွင် ဖြစ်ပေါ်နေသော တရားဥပဒေ စိုးမိုးမှု အားနည်းနေသည့်ဖြစ်စဉ်များသည် ပြည်ထဲရေးတွင် တာဝန်ရှိသည်။ တစ်နည်းအားဖြင့် NLD အစိုးရတွင် တာဝန်ရှိသည်။

ပြည်ထဲရေးသည် တပ်မတော်လက်အောက်တွင် ရှိသည်ဆိုသော ဝေဖန်မှုများမှာ ဥပဒေအရ လွဲမှားသည်ဟု ဆိုရပေမည်။ အခြေခံဥပဒေ ပုဒ်မ ၂၀၀ (ဂ) ပြည်ထောင်စုဝန်ကြီးများသည် ပြည်ထောင်စုအစိုးရ (သို့မဟုတ်) လက်ရှိ NLD အစိုးရ၏ အစိတ်အပိုင်းပင်ဖြစ်သည်။

NLD အစိုးရ ၃ နှစ်တာ ကာလအတွင်း တရားဥပဒေစိုးမိုးမှု အားနည်းပြီး ပြည်ထဲရေးသည် အာဏာရှင်ပုံစံအတိုင်း ကျင့်ကြံနေဆဲဟု ပြည်သူလူထုက မြင်နေဆဲဖြစ်သည်။ ပြည်ထဲရေး သည် ပြည်သူလူထု၏ အားကိုး ယုံကြည်မှု မရရှိသေးပေ။

ပြီးခဲ့သည့် ၃ နှစ်တာကာလဖြစ်စဉ်များတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ကိုင်တွယ်မှုများအနက် ဆိုးဝါးသော အားနည်းမှုများစွာရှိပြီး ယင်းတို့ကို ပြန်ပြောင်းပြောမည်ဆိုပါက ပြောမကုန်နိုင်ပေ။ လတ်တလော ဖြစ်စဉ်များကိုသာ ထောက်ပြလိုပါသည်။

မေလ ၈ ရက်နေ့နှင့် ၉ ရက်နေ့က ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် ဆူပူမှုသည် ချိတ်ဆက်မှုများနှင့် သွေးထိုးလှုံ့ဆော်မှုများရှိကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။ အကျဉ်းထောင်များသည် အကျဉ်းဦးစီးဌာန လက်အောက်တွင် ရှိသည်။ အကျဉ်းဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင်ရှိသည်။ သို့ဖြစ်၍ ထောင်ဆူပူမှုများအတွက် တာဝန်ခံခိုင်းရမည့်သူမှာ ပြည်ထဲရေးဝန်ကြီးသာဖြစ်သည်။

အလားတူ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ နှင့် ရဲတပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားသော ရုန်းရင်းဆန်ခတ်မှုများတွင်လည်း တာဝန်အရှိဆုံးမှာ ကိုင်တွယ်ထိန်းသိမ်းရသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြစ်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင်ရှိသည်။ ထို့ကြောင့် ယင်းရုန်းရင်းဆန်ခတ်ဖြစ်စဉ်တွင်လည်း တာဝန်ခံခိုင်းရမည့်သူမှာ ပြည်ထဲရေးဝန်ကြီး သာဖြစ်သည်။

မနီလာသိန်းနှင့် လူငယ်များ အမှုဖွင့် ခံရသည့်ဖြစ်စဉ်များတွင် လည်း ပြန်လည်သုံးသပ်မည်ဆိုပါက မည်သူ့တွင် တာဝန်ရှိသည်ကို တွေ့နိုင်သည်။

မေလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့ တောင်ဒဂုံ လူအင်အားသုံး၍ အစ္စလမ် ဝတ်ပြုဆောင်များ ပိတ်ပင်ခြင်းဖြင့် အဓိကရုဏ်းဖြစ်ပွားအောင် လှုံ့ဆော်မှုများကို ချက်ချင်းဆိုသလို ထိထိရောက်ရောက် အရေးမယူဘဲ ကြန့်ကြာနေမှုသည်လည်း ပြည်ထဲရေးတွင် တာဝန်ရှိသည်။ ယခုအချိန်အထိလည်း ပြည်ထဲရေးက အဓိကရုဏ်းဖြစ်ပွားအောင် လှုံ့ဆောင်ခဲ့သူ မိုက်ကယ်ကျော်မြင့်ပါ ၂ ဦးကို မဖမ်းဆီး နိုင်သေးပေ။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ခြိမ်းခြောက်ပြီး ရပ်ရွာအေးချမ်းတည်ငြိမ်ရေးကို ခြိမ်းခြောက်နေသော အစွန်းရောက် အမျိုးသားဝါဒီများကို အရေးမယူဘဲ လွတ်လပ်စွာ လှုပ်ရှားခွင့် ပေးထားခြင်းသည်လည်း ပြည်ထဲရေးတွင် တာဝန်ရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပုဒ်မ ၂၃၅ (ဂ) တွင် နိုင်ငံတော်သမ္မတသည် ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး (သို့မဟုတ်) ဒုဝန်ကြီးတစ်ဦးဦးအား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှ ရပ်စဲရမည်ဟု ဖော်ပြထားသည်။

ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး သမ္မတ၏ ညွှန်ကြားမှုများ အရာမထင်ပါက သမ္မတသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အတိုင်း ဆောင်ရွက်နိုင်သည်ဖြစ်ရာ ပြည်ထဲရေးဝန်ကြီးကို အမြန်ဆုံး ပြောင်းလဲသင့်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ ဝန်ကြီးအသစ် အမည်စာရင်းထပ်မံ တောင်းခံပြီး စိတ်တိုင်းကျသော သူကိုသာလျှင် ပြည်ထဲရေးဝန်ကြီး အဖြစ် ခန့်အပ်သင့်သည်။ ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲ လုပ်ခြင်းဖြင့် သမ္မတအနေဖြင့် ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်မှုကို ထင်သာမြင်သာရှိစေမည်။

ခန့်အပ်သော ပြည်ထဲရေးဝန်ကြီးသစ်သည် စိတ်တိုင်းမကျပါက ထပ်မံ ဖြုတ်ပယ်ပြီး ထပ်မံ ခန့်အပ်နိုင်သေးသည်။ စိတ်တိုင်းကျသည်အထိ အကြိမ်ပေါင်းများစွာ သမ္မတအနေဖြင့် ပြည်ထဲရေးဝန်ကြီးကို အပြောင်းအလဲ လုပ်ခွင့်ရှိသည်။

ပြည်ထဲရေးဝန်ကြီးဌာနသည် NLD အစိုးရ (သို့မဟုတ်) ပြည်ထောင်စုအစိုးရ လက်အောက် တွင် မရှိဆိုသော နိုင်ငံရေးအရ ဝေဖန်မှုများကို ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲ လုပ်ခြင်းဖြင့် ဖယ်ရှားနိုင်သည်။

လက်ရှိ အခြေအနေသည် ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲ လုပ်ရန် မဖြစ်မနေ လိုအပ်ပါကြောင်း ရန်ကုန်ခေတ်သစ်က မီးမောင်းထိုးပြလိုက်သည်။

ဓာတ်ပုံ- လက်ရှိ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com