Local News Peace political news

ပုဏ္ဏားကျွန်းမြို့တွင် တပ်မတော်စစ်ယာဉ်တန်း ယနေ့ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပစ်ခတ်မှုများကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်

ရန်ကုန်၊ မေ ၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်- အမ်း- စစ်တွေ ကားလမ်းမပေါ် သရက်ချိုကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းက စစ်ကားတန်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီး ပစ်ခတ်မှုများ ဖြစ်ပွားသဖြင့် သရက်ချိုကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရှိရသည်။

ယနေ့ နံနက် အစောပိုင်း ရန်ကုန်- အမ်း- စစ်တွေ ကားလမ်းမ ပေါ် ဖြတ်သန်းလာသော စစ်ယာဉ်တန်းသည် သရက်ချိုကျေးရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း ၊ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်မှုများဖြစ်ပွား၍ သရက်ချိုကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်မှုများရှိကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

“ပေါက်ကွဲသံက နှစ်ကြိမ်ကြားရတယ်။ ကားလမ်းက ရန်ကုန်- စစ်တွေ- အမ်း ကားလမ်းပေါ့။ လက်နက်ကိုင်အချင်းချင်း ဖြစ်တာက ပြဿနာမရှိပေမယ့် ဒေသခံတွေ အတွက် ပစ်ခတ်မှုတွေဖြစ်တော့ စိုးရိမ်ပြီး ထွက်ပြေးတာတွေရှိတယ်။ အရပ်သားတွေ အတွက် စိုးရိမ်တယ်” ဟု ဦးခင်မောင်လတ်က ဆိုသည်။

စစ်ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် တပ်မတော်သားကျဆုံးသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းသတင်းများမှာ မဟုတ်မှန်ကြောင်း၊ ဝါဒဖြန့်သည့်အနေဖြင့် သတင်းမှားများ ထုတ်လွှင့်ခြင်းဖြစ်ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းမှာ မှန်ကန်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

“ဒီနေ့မနက်မှာ ဖြစ်တာ ။ ကျဆုံးတာ ၊ ဒဏ်ရာရတာတော့မရှိဘူး။ မိုင်းခွဲ တိုက်ခိုက်ခံရတာက မှန်တယ်။ စစ်ကြောင်းတစ်ကြောင်းက လမ်းဆုံကြော တွေ လုပ်ဖို့ နဲ့ နယ်မြေရှင်းလင်းဖို့အတွက် ရိုးဂူကနေ ထွက်တဲ့အခါ ရိုးဂူနဲ့ သရက်ချိုကြားထဲမှာ ဖြစ်တာပါ။ တပ်မတော်သား ၈ ဦး ကျဆုံးတာ မဟုတ်ဘူး။ အဲ့တာက ဝါဒဖြန့်တာပါ။ ဘာမှ ထိခိုက်ဒဏ်ရာ ရတာ မရှိဘူး။ မိုင်းခွဲတိုက်ခံရတာတော့ မှန်တယ်” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ယာဉ်တန်းများကို မိုင်းဆွဲတိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ယမန်နေ့ကလည်း ကျောက်တော်မြို့နယ်ထဲတွင် စစ်ယာဉ်တန်းကို မိုင်းခွဲ တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့သေးသည်။

ဓာတ်ပုံ- မေလ ၄ ရက်နေ့ ရန်ကုန်- စစ်တွေ ကားလမ်းမ ပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသော တပ်မတော် စစ်ကားတစ်စီး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com